ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။ အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။ ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။ ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။
လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော
စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။
စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက်
လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင်
အကောင်းဆုံး ကျင်လည်လှုပ်ရှားနိုင်ရေးအတွက်
ပြင်ဆင်ပေးလိုက် သည်။ စာသင်ခန်းကလေးကား စာသင်သားအတွက် ပြင်ဆင်လေ့ကျင့်ရေး
အခန်းကလေး ဖြစ်တော့ သည်။ ထိုနေရာတွင်သူ၏ ပထမဦးဆုံးသော ဘဝဆရာ(ဝါ) လောကဆရာကို
စတင်တွေ့ထိကာ ပညာအမွေကို ဗွေဆော်ဦး ခံယူလေ့ကျင့်ခဲ့ရလေတော့သည်။ ဤတွင် ဘဝဆရာ၊ ပညာရေးဆရာ၏ အခန်းကဏ္ဍမှာ လောကကြီး၏ ရှေ့တန်းသို့ တန်းတန်းမတ်မတ် ရောက်လာလေတော့သည်။
ပထမဦးစွာ "ဆရာ" ဟူသော ဝေါဟာရကို ဆန်းစစ်ကြည့်မိသည်။ ပါဠိဘာသာ "ဆာယာ" မှ
ဆင်းသက်လာသည်ဖြစ်၍ အေးရိပ်ဆာယာ၊ မေးမြရိပ်ကို ပေးဆောင်သူဟု
ဖွင့်ဆိုနိုင်ပါသည်။ နောက်တစ်နည်း "ဆရာ" ဆိုသော ဝေါဟာရမှာ "စရ"
အကျင့်စရိုက်ဟု အဓိပ္ပာယ်ရရှိပြီး ပါဠိစကားမှ ရွှေ့ဆင်းလာကာ စရ-မှ ဆရာ
ဖြစ်လာသည်။ ထို့ပြင် မိမိကိုယ်တိုင် ကောင်းသောအကျင့်ကို ကျင့် ဆောင်သူအဖြစ်
လည်းကောင်း၊ သူတစ်ပါးအား ကောင်းသော အကျင့်စရိုက်ကို သွန်သင်ညွှန်ပြသူ
အဖြစ်လည်းကောင်း အဓိပ္ပာယ်ရပါသည်။ မည်သို့ဆိုစေ ဆရာသည် မိမိ၏ တပည့်များကို ချိန်ချိန်ဆဆဖြင့် ဆုံးမပဲ့ပြင် သွန်သင်တတ်သူဟု အများက နားလည်ထားကြပါသည်။
လောကတွင် ဆရာသုံးမျိုးရှိပါသည်။ သုတဆရာ၊ မုတဆရာ၊ ဒိဋ္ဌဆရာတို့ ဖြစ်ပါသည်။
ကြားဆရာ၊ မြင်ဆရာနှင့် သင်ဆရာဟု သိထားကြပါသည်။ ပညာဆိုသည်မှာ ရယူလိုသူအဖို့
ဗျိုင်းထံမှပင် ရယူနိုင် ပါသည်။ ဆရာ့လုပ်ငန်းအခန်းအထွေထွေ "A
teacher is many things" ဆိုသကဲ့သို့ ဆရာ့အခန်းကဏ္ဍ "the Key roll of a
teacher" နှင့် စပ်လျဉ်း၍ ပညာရှင်အသီးသီးက ဤသို့ ညွှန်းဆိုထားကြပြန်ပါသည်။ ဆရာဟူသည် အလင်းသည် (အသိတရား ဖြန့်ဝေသူ)၊ ပညာသည် (ပညာဝေငှသူ)၊ ထာဝရကျောင်းသား (ပညာရှာသူ)၊ မျိုးဆက်နှစ်ဆက်အကြား တံတားခင်းသူ ဖန်တီးသူ စည်းရုံးရေးမှူး နည်းပေးလမ်းပြသူ တီထွင်သူ စိတ်အာရုံကို မြင်အောင်ပြသူ အဟောအပြောကောင်းသူ ဇာတ်ဆောင်ကောင်းသူ အမှန်ကိုရင်ဆိုင်ရဲသူ လွတ်မြောက်အောင် ကြံဆောင်တတ်သူ စသည် ဆရာ့ဇာတ်ဆောင်မှုမှာ လွန်စွာ များလှပါသည်။ ဤသည်ကို ထောက်ချင့်ခြင်းဖြင့် ဆရာ့အခန်း ကို ခန့်မှန်းချင့်တွက်နိုင်ပါသည်။ မှန်ပါသည်။ "A teacher is an artist." ဆရာဟူသည် အနုပညာရှင် ဖြစ်ပါသည်။
ဆရာ့တန်ဖိုးကို သိထားကြသော မြန်မာတို့သည် ဆရာကို ဘုရားနှင့် တစ်ဂိုဏ်းတည်း
ထားပါသည်။ ထို့ကြောင့် ဆရာကို အနန္တော အနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဟု
သတ်မှတ်ထားပါသည်။ ပြောရဲပါ သည်။ လူမှုနယ်ပယ်တွင် ဆရာကို နေရာပေးရာ၌
မြန်မာကို ဘယ်လူမျိုးမှ မမီဟုပင် ပြောနိုင်ပါသည်။ နိုင်ငံတကာတွင်လည်း တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ဆရာကို သူ့နည်း သူ့ဟန်နှင့် အလေးထား နေရာပေးကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဂျပန်လူမျိုးတို့က ဆရာကို "ဆန်းဆေး" ဟု ခေါ်ဝေါ် သုံးစွဲကြရာ အမြော်အမြင် ကြီးမားသူဟု အဓိပ္ပာယ်ရပါသည်။
ဆရာ့အရှိန်အဝါမှာ နိုင်ငံတကာတွင် မြင့်မားလှပါသည်။ အထူးသဖြင့် ဆရာများ၏
သြဇာမှာ တပည့် များအပေါ် ကြီးမားလှသည်။ ဆရာ၏ အမှတ်မထင် ဆိုစကားကြောင့်
တပည့်များ၏ ဘဝတွင် အမှတ် ထင်ထင် ချိုးကွေ့ကြရသည့် သာဓကများလောကတွင်
အထင်ရှား ရှိပါသည်။ စာရေးသူမှာ ဗီဇကိုက ဂီတတွင် ဝါသနာထုံသူ
ဖြစ်ပါသည်။ တစ်နေ့တွင် အတန်းပိုင်ဆရာသည် စာရေးသူတို့ စတုတ္ထတန်း
ကျောင်းသားများကို အတန်းရှေ့ခေါ်ပြီး ကြိုက်နှစ်သက်ရာ တေးတစ်ပုဒ်စီ
သီဆိုခိုင်းပါသည်။ စာရေးသူအလှည့် သီဆိုပြီးသောအခါ ဆရာကဤသို့ ထောပနာပြုကာ မှတ်ချက်ပေးပါသည်။
"အေး-မင်းအသံလေးကတော့ မဆိုးလှပါဘူး၊ ဒါပေမယ့် သီဆိုရာမှာ
အရေးအကြီးဆုံးဖြစ်တဲ့ သံနေ သံထား၊ သံကျမှာတော့ မင်းမမီဘူး။ လိုနေ ဟနေတာ
ငါတွေ့ရတယ်။ အေး-ကြိုးစားပေါ့ကွာ" တဲ့။ အဲဒီအချိန်ကစပြီး စာရေးသူ
နှလုံးသားထဲမှာ "ငါဟာ တေးမဆိုတတ်သူပါလား၊ တေး အဆိုမရသူပါ လား" ဆိုသည့်အတွေး
အစွဲကြီးက တောက်လျှောက်ပါလာရာ ယနေ့အထိ တေးဂီတ ဝါသနာပါလျက် နှင့်
တေးတစ်ပုဒ်ပင် မရသူအဖြစ် ကြုံရဆဲ ဖြစ်ပါတော့သည်။ ဆရာ့ မှတ်ချက်သည်လည်း မမှားပါပေ။ ငယ်နုလွန်းသူ ကျွန်တော်အဖို့ မည်ကဲ့သို့ ဌာန်ကရိုဏ်းကျစွာ သီဆိုနိုင်ပါမည်နည်း။ သြော်…..ဆရာ့သြဇာကား ထိရှလှပေစွ။
ဤတွင် ရှင်နာဂသေန၏ ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါးမှာ မှတ်ဖွယ်၊ လိုက်နာဖွယ်
ကောင်းလှသဖြင့် ဖော်ပြ လိုပါသည်။ ဆရာ့အခန်း၊ ဆရာ့ကဏ္ဍကို
မီးမောင်းထိုးပြထားသည်မှာ ထင်လင်းလှပါသည်။ ဆရာသည် သူ၏ တပည့်များကို ၁။ မျက်ခြည်မပြတ် စောင့်ရှောက်အပ်၏။ ၂။ မှီဝဲအပ်၊ မမှီဝဲအပ်သော ပုဂ္ဂိုလ်ကို သိ၏။ ၃။ ပေါ့တန်သည် မပေါ့တန်သည်ကို သိ၏။ ၄။ နေရာထိုင်ခင်းကိုသိ၏။ ၅။ ကျန်းမာရေးကို သိ၏။ ၆။ အစာအဟာရ ရမရကို သိ၏။ ၇။ ထူးခြားမှုကို သိ၏။ ၈။ အစာရေစာကို ဝေဖန်၏။ ၉။ အားပေးစောင့်ရှောက်တတ်၏။ ၁၀။ ကျောင်းတွင်းအပေါင်းအသင်းကို သိ၏။ ၁၁။ ရပ်ရွာထဲရှိ အပေါင်းအသင်းကို သိ၏။ ၁၂။ အပေါင်းအသင်းကို ဝေဖန်၏။ ၁၃။ အဖျင်းပြော၍ မရယ်မော။ ၁၄။ အတင်းပြော၍ အရောမဝင်။ ၁၅။ အပြစ်ကို သည်းခံ၏။ ၁၆။ ရိုသေမှု မပြု။ ၁၇။ အတတ်ပညာကို အကြွင်းမထား။ ၁၈။ အတတ်ပညာကို မလျှို့ဝှက်။ ၁၉။ တော်စေ တတ်စေလိုခြင်း။ ၂၀။ တတ်ပြီးပညာ မမေ့လျော့စေခြင်း။ ၂၁။ ပညာတတ် ဖြစ်စေလိုခြင်း။ ၂၂။ မေတ္တာစိတ်ထားကြီးမားခြင်း။ ၂၃။ ဘေးရန်ရောက်သော် မစွန့်ခွာခြင်း။ ၂၄။ သတိအမြဲရှိစေခြင်း။ ၂၅။ အားပေးချီးမြှောက်ခြင်း။ စသည့်ဆရာ့မေတ္တာ၊ ဆရာ့စေတနာ၊ ဆရာ့ဂုဏ်အင်္ဂါများကို ထောင့်စေ့အောင် ဖွင့်ဆိုထားသည်မှာ အဖိုးတန်လှပါသည်။ ဆရာ့ဘဝကို တန်ဖိုးထားသူများက "သိက္ခာကို ရိက္ခာနှင့် မလဲနိုင်" ဟု ဆိုကြပါသည်။ တချို့ကလည်း "ကျောင်းဆရာဂုဏ်ဟာ ရောင်းစရာကုန်မဟုတ်ပါ" တဲ့ ထိမိလှတဲ့ အသုံးအနှုန်း ဖြစ်ပါ သည်။ "ဆရာ့ဝေဒနာကိုညှာတာပြီး ကြီးပွားရေးအတွက် စီးပွားရေးဈေးကွက်နဲ့ မတွက်သင့်ဘူးလေ" တဲ့ ဆိုပြန်ပါသည်။ ကဗျာစာဆိုတစ်ဦးက ဤသို့ဖွဲ့ဆိုထားပြန်ပါသည်။ "ကျောင်းဆရာ" ဆိုတဲ့ စကားလေးသုံးလုံး ကွန်ပျူတာထဲ ထည့်သုံးကြည့် ငွေအသပြာ မရှိပေမယ့် စေတနာအပြည့်နဲ့ဆိုတာ အဖြေရှာ သိလိမ့်မယ်တဲ့။ (ဆရာအောင်လံ တင်ဝင်း အောင်ဟု ထင်ပါသည်။) အောင်မြင်သောဆရာ (efficient-teacher) ဖြစ်ရေးအတွက်ဂျာမန်ပညာရေးပါရဂူ "ဂျိုဟန်ဖရိုက်ဒရစ်" ၏နည်းမှာ မှတ်သားဖွယ် ကောင်းပါသည်။ "PPAGA" P = preparation = ကြိုတင်ပြင်ဆင်ခြင်း P = preparation = အတင်အပြ၊ အသင်အပြ ကောင်းခြင်း A = association = ကျိုးကြောင်း ဆက်စပ်သင်ပေးခြင်း G = genratization = ခြုံငုံသုံးသပ်တတ်ခြင်း A = application = လက်တွေ့အသုံးချတတ်ခြင်း တို့မှာ အောင်မြင်သော ဆရာတစ်ဦး၏ အရည်အသွေးများဖြစ်ပါသည်။ သင်ဘယ်လိုဆရာလဲ။ ဆရာတူ တပည့်များ ပေါ်ထွက်လာလိမ့်မည်။ ဆရာတော်မှ တပည့်တော်မည်။ ဆရာရှော်က တပည့်ရှော်မည်။ တော်မှာလား ရှော်မှာလား။ မိမိသာ အခရာ ဖြစ်ပါသည်။ As is the teacher so is the pupil. ဟု ဆိုထားသည်မှာ အလွန်မှန်ပါသည်။
မည်သို့ဆိုစေ ပညာရေးလောကဆိုသည်မှာ ဆရာတပည့်တို့၏ နူးညံ့သိမ်မွေ့လှသော
မေတ္တာသံယော ဇဉ်ကလေးများဖြင့် ပေါင်းစည်း ဖွဲ့နှောင်ထားသည့်
ကမ္ဘာငယ်ကလေးတစ်ခုပင် မဟုတ်ပါလား။ "လူမလိမ္မာ လူ့မိစ္ဆာနှင့် ကြုံလာတော့မိ တွေ့ရဘိလည်း ဒိဋ္ဌိပယ်နွှေး သိကြောင်းမေး၍ နည်းပေးဆရာ မြောက်လိုပါ၏။"
|
0 comments:
Post a Comment