April 24, 2013

ဘယ်ပအိုဝ်းစာကို သင်ယူရမှာလဲ - - - ?

ယခုအချိန်ခါမှာ နိုင်ငံတော်အစိုးရက တိုင်းရင်းသားအခွင့်အရေးတွေကို
ပေးလာပြီဖြစ်တယ်။
... ပအိုဝ်းစာတောင်မှ အစိုးရအတန်းကျောင်း မူလတန်းအဆင့်မှာ
သင်ယူဖို့ ခွင့်ပြုလာပြီဖြစ်တယ်။
(၂၃-၄-၂၀၁၃)နေ့ တောင်ကြီးမြို့၊ ထီသိမ်ကျောင်းမှာ သင်တန်းနည်းပြဆရာကို
တမြို့နယ်လျှင် (၄)ဦးစီ ခေါ်ပြီး၊ ဆရာဖြစ်သင်တန်းကို စတင် ပို့ချနေပြီလို့ သိရပါတယ်။

မကြာမီ အဲဒီ(၄)ဦးက ကိုယ့်နယ်ဒေသကို ပြန်ရောက်တဲ့အခါ ချက်ချင်းပဲ အတန်းကျောင်း(၁)ကျောင်းလျှင် (၂)ဦးကျ
ဆင့်ပွားသင်တန်းအဖြစ် သင်တန်းသား/သူ ရာချီလောက်ကို ဆရာဖြစ်သင်တန်း ပြန်လည်ပို့ချမှာ ဖြစ်ပါတယ်။

အဲသလိုနဲ့ ပအိုဝ်းနယ်ဒေသအသီးသီးရှိ မူလတန်းအဆင့် အတန်းကျောင်းတွေမှာ
မိမိတို့ရဲ့ ပအိုဝ်းစာကို သီးခြား(၁)ချိန်အဖြစ်
ပို့ချ သင်ကြားခွင့်ရရှိစေမှာ ဖြစ်ပါတယ်။
ပအိုဝ်းတိုင်းရင်းသားလေးတွေလည်း အခြားသောဘာသာရပ်နဲ့ တန်းတူ
မိမိတို့ရဲ့ပအိုဝ်းစာကို အားရကျေနပ်စွာ သင်ယူရရှိတော့မှာဖြစ်ပါတယ်။

သည်လိုအချိန်မှာ မွန်ပြည်နယ် သထုံမြို့က ပအိုဝ်းခွန်တန်နွယ်ကွန်ရက်က ကြီးမှူးပြီး
ပအိုဝ်းစာ၊ ကွန်ပျူတာနဲ့ အင်္ဂလိပ်ဘာသာရပ်သင်တန်းကို ဖွင့်လှစ်ပို့ချနေတာကို တွေ့ရလို့
အရမ်းပဲ ၀မ်းသာမိပါတယ်။ အားပေးမိပါတယ်။

ဒါပေမယ့် ပအိုဝ်းစာကို သင်ယူတဲ့အပိုင်းမှာ တောင်ပေါ်က သင်ယူနေတဲ့ ပအိုဝ်းစာမူနဲ့ မတူကွဲပြားတာကို တွေ့ရလို့ ဇဝေဇ၀ါ ဒွိဟသံသယ ဖြစ်မိတယ်။
တောင်ပေါ်ရှမ်းပြည်မှာ သင်ယူနေကြတဲ့ ပအိုဝ်းစာ
(အများအားဖြင့် ထီသိမ်မူလို့ခေါ်ဝေါ်ကြတယ်) ဟာ နိုင်ငံတော်အစိုးရကော၊ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးက တညီတညွတ်နဲ့ အတည်ပြုထားတဲ့
ပအိုဝ်းစာမူဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားတွေ ကျေးဇူးများတဲ့ တောင်ကြီး ပထမတောင်ကျောင်းကြီး
ဆရာတော် ဦးနရိန္ဒနဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ တို့ကအစ ဦးဆောင်လက်ခံထားတဲ့ စာမူလည်း ဖြစ်ပါတယ်။
အလံတရာစာမူကို ပအိုဝ်းတမျိုးသားလုံးက လုံးဝ အတည်မပြုဘူးဆိုတာ ဘယ်သူ့ကိုမဆို သွားမေးလို့ရပါတယ်။

နိုင်ငံတော်အစိုးရက လက်ရှိအနေနဲ့ သင်ကြားခွင့်ပြုတာနဲ့ ပတ်သက်ပြီး
အောက်ပြည်က ပအိုဝ်းဒေသ အတန်းကျောင်းမှာကော ပအိုဝ်းစာ သင်ကြားခွင့်ရရှိရဲ့လား၊
သင်ကြားခွင့်ရရှိခဲ့လျှင်လည်း ရှမ်းပြည်က သင်ယူတဲ့ ပအိုဝ်းစာနဲ့ မတူပဲ သထုံအလံတရာမူ (ပုံပါမြင်ရတဲ့အတိုင်း)နဲ့ပဲ သင်ကြားစေမှာလား။
ဒါမှမဟုတ် ရှမ်းပြည်မှာ သင်ယူတဲ့ ပအိုဝ်းစာမူအတိုင်း သင်ကြားမှာလား ဆိုတာကို
သဲသဲကွဲကွဲ မသိရဘူး။
ပအိုဝ်းအကြီးအကဲများကတော့ ပအိုဝ်းစာ(၂)မျိုး သင်ယူနေတဲ့ အနေအထားကို
သိပ်ကျေနပ်မှာ မဟုတ်ဘူး။

ပအိုဝ်းစာသင်ယူနေကြတယ်ဟေ့ ဆိုပြီး အားလုံးကတော့ ၀မ်းသာနေကြလေရဲ့။
ဒါပေမယ့် ပအိုဝ်းစာမှာ စာမူ(၂)မျိုး ရှိတာကို သိပ်ပြီး သတိမထားမိကြဘူး။
ရှမ်းပြည်စာမူနဲ့ သထုံအလံတရာမူ ဆိုပြီး ပအိုဝ်းစာမူ(၂)မျိုး ရှိပါတယ်။
သည်စာမူကြောင့်ပဲ ဆယ်စုနှစ်ချီအောင် ပြဿနာတွေ ဖြစ်ခဲ့ရတယ်၊
အချင်းချင်း စိတ်ဝမ်းကွဲခဲ့ရတယ်၊ အပြန်အလှန် နားလည်မှုတွေ ပျက်ယွင်းခဲ့ရတယ်။
တိုးတက်မှုတွေ နှေးကွေးခဲ့ရတယ်၊ စာမူကိုအကြောင်းပြုပြီး
ဘာသာရေးပဋိပက္ခတွေအထိပါ ဆက်လက် ဖြစ်ပွားခဲ့ရတယ်။

သထုံ ခွန်တန်နွယ်ကွန်ရက်အဖွဲ့ဟာ တက်ကြွတဲ့ ပအိုဝ်းလူငယ်တွေ
စုပေါင်းဖွဲ့စည်းထားမှန်း အများက သိထားကြပါတယ်။
အမျိုးဘာသာကို တိုးတက်စေလိုတဲ့ အာသီသရှိမှန်းလည်း သိရပါတယ်။
ဒါပေမယ့် သထုံခွန်တန်နွယ်ကွန်ရက်အဖွဲ့က ပအိုဝ်းစာနဲ့ ပတ်သက်ပြီး
လူမျိုးဘာသာအတွက် အရေးကြီးတဲ့ သည်အချက်တွေကို မသိလို့ပဲလား၊
သိရက်နဲ့ မသိကျိုးကျွံပြုပြီး ပအိုဝ်းအချင်းချင်း စည်းလုံးညီညွတ်မှု ကွဲပြားအောင်
တမင်သက်သက် ကြံဆောင်နေတာလားဆိုတာကို မေးခွန်းထုတ်စရာ တသီတတန်းကြီး
ဖြစ်ပေါ်စေပါတယ်။

ပအိုဝ်းအမျိုးသားများ ပြန်လည်သင့်မြတ်နေကြတဲ့ လမ်းကြောင်းပေါ်မှာ
ခုလို အများနဲ့ သွေဖည်တဲ့ စာမူမျိုးကို သင်ယူပို့ချခြင်းအားဖြင့်
နောက်ဆက်တွဲ ပြဿနာဟာ ဘယ်လောက်ထိ ကြီးမားကျယ်ပြန့်သွားမလဲဆိုတာ
စေ့စေ့တွေးကြည့်ရင် အင်မတန် အရေးကြီးပါတယ်။ ရင်လေးစရာလည်း ကောင်းပါတယ်။

ဆယ်စုနှစ်ချီအောင် ကြာမြင့်တဲ့ ပြဿနာတွေကို မျိုးဆက်သစ်လူငယ်တွေဆီ
အမွေဆက်ပေးသွားဦးမှာလား၊ အဲသလို ဆိုးမွေတွေကို ပေးလို့
သမိုင်းတခေတ် တာဝန်ကျေပြီလို့ အောက်မေ့ကြမှာလား၊
ဆရာတွေကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် လူငယ်တွေအနေနဲ့ စာပေကို အကြောင်းပြုပြီး
နောင်တချိန် အငြင်းအခုန် မပြုလုပ်ဘူးလို့ အာမခံရဲပါသလား၊
လူငယ်တွေကို သမိုင်းရဲ့ တရားခံမျိုးဆက်ဖြစ်အောင် သိမ်းသွင်းနေတာလား၊
အောက်ပြည်ပအိုဝ်းဆိုပြီး တစင်ထူထောင်ချင်တာလား၊
ဘယ်လိုပဲဖြစ်ဖြစ် ခုလိုမြင်နေရတဲ့ ပအိုဝ်းစာ အနေအထားကတော့
ကာရံမညီတာ အမှန်ပါပဲလို့ ဆိုချင်ပါတယ်။

မှတ်ချက် -
အထူးသဖြင့် ပအိုဝ်းခွန်တန်နွယ်ကွန်ရက်အနေနဲ့ သည်အလံတရာပအိုဝ်းစာမူကို သင်ကြားပို့ချစေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသား ပြည်သူတွေကို အမြင်ရှင်းအောင် ဖြေရှင်းချက်ပေးသင့်တယ်၊ တာဝန်ယူသင့်တယ်လို့ ယူဆရပါတယ်။
အများအထင်ကြီးအောင် သင်တန်းပို့ချနေတဲ့ပုံကို ထပ်ခါတလဲလဲ တင်ပြတာမျိုးတော့ ဘယ်သူမှ မလိုလားပါဘူး။

ခမ်းကောင်နီလိတ်------- နီလိတ်။
ခမ်းဒွမ်နီလိတ်--------- နီလိတ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts