ကျွန်းတိုက်ပွဲ
စာအုပ်အမည် ကျွန်းနှင့် အခြားဝတ္ထုတိုများ
စာရေးဆရာအမည် ဖေမြင့်
ထုတ်ဝသူ ဦးဖေမြင့် (ဝ၂၂၅၉)
ဖေမြင့်စာပေ
၅၁၆၊အဝေရာလမ်း၊ အင်းစိန်၊ ရန်ကုန်မြို့
မျက်နှာဖုံးခွင့်ပြုချက် ၈၀၅/၉၉ (၁၂)
ထုတ်ဝေ ဒုတိယအကြိမ်
၂ဝဝဝ ခုနှစ်၊ သြဂုတ်လ
အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၁၀၀ ကျပ်
(က)
ဆရာဖေမြင့်အား
`မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကြင့်အကြံ´ စသည့် တက်ကျမ်းများရေးသူ။
`ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်´ စသည့် … အောင်မြင်ကြီးပွားရေး
နည်းနာများအား ဝတ္ထုဇာတ်အိမ်အတွင်း နှစ်ထည့်၍ ကျမ်းဝတ္ထုများ ရေးသူအဖြစ်နှင့်
ကျနော် မကျွမ်းဝင်….။ ကျနော်က ဆရာဖေမြင့်အား ဝတ္ထုတိုဆရာတဦးအဖြစ်နှင့်သာ
စွဲလန်းနှစ်ခြိုက်၍ နေခဲ့သည်။ ဆရာ၏ ဝတ္ထုတိုများကိုလည်း
လစဉ်ထုတ်မဂ္ဂဇင်းများတွင် ရှာရှာဖွေဖွေ၊ သိမ်းသိမ်းဆည်းဆည်းနှင့်
ဖတ်ခဲ့သည်သာ….။
ဆရာဖေမြင့်၏ ဝတ္ထုတိုစုစည်းမှုစာအုပ်များ
ထွက်လျှင်လည်း ဝယ်ယူရသမျှ ဝယ်ယူသိမ်းဆည်းထားတတ်သည်။ `ဆတ်သေချောင်း ဒဏ္ဍာရီ´၊
`ကျွန်းနှင့် အခြားဝတ္ထုတိုများ´ စသည့် ဆရာဖေမြင့်၏ ဝတ္ထုတိုစုစည်းမှု
စာအုပ်များက ကျနော် မကြာမကြာ ပြန်ပြန်ဖတ်ဖြစ်သည့် စာအုပ်များဟု ဆိုရမည်။
(ခ)
`ကျွန်းနှင့်
အခြားဝတ္ထုတိုများ´ တွင် ဝတ္ထုတို ၆ ပုဒ် ပါရှိသည်။ ကျွန်း၊ ရွှေ၊
နောက်ဆုံးတိုက်ပွဲ၊ လက်မရွှံ့၊ လူမိုက်ဘတုတ်နှင့် သူဌေးဦးမင်းနိုင် …..
စသည့်ဝတ္ထုတိုများ ဖြစ်သည်။ မိုးဝေ၊ မြတ်လေး၊ မဟေသီ၊ သဘင်နှင့်
ပန်မဂ္ဂဇင်းများတွင် ၁၉၈၆ - ၈၇ ခုနှစ်များအတွင်း ဖော်ပြပါရှိခဲ့သည့်
ဝတ္ထုတိုများဖြစ်သည်။
ဆရာဖေမြင့်၏ ဝတ္ထုတိုများက ဇာတ်ရံဇာက်ကောင်ဟူ၍
မပါလို…။ အဓိကဇာတ်ဆောင်သည်ပင်လျှင်….. တယောက်။ တခါတရံတွင်မှ နှစ်ယောက်….။
ထိုထက်မပို….။ ဇာတ်ကောင်နည်းနည်းလေးနှင့် ဝတ္ထုတိုအား ဖွဲ့၏။ ဤသည်ပင်
ဆရာဖေမြင့်၏ ဝတ္ထုတို `ဟန်´ဟု ဆိုရမည်။
ပြီးလျှင် ….
သူ၏ဇာတ်ကောင်များအား သမိုင်းခေတ် နိုင်ငံရေးနောက်ခံလေးများ ထည့်ပေးထားတတ်၏။
`နောက်ဆုံးတိုက်ပွဲ´ တွင် ဇာတ်ကောင် (ဦး)ဗသိန်းအား ရခိုင်ရိုးမနှင့်
မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအတွင်း လှုပ်ရှားသည့် လက်နက်ကိုင်
အဖွဲ့အစည်းတခု၏ စစ်ရေးခေါင်းဆောင်ဟောင်းအဖြစ်နှင့် ထားပြီး `လက်မရွှံ့´
တွင်မူ (ဦး) ထွန်းငြိမ်းအား ကာကွယ်ရေးခေတ် ပြူစောထီးဗိုလ်တဦးအဖြစ် ထား၏။
(ဂ)
`ကျွန်း´တွင် ဇာတ်ကောင် ၂ ယောက်သာ ပါသည်။ ဆရာဖေမြင့်က သူ၏ဇာတ်ကောင် ၂ ယောက်နှင့် အရင်မိတ်ဆက်ပေး၏။
``တယောက်က
မြန်မာလူမျိုး။ နာမည် မောင်မောင်သိန်း။ ကိုမောင်မောင်သိန်း။ ကိုသိန်းဟုပဲ
ခေါ်ကြသည်။ အသက် ၄ဝ ခန့်။ အရပ်တိုတို၊ အသားမဖြူမညို၊ ဇာတိ အတိအကျမသိရ။
မန္တလေးသားလိုလို၊ ပုသိမ်ဇာတိလိုလို၊ ရေနံချောင်းရှိ ရေနံသူဌေးမျိုးရိုးက
ဆင်းသက်လာသလိုလို။ တကြိမ်တမျိုး ပြောတတ်သည်။ ရခိုင်ကမ်းရိုးတန်းဒေသသို့
သူရောက်ခဲ့သည်မှာ ၅ နှစ်ခန့် ရှိပြီ။ သူရောက်လာစဉ်က တယောက်တည်း မဟုတ်။
အဖွဲ့နှင့်။ ရွှေသိင်္ဂီဇာတ်အဖွဲ့။ သည်အဖွဲ့တွင် သူက မန်နေဂျာလိုလို၊
ပြဇာတ်ဒါရိုက်တာလိုလို၊ အကျွေးအမွေးနှင့် ဇာတ်သူဇာတ်သားများ အရေးကိစ္စ
တာဝန်ယူရသည့် ပုဂ္ဂိုလ်လိုလို။ ဇာတ်ထဲမှာလည်း တခါတရံ တောက်တိုမည်ရ ဟိုတခန်း
သည်တခန်းက ပါဝင်တတ်သေးသည်´´
(ကျွန်းနှင့် အခြားဝတ္ထုတိုများ မှ စာမျက်နှာ ၂-၃)
နောက်ဆုံး
ထိုရွာတွင်ပင် ရွှေသိင်္ဂီဇာတ်အဖွဲ့ ဇာတ်ခေါင်းကွဲပြီး ကိုသိန်းတယောက်
ထိုရွာ၌ သောင်တင်၍ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ရွာတွင် ကျန်နေခဲ့ရင်း……. ``ရပ်ရွာမှာ
ဘုရားပွဲတို့၊ ရှင်ပြုပွဲတို့လို အလှူအတန်း ပွဲလမ်းသဘင်ရှိလျှင် သူက
ဒိုးပတ်ဝိုင်းမှာ ကြီးကြပ်သူလိုလို၊ ဘုန်းကြီးဝိုင်းမှာ ဝေယျာဝေစ္စ
လုပ်နေရသည့် ကပ္ပိယလိုလို၊ ဘုန်းကြီးကျောင်းသား ခေါင်းဆောင်လိုလို။ တခါတလေ
လှေခုတ်သမားတွေ လှေစပ်ကြသည့်နေရာမှာ သူက လှေခုတ်သမားအဖွဲ့၏
ထမင်းချက်လိုလို၊ ဘယ်အရပ်ကလှေကတော့ ဘယ်လိုစပ်တာပဲ စသည်ဖြင့် အကြံဥာဏ်ပေးကာ
အတိုင်ပင်ခံ ကျွမ်းကျင်သူလိုလို။ မသာအိမ်မှာဖြစ်ဖြစ်
သင်္ချိုင်းကုန်းဇရပ်မှာဖြစ်ဖြစ် ဖဲဝိုင်းထောင်ကြတော့ သူက ဖဲဒိုင်ကိုင်သူ၏
လက်ထောက်လိုလို´´
(ကျွန်းနှင့် အခြားဝတ္ထုတိုများ မှ စာမျက်နှာ ၄)
အမှန်တွင်မူ …. ကိုသိန်းက လူပျင်း၊ လက်ကြောတင်းတင်း အလုပ်လုပ်ကိုင်တတ်သူ တယောက်မဟုတ်….။
နောက်တယောက်က
….`သံလုံး´ ဟု ခေါ်သည်။ သံလုံးက ထိုဒေသခံ။ ရခိုင်ကမ်းရိုးတန်းမှာ မွေးပြီး၊
ရခိုင်ကမ်းရိုးတန်းတွင်ပင် ကြီးခဲ့သည့် ရခိုင်ဇာတိသား….။
သံလုံးတို့၏
ဇာတိရွာတွင်မူ သံလုံး၏မိဘများက ပညာတတ်၊ ကြေးရေတတ်များဟု ဆို၍ရသည်။
မိသားစုတွင် သံလုံးက အငယ်ဆုံးသားထွေးဖြစ်ပြီး သံလုံး၏ အထက်မှ အမမှာလည်း
သံလုံးထက် ၁ဝ နှစ်မျှ ကြီးသည်။ အခြေအနေက သံလုံးအတွက် ဆိုးခွင့်၊ ပေခွင့်၊
တေခွင့်ရသည့် မိသားစုအနေအထား….။ မိဘများကလည်း အလိုလိုက်ကြ၏။ ဤတွင်
သံလုံးသည် ဆိုးသွမ်းလူငယ်တဦးအဖြစ်နှင့် ကြီးခဲ့ရသည်။ အထက်တန်းပညာမဆုံး …..
စစ်တပ်ထဲ ရောက်သည်။ စစ်သားစုဆောင်းရေးမှ မိဘများက လိုက်ရွေးခဲ့သဖြင့်
သံလုံးစစ်သားမဖြစ်ခဲ့…..။ မိဘများက အထိန်းအကွပ်ရှိရင် ပြင်သွားလေမည်လားဟူ၍
သံလုံးအား သင့်တော်သူနှင့် အိမ်ထောင်ချပေး၏။ လုပ်ငန်းကိုင်ငန်းလေး
မတည်ပေး၏။ ပထမ သံလုံးခြေ ငြိမ်သလိုရှိ၏။ မကြာ …. အရင်ဇာတိအတိုင်းပင်….။
ဖဲရိုက်သည်။ အရက်သောက်သည်။ အလုပ်ကိုလည်း လက်ကြောတင်းတင်း မလုပ်….။
မိဘနှစ်ပါးစလုံး ရှေ့နောက်ဆင့်ပြီး ဆုံးသွားခဲ့ကြသည်။ မိဘများ၏ အမွေလေးအား
သံလုံးတို့ မောင်နှမနှစ်ယောက် ခွဲယူကြ၏။ သံလုံးရသည့်အမွေက
`မောင်ငယ်ရင်သွေး´ ရသည့် အမွေလောက်မများသဖြင့် ကြာကြာ
သံလုံးမဖြုံးလိုက်ရ….။ သံလုံးအမွေရသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများက
သူတပါးလက်သို့ ရွှေ့ပြောင်းကုန်ကြ၏။ မိန်းမနှင့်က ကွဲလိုက်ပေါင်းလိုက်။
နောက်ဆုံး သံလုံး၏ အလုပ်အကိုင်က …. `တောအရက်ချက်သည့် လုပ်ငန်း´။
(ဃ)
ရခိုင်ကမ်းရိုးတန်းရှိ
ကျွန်းစုများတွင် `အုန်း´ကျွန်းသည်လည်း တခုအပါအဝင်….။ `အုန်း´ကျွန်းက
ကမ်းရိုးတန်းနှင့် ဝေး၏။ မိုင် ၄ဝ ခန့်ပင် အလှမ်းကွာ၏။ အလှမ်းကွာသော
အုန်းကျွန်းသို့ သွားလျှင်လည်း ရာသီဥတုသာယာသည့် ဆောင်းနှင့် နွေတွင်သာ
သွားလာ၍ရသည်။ အုန်းကျွန်း၏ကမ်းခြေ ရေပြင်က ကျောက်ဆောင်များ၊
သန္တာကျောက်တန်းများနှင့် အပြည့်၊ ညှောင့်ထောင်ထားသကဲ့သို့….။
လှိုင်းလေထန်သည့် ကာလများတွင်မူ အုန်းကျွန်းသို့ မည်သည့်လှေမျှကပ်ရန်
စိတ်မကူးရဲ ….။
လှိုင်းလေသာယာသည့် ဆောင်းနှင့်နွေများတွင်မူ
ကမ်းရိုးတန်းရှိ တံငါးရွာများမှာ တံငါတို့ အုန်းကျွန်းသို့လာ၍ စတည်းချပြီး
ပင်လယ်ကမ်းဝေး ငါးဖမ်းထွက်ကြ၏။ ရလာသောငါးများအား အုန်းကျွန်းမှာပင် ခွဲကြ၊
လှန်းကြပြီး ကုန်ချောအထိ ပြုလုပ်ကြ၏။ ငါးဖမ်းသမားများ၊ ငါးခွဲသူ၊
လှန်းသူများနှင့် အုန်းကျွန်းသည် ထိုအချိန်တွင် မြို့ငယ်လေးတခုပမာ စည်ကား၍
နေတော့သည်။ ငါးလုပ်ငန်းအားမှီ၍ …. ဈေးဆိုင်များလည်း ဖွင့်လာကြ၏။
အရက်ဆိုင်များ၊ ထမင်းဆိုင်များ …. ပြီးလျှင် ….
လောင်းကစားဝိုင်းများသည်လည်း အမိန့်ရ ဝိုင်းများသဖွယ်….။ ထားတော့…။
ဆရာဖေမြင့်က
သူ၏ဇာတ်ကောင် ၂ ယောက်အား ထိုအုန်းကျွန်းပေါ်သို့ ပို့၏။ ကိုသိန်းက
ငါးဖမ်းလုပ်ငန်းတခုတွင် အလုပ်သင်တံငါသည် အဖြစ်နှင့်….။ အကူလုပ်သားဆန်ဆန် ….
ထမင်းကျွေး …. ကြည့်ပေးသဘောနှင့် ပါလာ၏။ သံလုံးကမူ အခြားတယောက်နှင့်
စပ်တူ၍ အရက်ချက်ရောင်းရန် ကျွန်းပေါ်သို့ ရောက်လာ၏။ အုန်းကျွန်းပေါ်၌ လာရောက်
အလုပ်လုပ်ကိုင်ကြသည့် တံငါသည်များ၊ အလုပ်ကြမ်းသမားများက အရက်ကို
ရေသောက်သလို သောက်နိုင်ကြ၏။ အပူခံ၊ အအေးခံဟူ၍ ခေါင်းစဉ်အမျိုးမျိုး
တပ်ကာသောက်ကြ၏။ သံလုံးတို့၏ အရက်ချက်လုပ်ငန်းက အဆင်ပြေသည်ဟု ဆိုရမည်။
အုန်းကျွန်း၏ ငါးဖမ်းလုပ်ငန်းရာသီက သင်္ကြန်လွန်လျှင် ….. စခန်းသိမ်းကြရ၏။
စခန်းသိမ်းရက်က နောက်ထပ် ၂ ပတ်ထက် ပိုမကြာတော့….။ သံလုံးက ငွေလေးကြေးလေး
စုမိဆောင်းမိလာသည်နှင့် လူက ဖဲဝိုင်းနားသို့ ကပ်၏။ အကြံပေးက ကိုသိန်း…..။
နောက်ဆုံးချုပ်ရပါမူ ….. ၂ ဦး ပေါင်းပြီး ဖဲရိုက်ကြရာ …. သံလုံးရှိသည့်
အမြတ်ရော၊ အရင်းပါ ပြုတ်၏။ ကုန်ပြီ….။ ဘာလုပ်ကြမည်နည်း…။ ဤတွင်မှ
ဆရာဖေမြင့်က ဇာတ်လမ်းအား `စ´၏။
(င)
အုန်းကျွန်းက ….
ရိုးရိုးကျွန်းမဟုတ်။ ထူးခြားချက်ရှိ၏။ ဘင်္ဂလားပင်လယ်တွင် အနောက်မြောက်ဘက်မှ
အရှေ့တောင်ဘက်သို့ စီးဆင်းသော ပင်လယ်ရေစီးကြောင်းတခု ရှိသည်။
ဤရေစီးကြောင်းက အုန်းကျွန်းသို့ ဦးတိုက်၏။ ဤရေစီးကြောင်းကြောင့်
ဘင်္ဂလားပင်လယ်အတွင်း သွားလာကြသည့် သင်္ဘောများမှ အကြောင်းအမျိုးမျိုးကြောင့်
လွင့်ပါးလာသည့် ပစ္စည်းများက အုန်းကျွန်းတွင်ပင် တင်၏။ သင်္ဘောပျက်ပစ္စည်းများက
အမျိုးမျိုး….။ ရေနံပီပါများမှသည် `ဝီစကီ´ အရက်ပုလင်းအထိ…..။
ဤပစ္စည်းများအား အုန်းကျွန်းကမ်းခြေမှ စောင့်၍ တမိုးတွင်း ဆယ်ယူလျှင်
ထိုခေတ်ငွေနှင့် ငါးသောင်း၊ ခြောက်သောင်းခန့် ရ၏။
သို့သော်
အခက်အခဲများက ရှိ၏။ ပထမတချက်က …. တမိုးတွင်းလုံး၊ ပြင်ပကမ္ဘာနှင့်
လုံးဝအဆက်ပြတ်နေခြင်း။ ဒုတိယက … မုန်တိုင်းနှင့် ရာသီဥတုဆိုးဝါးသည့်
သဘာဝဘေးအန္တရာယ် စသည့် …. စသည့်တို့ကိုမူ ရင်ဆိုင်ကြရမည်။ ဖဲရှုံးသည့်
ညတွင်ပင် သံလုံးနှင့် ကိုသိန်းတို့နှစ်ဦး အရက်တပုလင်းနှင့် ဤကျွန်း၌
တမိုးနေပြီး ပစ္စည်းစောင့်ဆယ်ရန် သဘောတူလိုက်ကြ၏။
အုန်းကျွန်း၏
တံငါချိန်က ပြီးလေပြီ။ တံငါလှေများက တစင်းပြီးတစင်း အုန်းကျွန်းမှ
ထွက်ခွာသွားခဲ့ကြပြီ။ ကျွန်းပေါ်၌က …. သံလုံးနှင့် ကိုသိန်းတို့ နှစ်ဦးသာ
ကျန်ခဲ့တော့သည်။
ကျွန်းပေါ်၌ ၂ ဦးသား ၁၅ ရက်ခန့်နေမိပြီးနောက် ….
ပထမရင်ဆိုင်ကြရသည်က …. မိုးကြိုမုန်တိုင်း….။ ဤသဘာဝအန္တရာယ်အား
သူတို့နှစ်ဦး ရင်ဆိုင်ခုခံပုံအား ဆရာဖေမြင့်က ဤသို့ ရေးဖွဲ့ပြထားသည်။
``ရုတ်တရက်
မျက်စိကျိန်းအောင် ဖွေးဖွေးလက်သွားသော အလင်းရောင်နှင့်အတူ နားကွဲမတတ်
ကျယ်လောင်သော အသံကို တပြိုင်နက်ကြားလိုက်ရသည်။ ကိုသိန်း
ကွပ်ပျစ်အစွန်းပေါ်မှ လိမ့်ကျပြီး သဲပြင်ပေါ်မှာ မှောက်လျက်ကြီး ဖြစ်နေသည်။
သံလုံး သူ့ကွပ်ပျစ်နံဘေးမှ ဝါးလုံးတန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ
မျက်စိစုံမှိတ်ထားသည်။ ရင်ဘတ်က တဒိန်းဒိန်း ခုန်နေသည်။ ငါ ဘာမှမဖြစ်ဘူး။ ငါ
မသေဘူး။ သူ သိနေသည်။ သို့သော် ခြေထောက်နှစ်ချောင်းကို တောင့်တောင့်ကြီး
ဆန့်တန်းထားသည်။ ခြေထောက်တွေ ဘာဖြစ်သွားသေးလဲ။ လှုပ်မကြည့်ရဲ။
ခေါင်းမလှုပ်ရဲ။ မျက်စိ မဖွင့်ရဲ။ သေချင်ယောင်ဆောင်သူလို ငြိမ်နေသည်။
ကိုသိန်း
တုတ်တုတ်မလှုပ်။ သူ သဲပြင်ပေါ် ရောက်နေမှန်း သိသည်။ လှုပ်လိုက်လျှင်
နောက်ထပ်ပစ်မှာ စိုးသဖြင့် ငြိမ်နေသည်။ သံလုံးကော။ သံလုံးသေပြီလား။
တကျွန်းလုံးမှာ သူတို့နှစ်ယောက်သာ ရှိသည်။ သူ မဟုတ်လျှင် သံလုံး။
သံလုံးကိုပင် ချိန်ပစ်လေသည်ထင်သည်။ သည်ကောင်က တသက်လုံး အဖေအမေတွေကို
ဆဲဆိုလာသည့် အကောင်။ အခုတော့ သွားလေပြီလား။ မိမိက အရှိန်ဟပ်ပြီး
လွင့်ကျတာဖြစ်မည်။´´
(ကျွန်းနှင့် အခြား ဝတ္ထုတိုများ မှ စာမျက်နှာ ၁၉-၂ဝ)
(စ)
ကျွန်းပေါ်၌
သူတို့နေခဲ့သည်မှာ ၄ လခန့် ရှိပြီ။ တနေ့ …. သစ်ပင်ပေါ်မှ ပြုတ်ကျ၍ သံလုံး
ခြေဆစ်ကျိုးသွား၏။ ကျပ်စည်း၍ နေရသည်။ အိပ်ယာပေါ်တွင်ပင် ပက်လက်….။ သံလုံး …
ဘာမျှမလုပ်နိုင်။ ကိုသိန်းမှပင် အားလုံးအား သိမ်းကျုံး၍ လုပ်ရသည်။
စားသောက်ရေးအတွက် ချက်ပြုတ်ရသည်။ ကမ်းခြေ၌လာ၍ တင်နေသော ပစ္စည်းများအား
ဆယ်ရသည်။ ပြီးလျှင် …. တဲအနီးရှိ ပစ္စည်းများထားရာသို့ သယ်ရသည်။ ပထမတွင်
ပြဿာမရှိ ….. ကြာတော့ ကိုသိန်း ငြိုငြင်လာ၏။ ဆက်ဆံပုံမှာလည်း အရင်ကနှင့်
မတူတော့….။ အပေါ်စီးဆန်ချင်လာသည်။ ဤသည်ကို သံလုံးကလည်း သိသည်။ မကျေနပ်။
သို့သော်….. သူက လောလောဆယ်ဆယ်တွင် ဒုက္ခိတ….။ ဘာမျှ မတတ်နိုင်…။ ဤအတွင်း ….
သံလုံးက ငှက်ဖျားတက်ပြန်၏။ ငှက်ဖျားက တပတ်နှင့်လည်း မပျောက်…..
ဆေးသောက်သော်လည်း မသက်သာ….။ သံလုံး ဖျားနေစဉ်အတွင်း ကိုသိန်းက
တာဝန်ကျေအောင် ပြုစုစောင့်ရှောက်၏။ ပြုစုစောင့်ရှောက်နေရင်းနှင့်
ကိုသိန်း၏စိတ်၌ ဖြစ်ပေါ်နေသည့်အတွေးက….`သံလုံး သေခဲ့လျှင်´ ဟူ၍….။ ကိုသိန်း၏
အတွေးအား ဆရာဖေမြင့်က…..
``သံလုံး သေမည့်အကြောင်း
စဉ်းစားမိသော အကြိမ်ပေါင်းများလှပြီ။ ကျေနပ်လောက်ဖွယ် အနေအထားမျိုး
စဉ်းစား၍မရ။ သံလုံးလည်းသေ၊ သူလည်း အဆင်ပြေမည့် အနေအထားမျိုး စိတ်ကူးထဲမပေါ်။
ယခုအခါ
သံလုံး သေသွားပြီ ဆိုပါစို့။ မိမိပယောဂကြောင့် ဖြစ်စေ၊ သူ့အလိုအလျောက်
ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် သံလုံး သေသွားခဲ့လျှင် သံလုံးဆွေမျိုးတွေ
သူတို့ ရွာသူရွာသားတွေက သံလုံးကို မိမိသတ်သည်ဟု သင်္ကာမကင်း ဖြစ်ကြမှာ
သေချာသည်။ မိမိက သည်အရပ်မှ လူတစိမ်း။ တကယ်အရေးကြုံလျှင် မိမိဘက်က
ရပ်မည့်သူမရှိ။ မိမိကို သံလုံး သတ်မှုနှင့် တရားမစွဲကြတောင် အနည်းဆုံး
ပစ္စည်းတဝက်တော့ သံလုံး သားမယားနှင့်ဆိုင်သည်ဟု သူတို့က အင်အားသုံးပြီး
အတင်းဝေစုခွဲကြမှာ သေချာသည်။ အကယ်၍ သံလုံးမသေဘဲ မိမိသာ သေခဲ့မည်ဆိုလျှင်
သံလုံးမှာ မိမိကဲ့သို့ အခက်အခဲမျိုး ကြုံမည်မဟုတ်။ အခြေအနေက သံလုံးဘက်က
တပန်းသာလျက် ရှိသည်။ သည်အနေအထားကို သံလုံးလည်း စဉ်းစားမိနိုင်သည်။
သတိထားရမည်။´´
(ကျွန်းနှင့် အခြား ဝတ္ထုတိုများ မှ စာမျက်နှာ ၅၅-၅၆)
(ဆ)
နှစ်ပတ်ခန့်ဖျားပြီးသည့်နောက်
သံလုံး အဖျားပျောက်သွား၏။ သံလုံးဖျားနေစဉ်အတွင်း ကိုသိန်းက သူ့အား
ပြုစုခဲ့သည်ကို သံလုံးသိ၏။ သို့သော် …. စေတနာမပါဟု သံလုံး ထင်နေခဲ့မိသည်။
ပြီးလျှင် …. ဖျားနေသည့် ရက်သတ္တနှစ်ပတ်အတွင်း ကိုသိန်း ကမ်းခြေမှ ဆယ်ယူ၍
ရခဲ့သည့် ပစ္စည်းတို့က မယ်မယ်ရရ ဘာမျှမရှိ….။ ဤအပေါ်တွင်လည်း ကိုသိန်းအပေါ်
သံလုံး မသင်္ကာ…။
သံလုံး ချိုင်းထောက်နှင့် ခက်ခက်ခဲခဲသွားပြီး
ကိုသိန်းအား လိုက်၍ချောင်း၏။ သံလုံး သိရပြီ။ ကိုသိန်းက ဆယ်ယူ၍ရသည့်
တန်ဖိုးရှိသော ပစ္စည်းများအား သူတဦးတည်းပိုင်အဖြစ် လုပ်ရန် ဝှက်၍ထား၏။
ဆီပေပါများ သဲသောင်တွင် တွင်းတူး၍ မြှုပ်၏။ ဤတွင် သံလုံးနှင့် ကိုသိန်းတို့
နှစ်ဦးအကြား ပဋိပက္ခနှင့် မယုံကြည်မှုတို့ အမြင့်ဆုံးသို့
မြှင့်တင်သွားခဲ့တော့၏။ သံလုံးက ကိုသိန်းအား ဓားမနှင့် ပစ်၏။ ကိုသိန်းက
သံလုံးအား ဓားနှင့် ခုတ်၏။ အဆုံး၌ ….. ခြေတဖက်ကျိုးနေသော သံလုံး …..
ကိုသိန်းခုတ်သော ဓားဒဏ်ရာနှင့် သေ၏။ ဤတွင် ကိုသိန်း၏ အတွေးက …. သံလုံးဖျား၍
သေလုမျောပါး ဖြစ်နေစဉ်က တွေးမိခဲ့သည့် အတွေးအား ပြန်၍တွေးမိ၏။ ဤတွင် ….
ဆရာဖေမြင့်က သူ၏ ကျွန်းအား လှပစွာနှင့် ဤသို့ အဆုံးသတ်လိုက်၏။
``ကိုသိန်း
နိုင်လွန်ကြိုးဖြင့် ကွင်းလျောကလေးတခု လှပသေသပ်စွာ လုပ်လိုက်သည်။
ဆွဲကြည့်လိုက်လျှင် လျှောခနဲ။ အထစ်အငေါ့ မရှိ။ လက်မှုအတတ်မှာ
မကျွမ်းကျင်ခဲ့သော တသက်လုံးလည်း ဘယ်နေရာမှာမှ အောင်မြင်မှု မရရှိခဲ့သော
ကိုသိန်း၏ ဘဝမှာ အအောင်မြင်ဆုံး၊ အပိရိဆုံး၊ အသေသပ်ဆုံး လက်ရာ´´
(ကျွန်းနှင့် အခြား ဝတ္ထုတိုများ မှ စာမျက်နှာ ၆၆)
ရှေးကျလွန်းပြီဟု
ဆိုသော်လည်း ယနေ့တိုင် `စံ´အဖြစ် ထားနေသေးသော ဝတ္ထုတို အဘိဓမ္မာတခု ရှိ၏။
ဝတ္ထု၏ အစတွင် သေနတ်အား ပြခဲ့လျှင် ဝတ္ထု၏ အဆုံး၌ သေနတ်ကို ပစ်ပြပါဟူ၍
ဖြစ်သည်။ ဆရာဖေမြင့်က `ကျွန်း´ ၏ အစတွင် `သံလုံးနှင့် ကိုသိန်း´ တို့၏
လူတန်းစား အကျင့်စရိုက်တို့အား ပြခဲ့သည်ဟုဆိုရလျှင် …. ဆရာဖေမြင့်က ကျွန်း၏
အဆုံး၌ ရှေးကျသည်ဟုဆိုသော ဝတ္ထုတို အဘိဓမ္မာနှင့်အညီ `ကျွန်း´ ကို
အဆုံးသတ်လိုက်သည်ဟု ဆိုရမည်။
October 21, 2012
စာအုပ်
Subscribe to:
Post Comments (Atom)
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
0 comments:
Post a Comment