ဗောင်းအရပ်သို့ မရောက်ဖြစ်တာ ကြာခဲ့ပါပြီ။
ဒါပေမယ့် သည်နှစ်မှာတော့ ဇာတိရပ်-နောင်တရားမှာ သင်္ကြန်ကျတာမို့လို့
ဗောင်းကျောင်းကို ဆရာကန်တော့ဖြစ်ခဲ့တယ်။
ဗောင်းဟာ အရင်ကလို မဟုတ်တော့ပဲ
တမူထူးခြားစွာ တိုးတက်နေတဲ့ ဗောင်းဖြစ်နေတာကို
အံ့သြစွာ တွေ့ခဲ့ရပါတယ်။
ဗောင်းရွာခံပုဂ္ဂိုလ်နဲ့ စကားစပ်မိလို့
ဗောင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အနည်းငယ်ကို
ဗဟုသုတအဖြစ် သိရှိခွင့်ရခဲ့တယ်။
တကယ်တော့ ဗောင်းကျောင်းတိုက်ဟာ
နောင်တရားမြို့ကနေ အရှေ့ဖက်ကို ထီရီးဗောင်းလမ်းအတိုင်း
(နောင်တရား= ကောင်နာ(နဂါးပတ်)=ပင်ခါး= ထီရီး=ထီရီးတယန်= ဗောင်းကျောင်း)သို့
ကား/ဆိုင်ကယ်တွေနဲ့ ၄၅မိနစ်လောက် သွားရပါတယ်။
ကားလမ်းဘေးဝဲယာမှာ လက်ဖက်ခြံ၊ လိမ္မော်ခြံ၊
သစ်တော်ခြံတွေ တညီတညာ အစီအရီ စိုက်ထားကြတာကို
တွေ့ရပါတယ်။
တောင်စောင်းအမြင့်တွေမှာတော့ လက်ဖက်ခင်းတွေက ပိုများပါတယ်။
စိမ်းစိုတဲ့ သစ်ပင်အုပ်တွေလည်း မနဲပါဘူး။
မျက်စိပသာဒ ငြိမ်းအေးစရာ ကောင်းလှပါပေတယ်။
ထီရီးတယန်ရွာတောင်ဘက်ကနေ ကြည့်လိုက်ရင်
သာယာလှပတဲ့ တောင်ခြေကြားမှာ
ပအိုဝ်းတိုင်းရင်းသားရဲ့ ဓလေ့အတိုင်း ကျောင်းတပြောင်ပြောင်
ရွှေရောင်တ၀င်းဝင်း နဲ့ ကြီးကြီးမားမား ဆောက်လုပ်ထားတဲ့
အဓိကရ ဗောင်း(လွယ်ဗောင်း)ကျောင်းတိုက်ကို အထင်းသား မြင်ရမှာဖြစ်တယ်။
ဗောင်းကျောင်းတိုက်မှာ ပုံမှန်သံဃာ (၄)ပါးရှိပါတယ်။
လက်ရှိဆရာတော်ရဲ့ ဘွဲ့အမည်ကတော့
ဘဒ္ဒန္တအရိယ အရှင်သူမြတ်ဖြစ်ပါတယ်။
သက်တော်(၇၉)နှစ်ရှိပြီး ကျန်းမာရေးသိပ်မကောင်းရှာဘူးလို့ ပြောပါတယ်။
သီလဂုဏ် သမာဓိဂုဏ်နဲ့ပြည့်စုံပြီး
ဝိနည်းဓိုရ်အဖြစ် နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် အရိယ၀ံသမြို့ဦးကျောင်းတိုက်က
တိုက်အုပ်ဆရာတော်နဲ့ တိုက်ကြပ်ဆရာတော်တို့ဟာ
ဆရာတော်ရဲ့ တပည့်တွေဖြစ်ပါတယ်။ အခြားသော မြို့စာသင်တိုက်တွေမှာ
စာသင်နေကြတဲ့ စာသင်သား တပည့်သံဃာတွေလည်း
အများကြီး ရှိတယ်လို့ သိရပါတယ်။
ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတာ
သည်လိုမျိုးကို ဆိုလိုတာဖြစ်ပါလိမ့်မယ်။
ဗောင်းကျောင်းတကာကို ရေတွက်ပြရရင် ဗောင်းထီအွီ;၊ ဗောင်းမော်ဒုံ၊
ဗောင်းပြူ;လောင်း၊ ဗောင်းဆောင်;ဖဲုင်၊ ဗောင်းပြုံ;၊
ဗောင်းကျောင်,ထျ,၊ ဗောင်းထီရီးတယန် စုစုပေါင်း (၇)ရွာရှိပါတယ်။
ဗောင်းသူဗောင်းသားများဟာ သဘောဖြူ ဆက်ဆံရေးကောင်း၊
ဧည့်ဝတ်လည်း ကျေကြတာကို တွေ့ရပါတယ်။
အိမ်ခြေအားဖြင့် (၄၀၀)နီးပါးခန့် ပြီး
နောင်ပီကျေးရွာအုပ်စုထဲမှာ ပါဝင်တယ်လို့ သိရတယ်။
ဗောင်းကျောင်းတကာတွေဟာ စီးပွားရေးအနေနဲ့
လက်ဖက်၊ သစ်တော်၊ လိမ္မော်နဲ့ အာလူးတွေကို စိုက်ပျိုးကြပါတယ်။
လက်ဖက်နဲ့ အာလူးကိုတော့ အဓိကထား စိုက်ကြတာ များပါတယ်။
ဗောင်းလက်ဖက်ဟာ အရသာရှိပြီး သောက်လို့ အင်မတန်ကောင်းသလို
ဈေးကွက်မှာလည်း မျက်နှာပန်းလှ ဈေးကောင်းလည်း ရပါတယ်။
ရွာတွေကို ကြည့်ရင် တိုက်အိမ်တွေကသာ များပါတယ်။
ဒါကို ကြည့်ခြင်းကြီးအားဖြင့် စီးပွားရေးမနိမ့်ကျဘူးလို့
ကောက်ချက်ချရမှာဖြစ်တယ်။
လမ်းပန်းဆက်သွယ်ရေးကို ကြည့်ရင်လည်း ပင်ခါးရွာနားကနေ ထီရီးရွာအ၀င်(ဗောင်းသို့သွားသောလမ်းခွဲ)အထိ
ကွန်ဂရစ်လမ်းတွေကို ခင်းထားတာကို တွေ့မြင်နိုင်ပါတယ်။
လောကသုခလမ်းလို့ အမည်ပေးထားလေရဲ့၊
တောင်ကြီးမြို့ အရိယ၀ံသမြို့ဦးကျောင်းတိုက်က
ဗောင်းဇာတိ တိုက်ကြပ် ဦးနန္ဒ၀ံသ ဦးစီးပြီး ဒကာတွေစုပေါင်းအားနဲ့
ကိုယ်ထူကိုယ်ထ ခင်းထားတာဖြစ်တယ်။
ကျန်တဲ့လမ်းအပိုင်းကတော့ ကျောက်ခင်းလမ်းချည်းပါပဲ၊
ဒါပေမယ့် သွားလာလို့ အဆင်ပြေပါတယ်။
ဦးနန္ဒ၀ံသဟာ ကိုယ့်ရပ်ရွာ လူနေမှုအဆင့်အတန်းမြင့်မားဖို့အတွက်
လိုအပ်တဲ့ လမ်းတွေကို ဦးဆောင်လုပ်ပေးသလို
အစိုးရလျှပ်စစ်မီး ရရှိဖို့အတွက်လည်း စွမ်းဆောင်ပေးတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရေရှားတဲ့ အနီးအနား စင်းကပ်၊ ဘန်းဘိန်း၊ ထီဖါး ကျောင်းတကာတွေကိုပါ
ဘောင်းရေထွက်ဦး(လှောင်ကန်)ကနေ သွယ်ပေးတယ်လို့ သိရပါတယ်။
အဲသလို အရှင်မျိုး ရှိနေမှတော့ ရပ်ရွာတိုးတက်တာ မထူးဆန်းတော့ပါဘူး၊
ထို့အတူ ဒကာတွေလည်း နောက်ကနေ ညီညီညွတ်ညွတ် လိုက်လုပ်ကြလို့
ပိုပြီး ခရီးတွင် အရာရောက်တာဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းမှာလည်း အလယ်ကျောင်းကြီးသာမက
သာသနိကအဆောက်ဦး ဓမ္မာရုံကြီး၊ ဆွမ်းစားကျောင်း စသဖြင့် ပြည့်စုံတာမို့လို့
ဆရာတကာ တာဝန်ကျေရာရောက်ပြီး အားကျ အတုယူစရာ ကောင်းလှပါတယ်။
သည်နေရာမှာ ချီးကျူးစရာကောင်းတာက
တောင်ကြီးမြို့နဲ့ အခြားမြို့ကြီးတွေမှာ အခြေချပြီး
ပွဲစားနဲ့ ကြီးပွားကြတဲ့ ဗောင်းဇာတိသူ/သားတွေဟာ
ကိုယ့်ရဲ့ချက်မြုပ်ရာ ဗောင်းရပ်ရွာ/ကျောင်းအတွက်
ကျေးဇူးတရား မမေ့ကြပါဘူး၊
ရက်ရက်ရောရော အလှူအတန်းပြန်လုပ်ကြတယ် ဆိုတာပါပဲ။
ဥပမာ -ဗောင်းဘုံကထိန်ပွဲကျရင် မြို့ကြီးပြကြီးကနေ တကူးတက
ကထိန်ပြန်ခင်း၊ အလှူပဒေသာပင် နှစ်စဉ် ပြန်လုပ်ကြပါတယ်။
ပညာရေးကတော့ ဘုန်းကြီးကျောင်းရဲ့မြောက်ဖက်က
အလယ်တန်းကျောင်း ရှိတာမို့လို့ ဘယ်လိုအခြေအနေ ၇ှိတယ်ဆိုတာ
ခန့်မှန်းမိသားပါ။
ကျောင်းသား ၂၅၀-ဦးနဲ့ ဆရာ/မ ၁၅-ဦးခန့် ရှိတယ်လို့ သိရပါတယ်။
အမြင်ကျယ်ကျယ်နဲ့ မိဘဆရာပူးပေါင်းပြီး အားပေးကြတဲ့အတွက်
ကလေးတွေအနေနဲ့ ပညာရေး အောက်ကျနောက်ကျ မဖြစ်ကြပါဘူး။
၁၀တန်းအောင် တက္ကသိုလ် ရောက်သွားတဲ့သူတွေလည်း
မနဲဘူးလို့ သိရပါတယ်။
ပညာရေးအဆင့်အတန်းမြင့်ရင် ရပ်၇ွာလည်း
အလိုအလျောက် မြင့်လာတာပါပဲလေ။
သည်နေရာမှာ ထူးခြားတာတစ်ခုကို သွားတွေ့မိတယ်။
ဘုန်းကြီးကျောင်းမှာ ၀ါဆိုကျရင် ကိုရင်တွေ မရှိပဲ
ဘုန်းကြီးဦးဇင်းနဲ့ ကျောင်းသားပဲ ရှိတယ်တဲ့။
ကျောင်းသားဆိုတာကလည်း ဘုန်းကြီးကျောင်းမှာ အဆောင်သဘောမျိုး နေပြီး အလယ်တန်းကျောင်းမှာ သွားတက်ရတာ ဖြစ်တယ်။
တနှစ်မှာ ကျောင်းသားတစ်ဦးကို (၈)သောင်းကျပ်
ဘုန်းကြီးကျောင်းကို ပံ့ပိုးလှူရပါတယ်။
နေရေးထိုင်ရေးနဲ့ စားရေးသောက်ေ၇းကို
ဘုန်းကြီးကျောင်းက ပြန်ပြီး တာဝန်ယူပေးပါတယ်။
ဆရာတော်ကလည်း ကျောင်းသားတွေကို အနီးကပ်ကို ဂရုစိုက်ရှာပါတယ်။
ကျောင်းသားတွေကို ပစ်စလက်ခတ် မထားပဲ၊ စည်းကမ်းတကျ
နေ့စဉ် (နံနက်+ည) ဘုရားဝတ်တက်နဲ့ စာကျက်တာမျိုး
မပျက်ကွက်စေရဘူးလို့ သိရတယ်။
သည်နှစ်မှာတော့ ကျောင်းသား ၄၅-ဦး ရှိတယ်လို့ သိရပါတယ်။
ကျောင်းသားအနေနဲ့ ဘုန်းကြီးကျောင်းမှာ နေရလို့
စရိတ်စကလည်း သက်သာတယ်၊
နေရေးထိုင်ရေးလည်း အဆင်ပြေတယ်၊
ဘာသာရေးလည်း အခြေခံပါသွားတယ်၊
ပညာရေးလည်း တိုးတက်မှုရှိတယ်၊
မိဘတွေလည်း ကိုယ့်သားသမီးကို စိတ်ချတယ်၊
ပညာတတ်တွေ ဖြစ်စေရုံသာမက လိမ္မာရေးခြားဖြစ်အောင်လည်း
သွန်သင်ပေးတာမို့လို့ ကျောင်းသားတွေအတွက် ဗောင်းကျောင်းဟာ
ပဋိရူပ ရေခံမြေခံ ကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။
နောက်ပြီး အခြားသော ရပ်၇ွာနဲ့ မတူတဲ့ အချက်လည်း ရှိပါသေးတယ်၊
အဲဒါက ဘုန်းကြီးကျောင်းအတွက် လိုအပ်တဲ့ ဆွမ်းကွမ်းတာဝန်ကို
ဒါယကာတွေက အလှည့်ကျ တာဝန်ယူပါတယ်။
တစ်လှည့်ကို (၇)အိမ်နှုန်းနဲ့ ဖွဲ့ထားတယ်လို့ သိရတယ်။
မိမိတို့ ဆွမ်းအလှည့်ကျရင် ည(၇)နာရီအချိန် ဆွမ်းဟင်းယူပြီး
ကျောင်းမှာ တက်အိပ်ရတယ်၊
မနက်စောစော (၁)နာရီထိုးတာနဲ့ ထပြီး ဆွမ်းဟင်းချက်ရပါတယ်။
ကျောင်းတွင်း သံဃာနဲ့ ကျောင်းသားတွေကိုပါ
ဆွမ်းချက်အလှည့်သမားတွေက ပြင်ဆင်ပေးရပါတယ်။
နံနက်ဆွမ်းပြီးရင် အိမ်ကို မပြန်ရသေးပဲ
နေ့ဆွမ်းအတွက် ချက်ပြုတ် ပြင်ဆင်ရပါတယ်။
နေ့လည် ဆွမ်းဟင်းပြင်ဆင် ဝေယျာဝစ္စတွေ
ဆေးကြောသည့်အထိ ပြီးမှ အိမ်ကို ပြန်ရပါတယ်။
သည်လို သံဃာဆွမ်းကွမ်းကို အနီးကပ် ဆောင်ရွက်ရတဲ့အတွက်
ဒါယကာတွေက ဘုန်းကြီးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုရှိတာကို တွေ့ရပါတယ်။
သံဃာတော်တွေလည်း ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ကြတာနဲ့အညီ
ဥပမာ- လိမ္မော်သီး၊ ငရုတ်သီးတောင့် စတာတွေကို ဘုန်းကြီးတွေထံ ဆက်ကပ်ရင်
ဘုန်းကြီးတွေ အပြစ်အာပတ် မသင့်ရအောင်
ဒကာတွေက အလိုက်သိသိ ကပ္ပိယံ ကရောဟိ -ဆိုပြီး
ကပ္ပိကြတာကို လေ့လာတွေ့တယ်။
အပျိုတွေက ရွာအလှည့်ကျ ၅ရက်တခါ ဘုရားပန်း တက်လဲကြရပါတယ်။
ရွာတိုင်းမှာလည်း ဓမ္မစကြာဝတ်အသင်းရှိပြီး
သီတင်းဥပုသ် အခါကြီးရက်ကြီးတွေမှာ ရွတ်ဖတ်ပူဇော်ကြတာကို သိရပါတယ်။
ဒါကြောင့်မို့ ဗောင်းကျောင်းတကာ/မများအားလုံး ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ
သက်ဝင်ကြပြီး ကပ္ပိယကောင်း အထူးပီသကြတာကို အားရဖွယ်ရာ တွေ့ရှိရပါတယ်။
ရိုးရာဘာသာ သာသနာအမွေ မပျောက်ပျက်အောင်
ထိန်းသိမ်းစောင့်ရှောက်ကြတာကို တွေ့ရလို့ ဂုဏ်ယူဝမ်းသာမိပါတယ်။
ထူးခြားတာ နောက်တစ်မျိုးက ဗောင်းရပ်ရွာကနေ
အနုပညာရှင်တွေလည်း ထွက်ပေါ်သေးတယ်လို့ သိရပါတယ်။
ပြောရရင် ဗောင်းပြုံးဒုံဇာတိ - အဆိုတော် ခွန်ဇာခွန်၊
ဗောင်းမော်ဒုံဇာတိ - အဆိုတော် ခွန်အောင်နိုင်၊ ခွန်အောင်နိုင်ဦးတို့ပါပဲ။
အဆိုတော် ခွန်ရဲသွေးရဲ့ အဘိုးဟာလည်း
ခွန်အောင်နိုင်ရဲ့ အဖေအရင်းလို့ သိရပါတယ်။
ဒါကိုကြည့်ရင် ဗောင်းအရပ်ဟာ
အနုပညာ ရေမြေခံရှိတယ်လို့ ဆိုရမှာဖြစ်တယ်။
အချုပ်ပြောရရင် ဗောင်းရပ်ရွာဟာ မြို့ပြနဲ့ အလှမ်းဝေးတယ်ဆိုပေမယ့်
အခြားသော ကျေးရွာထက် အစစရာရာ ပြည့်စုံတိုးတက်နေတာကို တွေ့ရပါတယ်။
စံပြ အတုယူစရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး၊
ဗောင်းသို့ ရောက်ဖူးသူ ရှိကြသလို မရောက်ဖူးကြတဲ့ ရဲုင်းဖက်သူငယ်ချင်းတွေလည်း
လမ်းကြုံရင် အလည်လာရောက်နိုင်ပါကြောင်း ကိုယ်စားအနေနဲ့
ဖိတ်မန္တကပြုရင်း တင်ပြလိုက်ရပါတယ်။
ခွန်ခမ်းကူ (၁၉- ၄- ၂၀၁၃)
0 comments:
Post a Comment