February 1, 2013

''လိတ်လဲုင်,ဥယျာဉ်;'' ပအိုဝ်းစာစောင်(မဂ္ဂဇင်း) ထွက်နေပြီ။


==============================

သည်စာစောင်ဟာ မြန်မာလိုဆိုရင် ''စာပေဥယျာဉ်''လို့ အဓိပ္ပါယ်ရပါတယ်။ ဆီဆိုင်(သထုံလေး)မြို့နယ်က ထုတ်ဝေတာ ဖြစ်ပါတယ်။
ထုတ်ဝေတာ ယခုနှစ်နဲ့ပါဆိုရင် (၈)နှစ်သက်တမ်း ရှိသွားပါပြီ။
ဆီဆိုင်မြို့ ဇ၀နာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးထုတ်ဝေတာ ဖြစ်ပါတယ်။
စာပေ၀ါသနာ ပါကြတဲ့ ဘုန်းကြီးနဲ့ လူပုဂ္ဂိုလ် စာပေပညာရှင်တွေ အချိုးကျကျ သေချာကျစ်လစ် စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဲသည်စာစောင်မှာ ပါဝင်ကြတဲ့
အဓိက ပင်တိုင်ကလောင်ရှင်တွေကတော့
ဆရာတော် ဦးကောဝိဒ ၊ ( သထွုံးပေးခွန်မောင်)၊ ခွန်သုကာ၊
ခွန်လျာသန်း၊ ခွန်ကြာဒိုး၊ ခွန်ခုံးခေင်း၊ မျိုစဲစ်ခွန်၊ ခွန်သုမောင်း၊ ခွန်အိုက်ဖောရက်၊ ခွန်ကြွယ် ၊ ခွန်သမိန်ဗရမ်း ၊ ခွန်ကုဝေ ကျုံးခွန်လှကျော်၊ ဗွေးစန္ဒာဝရ၊ ခွန်ဖူးမောင်း၊ ခွန်မျတ်ခမ်း၊
သုတခွန်မောင်း စတာတွေ ဖြစ်ပါတယ်။

လိတ်လဲုင်,ဥယျာဉ်; စာစောင်အဖွဲ့ဟာ အဖွဲ့အစည်း တည်တံ့ခိုင်မြဲမှု ရှိသလောက် ဆီဆိုင်မြို့နယ်က ပအိုဝ်းရွာတိုင်းလိုလိုက မိဘပြည်သူတွေ ငွေအားနဲ့ အများအပြား ပါဝင်လှူဒါန်းအားပေးကြတွေ့ရပါတယ်။
ဆရာ ဒကာ လက်တွဲညီညီ မိခင်ပအိုဝ်းစာပေ တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့အတွက်
ဝမ်းသာအားရစရာ ကောင်းလှပါတယ်။

အခြားသော ပအိုဝ်းဒေသက မြို့နယ်တွေမှာလည်း
လိတ်လဲုင်,ဥယျာဉ်;စာစောင်ကို အတုယူနည်းမှီပြီး
စာပေလှုပ်ရှားမှုအသွင်နဲ့ တနိုင်တပိုင် လုပ်ဆောင်လာကြတာကို ၀မ်းသာဖွယ်ရာ တွေ့ရပါတယ်။
တကယ်တော့လည်း ကိုယ့်တိုင်းရင်းသားမိခင်စာပေ ဖွံ့ဖြိုးဖို့အတွက်
ကိုယ်မှ မလုပ်ရင် ဘယ်သူမှ လာမလုပ်ပေးနိုင်ပါဘူး။

ယခုအချိန်ထိ ပအိုဝ်းစာနယ်ဇင်းလောကကို ပြန်ကြည့်ရင် ဒဲဉ်သီးလက်ဆောင် စာစောင်က ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
သည်လိတ်လဲုင်,ဥယျာဉ်;က
'' ဒဲဉ်သီးလက်ဆောင်;'' စာစောင်ပြီးရင် ဒုတိယအနေနဲ့
ရောင်းအားအကောင်းဆုံး စာစောင်ဖြစ်တယ်။
တနှစ်ပြီးတနှစ် စာစောင်အရည်အသွေး တိုးတက်ရုံတင်သာမက
စာဖတ်ပရိသတ် တဖြည်းဖြည်း များပြားလာတာကို တွေ့ရပါတယ်။

သည် '' လိတ်လဲုင်,ဥယျာဉ်; '' စာစောင်ဟာ
ထုထည်ကြီးမားပြီး ပရိသတ်အမာခံ အများအပြား၇ှိတာမို့လို့
တနည်းအားဖြင့် ပအိုဝ်းစာနယ်ဇင်းလောကကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။
နှစ်စဉ် အောင်မြင်စွာနဲ့ ရေရှည် ထုတ်ဝေသွားနိုင်မယ်ဆိုတာ
အထူးပြောစရာ မလိုပါဘူး။

ယခုနှစ် ထုတ်ဝေတဲ့ လိတ်လဲုင်,ဥယျာဉ်;စာစောင်မှာ
စာမျက်နှာ (၂၇၄)၊ ရှေ့ပိုင်း အရွက်(၁၆)လောက်ကို ကာလာဓာတ်ပုံ စာရွက်ချောတွေနဲ့ မာတိကာ၊ လှုပ်ရှားမှုသတင်း၊ ရှားပါးဓာတ်ပုံ
အဖွင့်ကဗျာနဲ့ ကာတွန်းသရုပ်ဖော် စတာတွေကို
ဒီဇိုင်းကျကျနနနဲ့ စပါယ်ရှယ် တင်ဆက်ရိုက်နှိပ်ထားတာကို တွေ့ရတယ်။
စာရွက်ကောင်းနဲ့ ရိုက်နှိပ်ထားတာမို့လို့
ဆိုင် ရောင်းဈေးက (၂၀၀၀)ကျပ် ဖြစ်ပါတယ်။
အုပ်ရေက (၃၃၀၀)ဖြစ်တယ်။
ရန်ကုန် မြရတနာပုံနှိပ်တိုက်မှာ ရိုက်နှိပ်တယ်လို့ သိရပါတယ်။

ပအိုဝ်းအမျိုးဘာသာ သာသနာ စည်ပင်တိုးတက်အောင်
ပအိုဝ်းမိဘပြည်သူများ အကျိုးရှိအောင်
သည် '' လိတ်လဲုင်,ဥယျာဉ်; '' စာစောင်က
ကလောင်အစွမ်းဖြင့် တဖက်တလမ်း အထောက်အပံ့ အားပြုထားတာမို့
ပအိုဝ်းစာဖတ် ပရိသတ်များ အထူးနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ကဏ္ဍစုံလင်စွာ ဖွယ်ဖွယ်ရာရာ တင်ပြထားတဲ့အတွက်
အွန်လိုင်း စာဖတ်ဝါသနာရှင် ရောင်းရင်းမိတ်ဆွေများ
အပြင်မှာ တခဲနက် ၀ယ်ယူအားပေးနိုင်တဲ့အကြောင်း
သတင်းကောင်းအနေနဲ့ ကြေညာမောင်းခတ် တင်ပြလိုက်ရကြောင်းပါ။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

ခွန်ခမ်းကူ

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts