ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃
တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့
ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို
အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင်
ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။
အဲဒါတွေကတော့ ...
1) အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2) ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။
3) သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ သတိထားစရာ အသိပေးလိုခြင်း။
4) ယဉ်ကျေးသိမ်မွေ့သော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတရားကို ပျက်စီးစေခြင်း။
5) တရားသူကြီး၏ဆုံးဖြတ်ချက်သည် ယနေ့ဆိုးသွမ်းလူငယ်များကို အားပေးအားမြှောက်ပြုရာကျခြင်း။
6) အဇာတသတ်လက်သစ်ကို အားပေးအားမြှောက်ပြုသော ငွေကြေးလာဘ်လာဘတစ်ခုတည်းကိုသာ
ကြည့်သည့်စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့သော ဒေ၀ဒတ်လက်သစ်များကို
တွေ့ရှိရခြင်း။
7) တရားစီရင်ရေးယန္တရားကို ငွေကြေးဖြင့်ပေါက်ကာ တစ်လွဲအသုံးချနေသည်ကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။
ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် မကြာသေးမီက
ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို
သိစေလိုခြင်းကြောင့် ရေးသားရခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသတွင်းရှိ တရားရုံးများတွင် ဥပဒေစိုးမိုးရေး၊
တရားစီရင်ရေးမဏ္ဏိုင် ယိမ်းယိုင်ပြိုလဲနေပြီး မန္တလေးတိုင်းဒေသကြီးရှိ
တရားရုံးများ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းနေသလို
တောင်ကြီးမြို့တရားရုံးမှာလဲ ရစရာမရှိအောင် ရွံရှာဖွယ်ကောင်းလောက်အောင်
ပျက်စီးနေကြောင်း
တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးအဖွဲ့သားများ
တောင်ကြီးတရားရုံးကိုလည်း အရေးတယူဝင်ရောက်စစ်ဆေးပေးစေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။
အမှုအကြောင်းချင်းရာကို စုံစမ်းသိရှိရသည်မှာ- ပြစ်မှုကြီး အမှုအမှတ် ပြစ် ၄၆၆၈/၂၀၁၀
မြေးဖြစ်သူ တရားလို ခွန်သီဟန် (၂၁နှစ်) သည် အဖိုးအရင်းဖြစ်သူ အိမ်တွင်
အဖိုး (၈၂နှစ်) နှင့်အတူ နေထိုင်ပါသည်။ အခင်းမဖြစ်မီ ၃ ရက်လောက်ကတည်းက
မြေးဖြစ်သူသည် အိမ်သို့ပြန်မလာပါ။ အခင်းဖြစ်သည့်နေ့ (၂၃-၉-၂၀၁၀) တွင်
အဖိုးဖြစ်သူက သမီး (ခွန်သီဟန်၏အဒေါ်) အိမ်သို့ သွားရောက်နေပြီး
အိမ်တွင်လူမရှိသောကြောင့် သော့ခတ်ထားပါသည်။ မြေးဖြစ်သူ နေ့ခင်း
အိမ်သို့ပြန်လာတော့ အိမ်ထဲဝင်လို့မရပါ။ ပုံမှန်ဖြစ်သင့်သည်မှာ
မြေးဖြစ်သူခွန်သီဟန်သည် အဒေါ်၏အိမ်သို့ ရောက်နေသောအဖိုးထံ
သော့သွားတောင်းသင့်သော်လည်း သွားရောက်တောင်းဆိုခြင်းမပြုခဲ့ပါ။
ညနေခင်းတစ်ခေါက်ပြန်လာချိန်တွင်လည်း အဖိုးပြန်မရောက်သေးသဖြင့်
အိမ်ထဲဝင်မရပြန်ပါ။
သို့နှင့် ရက်ကွက်ရုံး၊ ရဲစခန်းသို့ သွားရောက်ပြီး
အဖိုးဖြစ်သူကို မတရားတားဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့်
တရားစွဲလေတော့သည်။ (အမှုစစ်ဆေးချက်တွင် ပေါ်ပေါက်သည်မှာ ထိုအချိန်တွင်
တရားလိုမြေးဖြစ်သူက အရက်မူးနေပြီဖြစ်သည်။)
တကယ်တော့ ဒီအမှုဟာ
မိသားစုပြဿနာမျှသာ ဖြစ်ပါသည်။ ကြီးကျယ်သောအမှု မဟုတ်ပါ။ ရက်ကွက်ရုံးမှာတင်
ပြီးသင့်သောပြဿနာပါ။ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးကလဲ အစပိုင်းမှာတော့
အမှုမဖွင့်ပေးပါဘူး။ (ဟုတ်တယ်လေ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ"
ဆိုတာ ရဲစခန်းနဲ့ တရားရုံးတို့ရဲ့ဆောင်ပုဒ်ပဲ မဟုတ်လား။)
ဒါနဲ့တရားလိုက မြို့နယ်ရဲမှူး (ထိုစဉ်က ဦးမောင်ဝင်း) ထံ ချဉ်းကပ်ပြီး
အမှုဖွင့်ဖို့ မရ ရအောင် ကြိုးပမ်းတယ်။ "အဖိုးထောင်တစ်ရက်ပဲကျကျ ကျေနပ်တယ်"
လို့ မြေးဖြစ်သူက ဆိုပါတယ်။ (ထိုဦးမောင်ဝင်းဆိုသူမှာလဲ
မြို့နယ်ရဲမှူးမဖြစ်ခင်က ယာဉ်ထိန်းရဲမှုးဖြစ်ပြီး လာဘ်စားရာတွင်
အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ မိန်းမကိစ္စနှင့် ပတ်သက်ပြီးလဲ
ရှူပ်ပွေသူတစ်ဦးဟု သိရသည်။ တောင်ကြီးမြို့တွင် သူ့အကြောင်းမသိသူ မရှိပေ။)
ထိုမြို့နယ်ရဲမှူးမှတဆင့် ခရိုင်ရဲမှူး၊ ပြည်နယ်ရဲမှူးအထိ
အဆင့်ဆင့်ချဉ်းကပ်ပြီး နောက်ဆုံးတော့ တရားရုံးကို ဒီအမှုတွဲကြီး
ရောက်ရှိသွားပါသည်။ တရားလို ခွန်သီဟန်၏အပြောအရ ဒီအမှုတွဲကြီး
တရားရုံးကိုရောက်ဖို့ ရက်ကွက်ဥက္ကဠ ဦးကျော်စိုးအောင်၊ ရက်ကွက် ရ-ယ-က
အဖွဲ့ဝင် ဦးလှမြင့်၊
အမှတ် (၁) စခန်းမှူး အမှုစစ် ဒုရဲအုပ်တင်မြင့်လွင်၊
မြို့နယ်ရဲမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ရဲမှူး
(ဦးမောင်မောင်ဝင်းမှတဆင့်)၊ ပြည်နယ်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊
မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် (ယခု ပင်စင်)၊ မြို့နယ်တရားသူကြီး
ဦးစောလွင် (ယခု ပြောင်းရွှေ့) အစရှိသည်တို့ကို လာဘ်ငွေများ
အဆင့်ဆင့်ပေးသွားရသည်ဟု သိရသည်။ တရားလိုခွန်သီဟန်ကို နောက်ကွယ်ကနေ
အခကြေးငွေယူပြီး အာဏာပါဝါနဲ့ ကူညီပံ့ပိုးပေးနေသူမှာ
ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင် ဟု ခွန်သီဟန်က ပြောသည်။
နောက်ဆုံး မြို့နယ်တရားသူကြီးဦးစောလွင်က စွဲချက်တင်တဲ့အမိန့်
ချလိုက်ပါသည်။ ဒါနဲ့ အဖိုးဖြစ်သူက ခရိုင်ရုံးကို ပြင်ဆင်မှု တက်ပါသည်။
ခရိုင်တရားသူကြီး ဦးခင်ထွန်းကိုလဲ တရားလိုခွန်သီဟန်က
ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် လာဘ်ထိုးပြန်ပါသည်။ အဲဒီရှေ့နေဒေါ်ခင်သန့်ဇင်က
ဘယ်သူ့ကို ဘယ်လောက်ပေး အစရှိသဖြင့် ခွန်သီဟန်ကို ညွှန်ကြားဆက်သွယ်ပေးတယ်လို့
သိရပါသည်။ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့
ဝိတ်နဲ့ပေါင်းပြီး ခရိုင်တရားသူကြီး ဦးခင်ထွန်းကလည်း မြို့နယ်ရဲ့စွဲချက်ကို
အတည်ပြုပြန်သည်။ အဲဒီနောက် မြို့နယ်တရားသူကြီးဦးစောလွင် နယ်ပြောင်းတော့
သူ့နေရာကို ဒေါ်အေးသန်း ရောက်လာပါသည်။ နောက် မြို့နယ်ဥပဒေအရာရှိ
ဦးခင်မောင်ကြည် ပင်စင်ယူပြီး သူ့နေရာကို ဦးတင်မြင့်ကို ရောက်လာပါသည်။
သူတို့ကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ရဲ့အဆက်အသွယ်နဲ့ လာဘ်ငွေပေးကမ်းပြန်ပါသည်။
နောက်ဆုံးတွင် မြို့နယ်တရားသူကြီးဒေါ်အေးသန်းက အဖိုးကို "ဒဏ်ငွေ ၅၀၀ ကျပ်
ဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၇ ရက်ကျခံစေ" ဟု ၂၀-၁၂-၂၀၁၁ တွင်
အမိန့်ချမှတ်လိုက်ပါသည်။
ထိုသို့ အမိန့်ချမှတ်မှုမှာ
ကျွန်တော့်စိတ်ထဲတွင် အလွန်ထူးဆန်းနေပါသည်။ အံ့လည်း အံ့သြမိပါသည်။
မရိုးသားမှုက အရမ်းကိုပေါ်လွင်နေသလားလို့ပါ။ အဖိုးကြီးက သူ့အိမ်နဲ့သူနေပြီး
ပြစ်ဒဏ်ချခံရတယ်လို့။ (ထိုအိမ်၏ဂရမ်မှာ အဖိုးကြီးအမည်ပေါက်ဖြစ်ပြီး
အဖိုးကြီးလင်မယားနှစ်ယောက် ရိုးသားစွာ ရှာဖွေစုဆောင်းထားသောငွေဖြင့်
သားသမီးများမရခင်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။)
အရမ်းကို ထူးဆန်းနေတာက အမှုက ဒီမှာတင်မပြီးသေးဘူးဗျ။ ရှေ့နေဒေါ်မေသန့်ဇင်
ဦးစီးပြီး တရားလို ခွန်သီဟန်က သူ့အဖိုးကို ပြစ်ဒဏ်တိုးပေးဖို့
ပြည်နယ်ရုံးကို ပြင်ဆင်မှု ထပ်တက်လာပါတယ်။ ဒီပြင်ဆင်မှုကိုလက်ခံဖို့
ရှမ်းပြည်နယ်တရားရေးဦးစီးမှူးရုံးက ဦးစီးအရာရှိကို ငွေကျပ်
ငါးသိန်းပေးရတယ်လို့ သိရပါတယ်။ ဒုတိယပြည်နယ်ဥပဒေအရာရှိ
ဦးကျော်ထူးဝင်းကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် ပေးရသေးတယ်လို့
သိရပါတယ်။ ပြည်နယ်ဥပဒေအရာရှိကလည်း မြက်မြက်ကလေး ရတာကတစ်ကြောင်း၊
ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့
ဖိအားပေးမှုကြောင့်တစ်ကြောင်း "ဤပြင်ဆင်မှုအားလက်ခံပြီး ဥပဒေနှင့်အညီ
သင့်လျော်သည့်ပြစ်ဒဏ် တိုးမြှင့်သတ်မှတ်သည့် အမိန့်တစ်ရပ်ကို
ချမှတ်ပေးစေလိုကြောင်း" တင်ပြလျှောက်လဲပါသည်။
ကျွန်တော့်စိတ်ထဲတွင် အတွန်တရာ အံ့သြမိပါသည်။ လာဘ်ငွေကိုမက်ပြီး
အပြစ်မရှိသော ၈၂ နှစ် အရွယ် အဖိုးကြီးကို မိဘချင်းကိုယ်ချင်းမစာကာ
ပြစ်ဒဏ်ချရက်သော တရားသူကြီး၏စိတ်ဓာတ်ကိုလည်း အလွန်ရွံရှာမိပါသည်။ လာဘ်ငွေဟာ
အရမ်းကိုကြောက်စရာကောင်းပါလားဟုလည်း တွေးမိပါသည်။
နောက်ဆုံးမှာတော့ ပြည်နယ်လွှတ်တော်တရားသူကြီး ဦးခင်မောင်ဋ္ဌေးက
ခွန်သီဟန်၏ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားချက်ကို ၂-၄-၂၀၁၂ တွင် ပလပ်လိုက်ပါသည်။
တကယ်တော့ အဖိုးကြီးကျူးလွန်ပါတယ် ဆိုတဲ့ပြစ်မှုဟာ
နိုင်ငံတော်ပုန်ကန်မှုလဲမဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊
မုဒိမ်းမှုလည်းမဟုတ်ပါပဲနှင့် ထောင်နှုတ်ခမ်းဝနှင့် သီသီလေးသာ
လွတ်မြောက်ခဲ့ပါသည်။ ဘာမဟုတ်တဲ့ မိသားစုအမှုအရေးဟာ နေပြည်တော်ရုံးသို့
ရောက်လုနီးနီး ဖြစ်သွားခဲ့ပါသည်။
အဖိုးကြီး၏ရှေ့နေ ရေးသားထားသော အပြီးသတ်လျှောက်လဲချက်မှာလဲ အလွန်ကောင်းမွန်ပါသည်။ ဖတ်ကြည့်ပါ။
"မြန်မာ့လူမှုအဖွဲ့အစည်းတွင် ငယ်သူကကြီးသူအားလည်းကောင်း၊ တပည့်က
ဆရာအားလည်းကောင်း၊ သားသမီးက မိဘအားလည်းကောင်း၊ မြေးက
အဖိုးအဖွားအားလည်းကောင်း စကားဖြင့် မရိုမသေပြန်လှန်ပြောဆိုသည်ကိုပင်
လက်မခံပါ။ မြေးက အဖိုးဖြစ်သူထောင်ကျသည်ကို မြင်လိုသည့် ဤသို့သော
အမှုမျိုးမှာ မြန်မာ့လူ့ဘောင်တွင် ရှားပါးလှပါသည်။ သူ့အိမ်တွင်နေ၊
သူ့အရိပ်ကိုခို၊ သူ့ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူက
ကျေးဇူးရှင်ကိုထောင်ချပေးရန် တရားစီရင်ရေးယန္တရားကို
တလွဲအသုံးချလာခြင်းသာဖြစ်သဖြင့် ၄င်း၏စွပ်စွဲချက်ကို လက်ခံအသိအမှတ်ပြုပြီး
အသက် (၈၀) ကျော် အဖိုးဖြစ်သူအား အပြစ်ပေးပါက လူမှုရေးတရားမျှတမှု
တိမ်းစောင်း၍ တရားစီရင်ရေးတွင် အမည်းစက်စွန်းထင်းဖွယ်ရာ ရှိနိုင်ပါကြောင်း
ရိုးသားစွာ ရှု့မြင်သုံးသပ်တင်ပြအပ်ပါသည်။"
အလွန်တန်ဖိုးရှိသော၊
အဓိပ္မါယ်ပြည့်ဝသော၊ လေးနက်သောဗုဒ္ဓတရားတော်နှင့်ကြည့်လျှင်
အလွန်ပင်လက်ခံသင့်သော၊ ရှေ့နေများအထူးအတုယူသင့်သော လျှောက်လဲချက်ဖြစ်ပါသည်။
သို့သော် တန်ဖိုးကြီးသောလျှောက်လဲချက်ကြီးသည်
အောက်တန်းကျသောလာဘ်ပေးလာဘ်ယူကိစ္စကို မကျော်လွှားနိုင်ခဲ့ပါ။ တရားသူကြီးဟု
ခေါ်တွင်သော ဒေါ်အေးသန်းသည် ဤလျှောက်လဲချက်ကို လျစ်လျူရှုပြီး အဖိုးကြီးကို
ပြစ်ဒဏ်ပေးသည့်အမိန့်ကို စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့စွာ၊
ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ဗုဒ္ဓတရားတော်ကိုဆန့်ကျင်ကာ
မိုက်မိုက်မဲမဲချမှတ်လိုက်ပါသည်။
ဒီပြစ်ဒဏ်အမိန့်ကြောင့်
နောက်နောင်တွင် မိဘဘိုးဘွားများကို တရားစွဲဆိုမည့် သားသမီးမြေးမြစ်တွေ
တိုးပွားလာဖို့သာရှိသည်ကို တရားသူကြီးများ၊ ဥပဒေအရာရှိများ
အသိဥာဏ်ကြွယ်ဝမည်ဆိုလျှင် စဉ်းစားဆင်ခြင်ဖို့ကောင်းပါသည်။
လာဘ်ငွေတစ်ခုတည်းကိုသာ မကြည့်သင့်ပါ။ အဇာတသတ်လက်သစ်ဇာတ်လမ်းမှာ
ဘာဖြစ်လို့များ ဒေ၀ဒတ်လက်သစ် ဖြစ်ချင်ရပါသလဲ။
ဤဇာတ်လမ်းကို ကျွန်တော်ရေးသားရခြင်းမှာ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်းမဟုတ်ပါ။
ယနေ့နိုင်ငံတော်က တိုက်ဖျက်နေသော အကျင့်ပျက်ချစားမှုကို
တောင်ကြီးမြို့ရဲစခန်းနှင့် တရားရုံးများတွင် ရှိနေကြောင်း
ဖွင့်ပြလို၍ဖြစ်ပါသည်။
ဤစာတမ်းပါ အချက်အလက်များကို
ကာယကံရှင်တရားလို၊ တရားခံများထံမှလည်းကောင်း၊ တရားရုံးဝန်းကျင်မှ
ပြောပြဝေဖန်ချက်များမှလည်းကောင်း ရုံးစစ်ချက်စာရွက်စာတမ်းများကို
ဖတ်ရှု၍လည်းကောင်း သိရှိရခြင်းဖြစ်ပါသည်။ လုပ်ကြံရေးသားခြင်း တစ်ခုမှ
မပါဝင်ပါ။
မြေးဖြစ်သူတရားလိုနှင့် ကိုယ်တိုင်တွေ့ပြီး ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့ရတယ် ဆိုသည်ကို အကုန်သိရှိရပြီး ဖြစ်ပါသည်။
မကြာမီမှာပင် မြေးဖြစ်သူတရားလိုက တစ်အိမ်တည်းနေ ကျေးဇူးရှင်အဖိုးကို
ပြစ်ဒဏ်ကျအောင် ရဲစခန်းနှင့် တရားရုံးတို့တွင် မည်ကဲ့သို့
ကလဖန်ထိုးအကွက်ဆင်သည်ကို
မိဘဘိုးဘွား သက်ကြီးရွယ်အိုများ သတိထားနိုင်စေရန်အတွက် ဆက်လက်၍ဖော်ပြပါအုံးမည်။
------------------
ဤစောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။
0 comments:
Post a Comment