မျိုးနွယ်စု
မြန်မာစွယ်စုံကျမ်းအတွဲ ၆၊ စာမျက်နှာ ၂၇၈ တွင် မေဂျာအင်းရစ်က ရှမ်းပြည်၊
သထုံနယ်တွင်ပအိုဝ်းတို့သည် နမ့်ခေ၊ တတောက်၊ ကွန်လုံကျဉ်စမ်းနှင့်
ခိုင်ဟူ၍လူမျိုးစုငါးစုကွဲသည်ဟုရေးသားဖော်ပြထားလေသည်။
ပအိုဝ်းတိုင်းရင်းသားအနွယ်စုတစ်ခုလုံး အဓိကပြောဆို သောစကားမှာ
ကွန်လုံစကားဖြစ်သည်။ ပအိုဝ်းမျိုးနွယ်စုကိုကွန်လုံ၊ ခရိုင်း၊
တတောက်ဟူ၍မျိုးနွယ်စုကြီးသုံးစုခွဲထားသည်။ ဟိုပုံးမြို့နယ်ရှိ
မဲနယ်တောင်ဒေသနှင့် ပင်လုံမြို့နယ်ကျန်းစန်းတောင်ဒေသတွင်နေထိုင်ကြသည်။
ကွန်လုံမျိုးနွယ်စုသည်စီးပွားရေတွင် အခြားမျိုးနွယ်စုထက်ပို
မိုဖွံ့ဖြိုးကြလေသည်။
“ခရိုင်း” ခေါ် အနွယ်စုမှာ ကွန်လုံအနွယ်စုနှင့်ရောနှောနေထိုင်လျက်ရှိကြပြီး
ဒုတိယလူဦးရေအများဆုံးမျိုးနွယ်စုဖြစ်၏။ ဤမျိုးနွယ်စု သည်
တောင်ကြီးမြို့၏တောင်ဘက်နောက်ပစ်၊ ထီရီး၊ နာရီ၊ ဟမ်စု၊
ဝင်ယနှင့်ပင်လောင်းဒေသတို့တွင်အများဆုံးနေထိုင်ကြသည်။ ဤအနွယ်
စုသည်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသဖြင့်
စီးပွားရေးအသင့်အတင့်ဖွံ့ဖြိုးလေသည်။
“တတောက်” အနွယ်စုမှာ ဓနု၊
တောင်ရိုးတိုင်းရင်းသားများနှင့်ရောနှောနေထိုင်ကြသည်ကိုတွေ့ရသည်။
ဤအနွယ်စုသည် အောင်ပန်း၊ ဟဲဟိုး၊ တီကျစ်ဒေသတွင် အများဆုံးနေထိုင်ကြပြီး
ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးတွင် ၀ါသနာထုံကြလေသည်။
ဦးမင်းနိုင်ပြုစုသည့် “တို့သွေး တို့သား တိုင်းရင်းသား” စာအုပ်၊
စာမျက်နှာ ၅၅ တွင်ပအိုဝ်းလူမျိုးတို့တွင် အနွယ် ၁၀ မျိုးခန့်ရှိသည်
ဟုဖော်ပြထားသော်လည်း ကျွန်တော်လေ့လာမိသမျှတွင် ပအိုဝ်းတိုင်းရင်းသားတို့၏
မျိုးနွယ်စုများနှင့်ပျံ့နှံ့နေထိုင်ရာဒေသများကို အောက်ပါ
အတိုင်းခွဲခြားလေ့လာနိုင်ပေသည်။
အမှတ်စဉ်
|
မျိုးနွယ်စု
|
ပျံ့နှံ့နေထိုင်ရာဒေသ
|
၁
|
ပအိုဝ်းကွန်လုံ
|
ဟိုးပုံမြို့နယ်ရှိ မဲနယ်တောင်ဒေသ ပင်လုံမြို့နယ် ကျန်းစန်းတောင်ဒေသ။
|
၂
|
ပအိုဝ်း ခရိုင်း
|
တောင်ကြီးမြို့နယ်ရှိ နောင်ပစ်၊ ထီရီး၊ နာရီ၊ ၀င်လ၊ ဟမ်စု၊ နောင်ပစ်နှင့် ပင်လောင်းဒေသ။
|
၃
|
ပအိုဝ်းတတောက်
|
ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်။
|
၎
|
ပအိုဝ်းဝါးဖရဲ
|
ဟိုဝမ်၊ မိုးနဲ။
|
၅
|
ပအိုဝ်းလွယ်အိုင်း
|
ဟွေးလုံ၊ ကျောက်တန်းအနောက်ဘက် (ဟိုပုံးမြို့နယ်)။
|
၆
|
ပအိုဝ်းကျန်းစန်း
|
မိုင်းပွန်ချောင်းအရှေ့ဘက်၊ ပင်လုံအနောက်ဘက်။
|
အမှတ်စဉ်
|
မျိုးနွယ်စု
|
ပျံ့နှံ့နေထိုင်ရာဒေသ
|
၇
|
ပအိုဝ်းတယန်
|
လွယ်လုံ၊ ပင်လောင်းမြို့နယ်။
|
၈
|
ပအိုဝ်းဓနု
|
ရွာငံ၊ ရပ်စောက်မြို့နယ်။
|
၉
|
ပအိုဝ်းပန်နင်
|
အင်းယားရွာ၊ ညောင်ရွှေမြို့နယ်၊ နောင်မွန်အနောက်ဘက်။
|
၁၀
|
ပအိုဝ်း ပတောင်
|
လွိုင်ကော်အနောက်ဘက်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်။
|
၁၁
|
ပအိုဝ်းတရိုင်
|
ပင်လောင်းမြို့နယ်။
|
၁၂
|
ပအိုဝ်း တောင်ရိုး
|
ယိုးဒယားနယ်စပ်နှင့်ကရင်ပြည်နယ်ကြားဒေသ။
|
၁၃
|
ပအိုဝ်း ပထုံ
|
ကယားပြည်နယ်။
|
၁၄
|
ပအိုဝ်း တကွာ
|
မိုင်းပန်မြို့နယ်။
|
၁၅
|
ပအိုဝ်း ကွန်စံ
|
နမ့်ဟတ်၊ နမ့်ပိုဟွန်၊ ဟိုပန်မြို့နယ်။
|
ပင်းတယမြို့နယ်အနီးတွင် ငသောက်ရင်းအနွယ်စုနှင့်
မိုင်းကိုင်မြို့နယ်တွင်ငွေတောင်သူ အနွယ်ရှိသေးသည်ဟု သိရသည်။
ပင်းတယမြို့အနီးရှိ ငသောက်ရင်းမျိုးနွယ်စုပြောဆိုသောစကားမှာ ပအိုဝ်းကြီး
(ကွန်လုံ၊ ခရိုင်း၊ တတောက်) မျိုးနွယ်စုတို့ ရုတ်တရက်နားမ လည်ပေ။
သို့သော်တစ်လုံးချင်းလေ့လာပါက ပအိုဝ်းစကားများပင်ဖြစ်ကြောင်းသိရပေသည်။
ဘာသာစကား
ပအိုဝ်းတိုင်းရင်းသားတို့သည် ကရင်ဘာသာစကားနှင့်
နီးစပ်သောဘာသာစကားကိုပြောဆိုကြသည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား
တို့ဘာသာစကားတွင် ပါဠိစကားများ၊ ပေါရာဏာစကားများပါဝင်နေသည်ကိုတွေ့ရ၏။
ထို့ပြင် မြန်မာစကားနှင့်ဆင်တူအသံကွဲသောစကား
များလည်းပါဝင်နေကြောင်းတွေ့ရှိပေသည်။ စကားပြောရာတွင်ဖြစ်စေ၊
စာဖတ်ရာတွင်ဖြစ်စေ “ ရ ” ကို (Ra) သံပါအောင်ပြောကြ၊ ဖတ်ကြ သည်။
ဂဏန်းအခေါ်အဝေါ်ကိုကြည့်လျှင် မြန်မာ “ တစ် ” နေရာတွင် (တ)၊ “ နှစ် ”
နေရာတွင် (နီ)၊ “ သုံး ” နေရာတွင် (စုံ)၊ “ လေး ” နေရာ တွင် (လစ်)၊ “ ငါး ”
နေရာတွင် (ငတ်) စသည်ဖြင့် အလေးအပေါ့လောက်သာကွာခြား၏။
ဂဏန်းအခေါ်အဝေါ်များ
ပအိုဝ်းအခေါ်အဝေါ်
|
မြန်မာအခေါ်အဝေါ်
|
၁ တဗာ
၂ နီဗာ
၃ စုံဗာ
၎ လစ်ဗာ
၅ ငတ်ဗာ
၆ စူဗာ
၇ နွတ်ဗာ
၈ စွတ်ဗာ
၉ ကွတ်ဗာ
၁၀ တရှီ
၁၀၀ တြာ
၁၀၀၀ တြိန်
၁၀၀၀၀ တသောင်
၁၀၀၀၀၀ တသိန်
၁၀၀၀၀၀၀ တသန်
|
တစ်
နှစ်
သုံး
လေး
ငါး
ခြောက်
ခုနစ်
ရှစ်
ကိုး
တစ်ဆယ်
တစ်ရာ
တစ်ထောင်
တစ်သောင်း
တစ်သိန်း
တစ်သန်း
|
အောက်ဖော်ပြပါအခြားအခေါ်အဝေါ်များကို လေ့လာကြည့်ပါကလည်း မြန်မာဘာသာစကားနှင့်ဆင်နေကြောင်းတွေ့ရပေသည်။
ပအိုဝ်းအခေါ်
|
မြန်မာအခေါ်
|
ထီ
ဟန်အို
လို
ဖ၀ါ
သတ်သာ
တံခါ
မိုဖာ
လာ
ကွိုက်
ဝါဆုံ
နားရီ
ဗုံ
ရွေယ်
ဆေ
ယိုခါ
ထိန်သိမ်
စာက်
ပွယ်
ကျောင်
|
ထီး
ဟင်း
လူ
ပ၀ါ
သက်သာ
တံခါး
မိဘ
လ
ကိုက်
ဝါးရုံ
နာရီ
ပုံး
ရည်ရွယ်
ဈေး
ယခုအခါ
ထိန်းသိမ်း
စက်
ပွဲ
ကျောင်း
|
အခြားတူညီသောစကားများလည်းရှိသည်။
ပအိုဝ်းစကားတွင် မြန်မာပေါရာဏာနှင့်
ပါဠိစကားလုံးများလည်းများစွာပါဝင်နေကြကြောင်းတွေ့ရသည်။ ပြောသောစကားများတွင်
ကျေးဇူး၊ မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ ဒုက္ခ၊ သုခ၊ အနိစ္စ၊ အကျိုးအကြောင်း၊ ကံကြမ္မာ၊
ကုသိုလ် စသည့်စကားများကိုအများဆုံးထည့်သွင်းပြော
ဆိုကြသည်ကိုလေ့လာတွေ့ရှိနိုင်ပေသည်။
မြန်မာစကားများကိုလည်းပြောဆိုကြသည်ကိုတွေ့ရ၏။ ဥပမာအားဖြင့် ကန်တော့သည်၊
လှူသည်၊ ရိုသေ၊ ဘေးရန်ကင်းရှင်း၊ အစိုးရ၊ ဘာသာ၊ သာသနာ၊ အစည်းအဝေး၊ ရေနံ၊
ဆိုင်အစရှိသည့် ဝေါဟာရများပင်ဖြစ်၏။
ရုပ်သွင်ပြင်
ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် တစ်ဦးနှင့်တစ်ဦး
ရုပ်သွင်ပြင်တူညီကြသည်ကိုတွေ့ရသည်။ ပအိုဝ်းတိုင်းရင်းသားတို့ သည် မြေယာကို
အရင်းပြု၍လုပ်အားနှင့်ပေါင်းစပ်ကာကုန်ထုတ်လုပ်သောလူမျိုးများဖြစ်ကြသည်။
နေထွက်မှနေ၀င် အလုပ်ခွင်တွင်လုပ်အား ကို အချိန်ပြည့်အသုံးပြုရသဖြင့်
ကိုယ်ခန္ဓာကြီးထွားသန်မာသည်။ ကြွက်သားဖွံ့ဖြိုးသန်မာသည်။ အရပ်အမောင်းမှာ
အနေတော်ရှိပြီးအမျိုး သားများမှာ ပျမ်းမျှခြင်းအားဖြင့် ၅ ပေ၊ ၂
လက်မခန့်ရှိကြသည်။ ချင်း၊ ကချင်လူမျိုးတို့နှင့်တူသယောင်ယောင်ရှိ၏။
ပအိုဝ်းတိုင်းရင်းသားတို့၏ မျက်နှာကျပုံမှာလေးထောင့်ခပ်ကျကျပုံရှိ၏။
အများအားဖြင့် နှာတံပေါ်လွင်ကြသည်။ နှုတ်ခမ်းအနည်းငယ်ထူသည်။ အသားလတ်သည်။
မျက်လုံး၊ မျက်ခုံး၊ ဆံပင်နက်၍ဖြောင့်သည်။ ဆံပင်ကောင်းကြသည်။ မျက်လုံးမှာ
မကျဉ်းမကျယ်အနေတော်ရှိ၏။ မျက်စိပြူးသူအလွန်နည်း၏။
မျက်ရစ်ပေါ်လွင်ပြီးမျက်စိမှာ အညိုရောင်ဖြစ်သည်။ မျက်စိအားကောင်းကြပြီး
မျက်မှန်တပ်ရသူနည်းသည်။
ကျန်းမာရေး
ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် ကျန်းမာရေးကောင်းကြသည်။
ကျန်းမာရေးကောင်းကြခြင်းမှာလည်း သဘာဝအခြေ အနေများ၏
စွမ်းဆောင်ဖန်တီးမှုကြောင့်ဟုဆိုနိုင်သည်။ အမျိုးသမီးများသည်
အမျိုးသားများထက် ပို၍အလုပ်လုပ်နိုင်သဖြင့် ပို၍ကျန်းမာကြ သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရွာများကိုတောင်ပေါ်တောင်ထပ်တွင်တည်ထားသဖြင့်
မိမိတို့ပတ်ဝန်းကျင်တွင် အမြဲစိမ်းလန်းစိုပြည် လျက်ရှိသော
သဘာဝအခြေအနေများကို အမြဲတမ်းထိတွေ့နေရ၏။ စိမ်းလန်းသောသဘာဝအခြေအနေသည်
စိတ်ချမ်းသာစေသည်။ ရွှင်လန်းစေသည်။ စိတ်ပျိုလျှင်ကိုယ်နုရသည်သာဖြစ်သည်။
ရှမ်းပြည်နယ်ရှိ ပအိုဝ်းကျေးရွာတို့၏ ပတ်ဝန်းကျင်အခြေအနေသည်
ကောင်းမွန်လှ၏။ ခြင်ကောင်ပေါက်ဖွားမှုနည်းပါးသော တောင်
ပေါ်ဒေသအမြင့်တွင်ရှိခြင်း၊
မိုးရွာသွန်းပြီးချိန်တွင်ရေ၀ပ်မှုမရှိခြင်းတို့ကြောင့်
ခြင်ကြောင့်ဖြစ်ပေါ်သောရောဂါတို့မှ ကင်းဝေလေသည်။ မိုးရွာ သောအခါတွင်လည်း
အမှိုက်သရိုက်များသည်တောင်စောင်းအတိုင်းမျောပါသွားကြသဖြင့်
ကျေးရွာသန့်ရှင်းမှုကိုအားပေးသဲ့သို့ရှိ၏။ ထို့ ကြောင့်
ယင်ကောင်မှပေါက်ဖွားသောရောဂါတို့မှလည်းကင်းဝေးစေသည်။
ခြင်ကိုက်ရာမှဖြစ်သော ငှက်ဖျားရောဂါမှာလည်း ပအိုဝ်းကျေးရွာများတွင်
မရှိသလောက်နည်းပါးသည်။ သို့သော်မိုးရာသီအချိန်တွင် မြေပြန့်ဒေသသို့ဆင်း၍
လယ်ယာလုပ်ကိုင်စားသောက်သူတို့သည် ထိုဒေသမှငှက်ဖျားရရှိလာတတ်၏။
နေရပ်ဒေသသို့ပြန်ရောက်သော အခါတွင် ကိုယ်ခံအားနည်းပြီး
အအေးဒဏ်ကိုမခံနိုင်သဖြင့် နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါဖြစ်တတ်ကြသည်။
ဤသို့ငှက်ဖျားရောဂါအခံ ရှိပြီး နမိုးနီးယားဖြစ်၍သေဆုံးရသူများလည်းရှိလေသည်။
ကျေးရွာသန့်ရှင်းမှုကောင်းမွန်သဖြင့် ယင်ကောင်ပေါက်ဖွားမှုမရှိခြင်း၊
ရေနွေးကြမ်းကိုစွဲစွဲမြဲမြဲသောက်သုံးခြင်းတို့ကြောင့် ၀မ်းရောဂါ
ဖြစ်ပွားမှုမရှိပေ။ ပအိုဝ်းကျေးရွာတို့တွင်
ကပ်ရောဂါအဖြစ်ဆိုက်ရောက်လေ့ရှိသော ရောဂါမှာ ပလိပ်ရောဂါဖြစ်သည်။
စိုက်ခင်းဧကပေါများခြင်း အိမ်ဆောက်လုပ်ရာတွင်
ကြွက်ခိုအောင်းနိုင်မည့်နေရာများမရှိအောင်တွေးဆကြံစည်မှုမရှိခြင်းတို့ကြောင့်ကြွက်ပေါများလှသည်။
ကြွက် ကြောင့်လူတို့၏ ကျန်းမာရေးကိုသာမက စိုက်ခင်းများ၊ အ၀တ်အထည်များ၊
အိမ်ထောင်ပရိဘောဂများ၊ ကိုက်ဖြတ်ခြင်းဖြင့်၊ စီးပွားရေးနိမ့်ကျမှု
ကိုဖြစ်စေသဖြင့်ကြွက်သုတ်သင်ရေးကိုပြုလုပ်သင့်သည်။
အသေအပျောက်များသောရောဂါတစ်ခုမှာ တီဘီဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏
အိမ်ကိုသက်ကယ်၊ ၀ါးထရံတို့ဖြင့်ဆောက် လုပ်ထားသည်ကများသည်။
လေ၀င်ပေါက်များရှိသော်လည်း ပြတင်းပေါက်များမရှိခြင်းကြောင့်
လေကောင်းလေသန့်နှင့် နေရောင်ကိုမရရှိ ပေ။ အိမ်ထဲတွင်
မီးလှုံရန်မီးဖိုထားသဖြင့်၊ မီးခိုများဖြင့်မွှန်လေ့ရှိသည်။
ထို့ကြောင့်တီဘီရောဂါများဖြစ်ပွားလွယ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့
၏အိမ်ကိုပြတင်းပေါက်ဖောက်လုပ်ရန်စည်းရုံးဖို့လိုပေသည်။
အဖြစ်များသော အခြားရောဂါများမှာ မက်ကလောင်နှင့်
လည်ပင်းကြီးရောဂါတို့ဖြစ်သည်။ မက်ကလောင်မှာ အပူအားကြီးသော ကြောင့်ဖြစ်သည်။
တိုက်ဖွိုက်နှင့်ဆင်သည်။ လည်ပင်းကြီးရောဂါဖြစ်ရဖြင်းမှာသူတို့၏
စားသုံးသောဆားထဲတွင် အိုင်အိုဒင်းနည်းလွန်း၍ဖြစ် သည်။ ယခုအခါ အစိုးရက
တောင်ပေါ်ဒေသသို့ဖြန့်ချိသောဆားထဲတွင် ပိုတက်ဆီယမ် အိုင်အိုဒိုက်ခေါ်
ဆားတစ်မျိုးရောထည့်ပေးခြင်းဖြင့်
ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာလိမ့်မည်ဟုမျှော်လင့်ရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် ကျန်းမာသန်စွမ်းကြ၏။
သက်ကြီးရွယ်အို အသက် ၆၀ ကျော်များပင်လျှင် ကျန်းမာ သန်စွမ်းပြီး
ငါးရက်တစ်ဈေးကျင်းပသည်ဈေးသို့ တောင်တက်တောင်ဆင်းခရီးဖြင့်
သွားနိုင်ကြသည်။ ဤသည်မှာ သဘာဝအခြေအနေ ကြောင့်လည်းကောင်း၊ တောင်ပေါ်ဒေသ
ပထ၀ီအနေအထားကြောင့်လည်းကောင်းဖြစ်သည်။
ဆေးပညာ
ပအိုဝ်းတိုင်းရင်းသားတို့သည် ဆေးဆရာကို “ ဆရာတစီ ” ဟုခေါ်ကြသည်။ ဆေးဆရာသည်
ရွာလူထု၏ချစ်ခင်မှုနှင့် ယုံကြည်ကိုး စားခြင်းကိုခံရလေသည်။
ပအိုဝ်းတိုင်းရင်းဆေးဆရာများကိုင်ဆောင်သောဆေးမှာ
မြန်မာတိုင်ရင်းဆေးဆရာများကဲ့သို့ပင်ဆေးမြစ်၊ ဆေးရွက်၊
ဆေးဥတို့ကိုအမှုန့်ကြိတ်ထားပေသည်။ “ မာရှယ် ” က ၎င်း၏စာအုပ်တွင်
ပအိုဝ်းဆေးဆရာများသည် ဆေးပင်တို့၏အာနိသင်ကိုသိရှိကြ
သည်မှာယုံမှားဖွယ်မရှိသော်လည်း ၎င်းအတတ်ပညာကို
မည်သူ့ထံမှမည်သည့်အချိန်ကရရှိခဲ့သည်ကို သိရှိရန်ခဲယဉ်းလှသည်ဟုရေးသားဖော်
ပြထားသည်ကိုတွေ့ရသည်။
ပအိုဝ်းတိုင်းရင်းဆေးပညာသည်ရှမ်း၊ မြန်မာ၊
မွန်လူမျိုးတို့နှင့်ပေါင်းသင်းဆက်ဆံရာမှ တိုးတက်လာခဲ့သည်ဟုယူဆကြသည်။
ဤဆေးဆရာတို့သည် သိပ္ပံနည်းကျကျတက်မြောက်သည်ဟု မဆိုသာသော်လည်း
၎င်းတို့ကြောင့်အချို့သောရောဂါတို့ ပျောက်ကင်းကြ သည်ကားအမှန်ပင်ဖြစ်သည်။
အချို့သောပအိုဝ်းကျေးရွာများတွင် အယူသီးမှုများရှိကြသဖြင့်
ကျန်းမာရေးတိုးတက်မှုနှောင့်နှေးရသည်။ ဥပမာ
ကလေးတစ်ယောက်ဖျားနေသည့်အချိန်ကြာမြင့်ပါက
မကောင်းဆိုးဝါးများဝင်ကပ်သည်ဟုယူဆပြီးအစားအသောက်ကန်တော့ပွဲတို့ဖြင့် ပူဇော်
ကျွေးမွေးကြသည်။
ပြန့်နှံ့နေထိုင်ရာဒေသ
ပအိုဝ်းတို့သည် ကရင်လူမျိုးတို့တွင်လူဦးရေအားဖြင့်တတိယအများဆုံးဖြစ်သည်။
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအ တွင်းရှိ ပအိုဝ်းလူဦးရေသည်
၂၂၅၈၂၂ ယောက်ဖြစ်သည်ဟုသိရသည်။ ယင်းတို့သည် မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ဒေသ၊
ရှမ်းပြည်တောင် ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်နယ်စပ်ဒေသတို့တွင်
အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့အချက်အချာဒေသနှစ်ခုမှာ သံလွင်မြစ်အောက်
ပိုင်းပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည် သထုံနယ် (ဆီဆိုင်နယ်)
တို့ဖြစ်သည်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံ ခရိုင်
ပအိုဝ်းလူဦးရေ ၅၃၁၅၉ တို့တွင် ပအိုဝ်းလူမျိုးများအများဆုံးနေထိုင်ကြသည်။
တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ ဖားအံခရိုင် (ပအိုဝ်းရွာနှစ်ရွာရှိ သည်။) ၊
ကယားပြည်နယ် ( ပအိုဝ်းလူဦးရေ ၂၃၀၀ ) ကော့ကရိတ်မြို့တွင်လည်း
ပအိုဝ်းလူမျိုးများအနှံ့အပြားနေထိုင်ကြသည်။ မြန်မာနိုင်ငံ အပတွင် ယိုးဒယား၊
ကမ္ဗောဇနိုင်ငံများနှင့် မဲခေါင်မြစ်အောက်ပိုင်းဒေသတို့တွင်လည်း
ပအိုဝ်းလူမျိုးများအထင်အရှားရှိသည်။
မြန်မာနိုင်ငံတောင်ပိုင်းသထုံခရိုင်သည်ပအိုဝ်းလူမျိုးတို့မူလဇာတိဒေသဖြစ်သည်။
ဒဏ္ဍာရီပုံပြင်များအရ ပုဂံပြည်သို့အနော်ရထာမင်း သုံ့ပန်းအဖြစ်
ဖမ်းယူသွားသောသထုံပြည့်ရှင်မနူဟာမင်းသည် ပအိုဝ်းလူမျိုးဟုဆိုသည်။ ပုဂံသို့
မနူဟာမင်းပါသွားပြီးနောက်တွင် နိုင်ငံပြိုကွဲ ၍ အချို့ပအိုဝ်းတို့သည်
မြောက်ဘက်သို့ရောက်သွားပြီးလျှင် ရှမ်းပြည်တောင်ပိုင်းတွင် သထုံနယ်သစ်
(ဆီဆိုင်နယ်) တည်ထောင်ကြသည် ဟုဆိုသည်။ သထုံပြည်မှ
ပြေးလာသောအချို့ပအိုဝ်းတို့သည်မြေလတ်တွင်လည်း အခြေစိုက်ကြသည်။
ပုဂံကျောက်စာတို့တွင် “ တောင်သူ ” ဟူ၍ဖော်ပြပါရှိရကား
ပုဂံခေတ်ကပင်ပအိုဝ်းနှင့်မြန်မာအဆက်အသွယ်ရှိသည်ဟုယူဆရကြောင်းဖြင့်
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၆)၊ စာမျက်နှာ ၂၇၈ တွင်ရေးသားထားလေသည်။
တောင်ကြီးမြို့ယဉ်ကျေးမှုဌာန ပအိုဝ်းလူမျိုးစာတမ်းတွင်
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းလူမျိုးလူဦးရေ
စုစုပေါင်းမှာသုံးသိန်းငါးသောင်း မှ လေးသိန်းအထိရှိမည်ဟုခန့်မှန်းလေသည်။
ပအိုဝ်းတို့အများဆုံးနေထိုင်သည့် မဲနယ်တောင်ဒေသတွင်
လူဦးရေနှစ်သိန်းရှိမည်ဟုခန့်မှန်း လေသည်။ ရှမ်းရိုးရာယဉ်ကျေးမှုစာစောင်တွင်
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင်
တစ်သိန်းခန့်ရှိမည်ဟုဖော်ပြထားလေသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားလူဦးရေ
သောင်းကျော်နေထိုင်သောမြို့နယ်ခြောက်မြို့နယ်ရှိသည်။ အနည်းအ
များအလိုက်ဖော်ပြရလျှင် ပင်လောင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ကလောနှင့်
လွိုင်ကော်မြို့နယ်များဖြစ်ကြသည်။ ပင်းဒယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊
ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲနှင့်
လဲချားမြို့နယ်များလည်းတွေ့ရပေသည်။ ယင်းမြို့များအနက် ဆီဆိုင်၊ ဘန်းယဉ်၊
နောင်မွန်၊ နမ့်ခုတ်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်များတွင်
အများစုနေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသား တို့ ၃၁%
ခန့်နေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင်
တောင်ကြီးမြို့ကိုဗဟိုပြု၍ အနောက်ဘက်တွင်ပင်လောင်းမြို့နယ်၊ မြောက်ဘက်တွင်
မိုင်းကိုင်မြို့နယ်၊ အရှေ့ဘက်တွင် မိုးနဲ၊ မိုင်းပန့်မြို့နယ်၊
တောင်ဘက်တွင် ကယားပြည်နယ်အထိပြန့်နှံ့နေထိုင်ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအပြင် မြန်မာပြည်အောက်ပိုင်း ကော့ကရိတ်၊ ဖားအံ၊
ကျိုက္ခမီ၊ သထုံတွင်လည်းကောင်း၊ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်၊
တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောကျွဲအင်း၊ ကျောက်တံခါး၊
ဒိုက်ဦးမြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက် ပိုင်းတွင်
နမ္မတူမြို့ဝန်းကျင်တွင်လည်းကောင်းနေထိုင်ကြသေးသည်ဟု မှတ်သားရသည်။
ဆာ၊ ဂျေ၊ ဂျော့စကော့ (Sir George Scott) ၏ မှတ်တမ်းအရ
ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာပြည်တွင်သာမက ထိုင်း၊ ကမ္ဘော ဒီးယား၊
မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းတွင်လည်း
ပြန့်နှံ့နေထိုင်လျက်ရှိကြောင်းသိရပေသည်။
ထိုင်းနိုင်ငံသို့ရောက်ဖူးသည့်
ပအိုဝ်းတိုင်းရင်းသားသက်ကြီးပိုင်းအချို့၏ပြောပြချက်အရ
ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းနိုင်ငံအ တွင်းတွင်
မြန်မာပြည်နယ်နိမိတ်နှင့် ပိုမိုနီးစပ်သော
ဇင်းမယ်မြို့ပတ်ဝန်းကျင်မဲချီးမဲစာ၊ ဘန်ကောက်မြို့များအထိ
အနည်းငယ်ပြန့်နှံ့နေထိုင် လျက်ရှိကြောင်းသိရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင် ပေပေါင်း ၃၀၀၀ မှ ၁၀၀၀၀
အထိမြင့်မားသော တောင်ပေါ်ဒေသတွင် နေထိုင်ကြ သည်။ ပဒေသရာဇ်တို့
ဖိနှိပ့်မှုကြောင့် ချိုင့်ဝှမ်းဒေသမြေပြင်သို့ မဆင်းသက်နိုင်သေးဘဲ
တောင်ထိပ်ပျော်တိုင်းရင်းသားများအဖြစ်ရပ်တည်ခဲ့ ကြသည်။ စော်ဘွားများ
အာဏာစွန့်ပြီးသောအခါ မြေနိမ့်ချိုင့်ဝှမ်းများသို့
ဆင်းသက်နေထိုင်ကြသည်ကိုတွေ့ရသည်။ ဥပမာ-နမ့်စန်မြို့နယ်
ဝမ်ပုံရွာတွင်လည်းကောင်း၊ ဖယ်ခုံမြို့နယ်၊
ပင်လောင်းမြို့နယ်များတွင်လည်းကောင်းတွေ့ရပေသည်။
မိုးဗြဲရေကာတာတည်ဆောက်ပြီးသော အခါ ပင်လောင်းမြို့နယ်မှ
ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ကိုင်ရန်
ကယားပြည်နယ်ဘက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအ ခါ ရွာပေါင်း ၅၀
ကျော်ရှိပြီဟုသိရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မဲနယ်တောင်ဒေသတွင် အဓိကနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားနှင့် မဲနယ်တောင်သည် ကိုင်းကျွန်းမှီ
ကျွန်းကိုင်းမှီသဖွယ်ရှိလေသည်။ မဲနယ်တောင်သည် ဟိုပုံးမြို့နယ်၊
နမ့်ခုန်မြို့နယ်၊ နောင်မွန်၊ ဘန်းယဉ်ဒေသပါဝင်လျက် တောင်
မြောက်သွယ်တန်းနေသောတောင်တန်းဖြစ်သည်။ ဤဒေသတွင်
ပအိုဝ်းတိုင်းရင်းသားနှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ မဲနယ်တောင်
တန်းဒေသသည် သနပ်ဖက်အကြီးအကျယ်စိုက်ပျိုးသောဒေသဖြစ်၍
ပအိုဝ်းတိုင်ရင်းသားတို့၏ စီးပွားရေး ဘူမိနက်သန်မှန်သောဒေသဖြစ် လေသည်။
တောင်ကြီးမြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်ကြ၏။ ၁၉၇၃
ခုနှစ်၊ သန်းခေါင်စာရင်းအရ၊ တောင်ကြီးမြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသား
ခုနစ်သောင်းခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ ရွှေညောင်၊ စဥ့်ဟယ်မှလွှဲလျှင်
ကျန်ဒေသများသည်ပအိုဝ်းတိုင်းရင်း သားအများဆုံးနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့်
ခြံလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ကျေးရွာတည်ထောင်ရာ
တွင်လည်းစိုက်ပျိုးရေးအထွက် မြေသြဇာကောင်းမွန်သည့် ဒေသကိုအဓိကထားကြသည်။
ထိုနောက်ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို စဉ်းစားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းကုန်မြေမြင့်၏
မြင့်သောအရပ်တွင်နေထိုင်ကြသဖြင့် ပအိုဝ်းကျေးရွာများကို တောင်စောင်း
တောင်ထိပ်များတွင်တွေ့ရသည်။ ရွာများကို
စနစ်တကျအကွက်ချဆောက်လုပ်ထားခြင်းမရှိပေ။
အချို့ဒေသများတွင် တောင်ပတ်လည်ဝိုင်းရံလျက်ရှိသော
ဒယ်အိုးသဏ္ဍာန်မြေပြင်ချိုင့်ဝှမ်း၌ ရွာတည်ထောင်ကြသည်။ ဒယ်အိုးသ
ဏ္ဍာန်မြေပြင်မှာ မညီညာလှိုင်းထနေသည့် မျက်နှာပြင်များဖြစ်သည်။
ဤသို့လှိုင်းထနေသည့် ကုန်မြေနှစ်ခုစပ်ကြားမြေနိမ့်ပိုင်းတွင် လယ်ယာ
ခြံမြေများ စိုက်ပျိုးကြသည်ကို တွေ့ရပေသည်။
လှိုင်းထကုန်းမြေ၏ဆင်ခြေလျှောတွင်မူ တောင်ယာလုပ်ငန်းကိုလုပ်ကြသည်။
ဥပမာအားဖြင့် ပင်လောင်းမြို့နယ်ရှိ ပင်မွန်းရွာ၊ မေတိုင်ရွာ၊ ငိုလှရွာ၊
ပုန်လောရွာများဖြစ်ကြသည်။
အချို့ကျေးရွာများမှာ
တောင်နှင့်မြောက်သွယ်တန်းနေသောတောင်တန်းနှစ်ခုကြားတွင်
စီးဆင်နေသည့်ချောင်းရေလွှမ်းမိုးခြင်းကင်း ရာ၊ တောင်တန်းအနားစွန်းနှင့်
လွင်ပြင်ဆုံရာအရပ်တို့၌ တည်ထားကြသည်။ ချောင်း၏၀ဲ ယာတွင်လည်း
စိုက်ခင်းများကိုတွေ့ရသည်။ ခြံလုပ် ငန်းလုပ်ကိုင်ရန်အလွန်ကောင်းသည့်
ကျယ်ပြန့်သောတောင်ကြောတစ်လျှောက်တွင်လည်း ကျေးရွာများကိုတည်ထောင်ထားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးရွာတည်ထောင်ခြင်းနှင့်ပတ်သက်၍
လေ့လာပါကအောက်ပါအချက်များတို့အပေါ်အခြေခံနေကြောင်း သိရပေသည်။
(၁) မြေသြဇာ၊
(၂) ရေရရှိမှု၊
(၃) လမ်းပန်းဆက်သွယ်ရေး၊
(၄) နေမျက်နှာမူရာနှင့်လေကြောင်း၊
(၅) မိရိုးဖလာ အစဉ်အလာကျင့်သုံးခြင်း စသည်တို့ဖြစ်သည်။
တည်ထောင်ပြီးသောပအိုဝ်းကျေးရွာများကိုကြည့်လျှင်
မြေမျက်နှာပြင်အနိမ့်အမြင့်ကိုမူတည်ခြင်းမရှိဟု ဆိုနိုင်ပေသည်။ မည်မျှပင်
မြင့်မားကြမ်းတမ်းစေကာမူ မြေသြဇာကောင်းရှိလျှင် ကျေးရွာတည်ထောင်ကြလေသည်။
ဥပမာအားဖြင့် ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်နှင့်ပေ ၅၀၀၀ မှ ၆၀၀၀
ကျော်အထိမြင့်သည့် ပင်းတယမြို့နယ်ရှိ
မဲနယ်တောင်များတွင်ရွာများတည်ထောင်ကြသည်ကို တွေ့နိုင်ပေသည်။ အချို့အ
ရပ်ဒေသများတွင် မြေသြဇာကောင်းသည်ကိုတွေ့သည်နှင့်ရွာတည်ပြီး
လမ်းပန်းဆက်သွယ်ရေးနှင့် ရေရရှိရေးကိုနောက်မှ ဖန်တီးယူကြသည်။
တောင်ထိပ်ဒေသများတွင် ရွာတည်ထောင်ကြခြင်းမှာစိုက်ပျိုးနိုင်သောမြေ
လျော့ပါးခြင်းမရှိစေရန် ဖန်တီးခြင်းဖြစ်သည်ဟုယူဆရပေ သည်။
အချို့ကျေးရွာများတွင် သောက်သုံးရေကို ရွာမှ
သုံးမိုင်အကွာအထိသွားရောက်သယ်ယူကြသည်။ အချို့ကျေးရွာများတွင်မူ အိမ်တွင်
အင်္ဂတေဖြင့်ရေလှောင်ကန်တည်ထားပြီး မိုးရေများသိုလှောင်၍ သုံးစွဲကြသည်။
မိုးရေသိုလှောင် သုံးစွဲသည်ကို ပင်လောင်းမြို့နယ်ရှိ ကောင်ထို ရွာနှင်
့ရင်းမှီးရွာတွင် တွေ့နိုင်သည်။
အချို့တောင်ပေါ်ဒေသများတွင် တသွင်သွင်စီးဆင်းနေသော
စမ်းချောင်းရေကိုအမှီပြု၍ရွာတည်ထောင်ကြသည်။ ပအိုဝ်းကျေးရွာများ တွင်
ရေတွင်းတူး၍သုံးစွဲခြင်းမရှိသလောက်ရှားသည်။ ကျေးရွာအားလုံးလိုလိုပင်
လျှိုမြောင်များမှ ထွက်လာသောစိမ့်စမ်းရေကိုရွာတွင်းသို့ သွယ်တန်း၍
ရေလှောင်ကန်ဖြင့်သိုမှီးကာသုံးစွဲကြသည်။ စမ်းရေတွင် အိုင်အိုဒင်းနည်းသဖြင့်
ပအိုဝ်းအမျိုးသား၊ အမျိုးသမီးများတွင် လည်ပင်း
ကြီးရောဂါဖြစ်ပွားမှုရှိသည်ကိုတွေ့ရသည်။
လမ်းပန်းဆက်သွယ်ရေးအလိုအလျောက်ကောင်းမွန်သည့်နေရာများတွင်လည်း
ပအိုဝ်းကျေးရွာများကိုတွေ့ရသည်။ ရှမ်းပြည်တောင် ပိုင်းတွင်
လမ်းပန်းဆက်သွယ်ရေးသင့်သည်ဟုဆိုနိုင်သော ကလော-တောင်ကြီး-လွိုင်လင်
ကားလမ်းကြီး၏ ၀ဲဘက် ယာဘက်တွင်လည်း ကောင်း၊
အောင်ပန်း-ပင်လောင်း-လွိုင်ကော်ကားလမ်း (အနောက်လမ်း) ၏
ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ဟိုပုံး-ဆီဆိုင်-လွိုင်ကော်ကား လမ်း
(အရှေ့လမ်း) ၏ နံဘေးတွင်လည်းကောင်း၊ အောင်ပန်း-ပွေးလှ-ပင်းထယ-ရပ်စောက်
ကားလမ်းဝဲယာတွင်လည်းကောင်း အ၀တ်နက် များဖြင့် တောင်ယာလုပ်ကိုင်နေကြသော
ပအိုဝ်းတိုင်းရင်းသားများနှင့် ပအိုဝ်းကျေးရွာများကိုတွေ့နိုင်ပေသည်။
ရေမြေကောင်း၍ ခြံယာစိုက်ခင်းအတွက်အကျိုးဖြစ်ထွန်းနိုင်မည့် အရပ်မျိုးကို
အဓိကထားပြီးရွေးချယ်ကာကျေးရွာတည်ထောင်ကြ သည်။ ကျေးရွာကိုတည်ထောင်ရာတွင်
နေမျက်နှာမူရာအရပ်နှင့် လေကွယ်ရာအရပ်တို့ကိုရွေးချယ်ကာတည်ထောင်ကြသည်။
နေရောင်ကို ဦးစားပေး၍လေကိုရှောင်ကြဉ်ကြခြင်းသည်
အအေးဒဏ်ကိုကာကွယ်ခြင်းဖြစ်သကဲ့သို့
သနပ်ဖက်စိုက်ပျိုးရေးအတွက်လည်းကောင်းမွန်လေ သည်။
လေတိုက်ခတ်ရာအရပ်တွင်ရှိသော သနပ်ဖက်များသည်
အရွက်များအချင်းချင်းပွတ်တိုက်မှုကြောင့်အရွက်များကြမ်းတမ်းလာပြီး
မအောင်မြင်ပေ။
အချို့ကျေးရွာများသည် မြေသြဇာ၊ ရေရရှိမှု၊ လမ်းပန်းဆက်သွယ်မှု၊
ရာသီဥတုစသည်တို့ အဆင်မပြေသော်လည်း ထိုကျေးရွာများ တွင်
အမြဲတမ်းနေထိုင်ကြသည်ကိုတွေ့ရသည်။ မိရိုးဖလာနေထိုင်ခဲ့ကြရာမှ
ယခုတိုင်ဆက်လက်နေထိုင်ကြသည့်သဘောပင်ဖြစ်သည်။ မိဘ
ဘိုးဘွား၏ရှေးထုံးကိုမပယ်စကောင်းဟုယူဆကာရသမျှရောင့်ရဲတင်းတိမ်နေထိုင်ကြသည်။
ဥပမာအားဖြင့် ပင်လောင်းမြို့နယ်မှ လုံးပိုးကျေးရွာသည်ထင်ရှားသော
ပုံစံတစ်ခုဖြစ်သည်။ လုံးပိုကျေးရွာသည် အောင်ပန်း-ပင်လောင်းကားလမ်းမကြီးမှ
ငါးမိုင်ခန့်ဝေးသည့်အပြင် ကျောက်စရစ်မြေဖြစ်သဖြင့် မြေသြဇာမကောင်းပေ။
သို့သော် ထိုရွာတွင် နေထိုင်ကြ သူများအချို့သည် တစ်ရွာမှတစ်ရွာသို့ စပါး၊
ဂျင်း၊ နနွင်း၊
နာနတ်သီးစသည်များကိုနွားဝန်တင်များဖြင့်တင်ပို့ရောင်းချကြရပါသည်။
ပင်လောင်းမြို့နယ်ရှိ ပန်းဗိုင်ကျေးရွာသည်လည်း မြေသြဇာမကောင်းသည့်ပြင်
ရာသီဥတုလည်းပူပြင်းသည် သောက်သုံးရန်ရေကို လည်း လေးမိုင်ကွာဝေးသော
နောင်ပီကျေးရွာသို့ လှည်းဖြင့်သွားရောက်ခပ်ယူကြရလေသည်။
ဤသို့အဆင်မပြေမှုများရှိသော်လည်း ရွာ သားများသည် မိမိတို့ချက်မြှုပ်ဒေသအဖြစ်
ထိုရွာများတွင်မက်မောစွာဆက်လက်နေထိုင်လျက်ရှိကြပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ခြေ ငါး အိမ်ထက်ကျော်လျှင်
ရွာအဖြစ်သတ်မှတ်ကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှခြင်းအားဖြင့် အိမ်ခြေ ၅၀ မှ
၇၀ အထိရှိကြသည်။ အများအားဖြင့် အိမ်ခြေ ၁၀ အိမ်ရှိသော ရွာသိမ်ရွာငယ်များမှ
အိမ်ခြေ ၃၀၀ ကျော်သောရွာကြီးများ အထိရှိသည်။
တစ်ရွာနှင့်တစ်ရွာမှာလည်းပျမ်းမျှလေးမိုင်မှ ငါးမိုင်အထိကွာဝေးတတ်၏။
ကားလမ်းတစ်လျှောက်တွင်မူ နှစ်မိုင်ပတ်ဝန်းကျင်ခန့် ကွာဝေးသည်။
ကျေးရွာပုံစံကိုကြည့်လျှင် ရွာဝိုင်းများကာရွာတန်းရှည်နည်းလေသည်။
ရွာတန်းရှည်ကို မြစ်ချောင်းတစ်လျှောက် ကားလမ်းတစ်
လျှောက်တွင်သာတွေ့နိုင်ပေသည်။ ကျန်ဒေသများတွင်
ပထ၀ီဝင်အနေအထားအရချိုင့်ဝှမ်းနှင့်တောင်ကမ်းပါးယံရှိ ရွာများအဖြစ်တွေ့ရပေ
သည်။
ဝါးအိမ်များဆောက်လုပ်ရာတွင် ၀ါးပိုးဝါးကိုသာအသုံးပြုကြ၏။ ပိုးမထိုးစေရန်
ဝါးအခေါင်းတွင်းသို့ ရေနံဆီများ လောင်းထည့်တက် ကြသည်။ ကြမ်းခင်းရာတွင်လည်း
ဝါးပိုးဝါးအဆစ်များကိုဓားမဖြင့်အစိတ်စိတ်အမြွှာမြွာဖောက်၍
အလုံးကိုဖြန့်ကာခင်းထားကြသည်။ ယင်းဝါး ပိုးလုံးမှ ဖြန့်ချသောအပြားသည်
ဗြက်တစ်ပေခန့်ရှိ၏။ ဤ၀ါးအခင်းသည်
ပျဉ်အခင်းနှင့်အတူတူကြာရှည်ခံသည်ဟုဆိုလေသည်။ ပအိုဝ်းတိုင်း ရင်းသားတို့၏
ဝါးအိမ်မှာ ထူးခြားစွာနှစ်ရှည်ခံကြသည်ကို တီကျစ်မြို့
ပတ်ဝန်းကျင်ကျေးရွာများတွင်အံသြဖွယ်တွေ့ရှိရလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်တွင်ဘုရားစင်ကိုခမ်းနားစွာပြင်ဆင်ထားကြ၏။
ပအိုဝ်းတိုင်းရင်းသားတို့အိမ်တိုင်းတွင် ဘုရားစင်ကို
အိမ်ခေါင်းရင်းဘက်နံရံပေါ်တွင် ဆောက်လုပ်ထားသည်ကိုတွေ့ရပေသည်။
ဘုရားစင်တွင်လည်း ဂြိုဟ်ကိုးလုံးအရုပ်စက္ကူများဖြင့်မွှမ်းမံထား တတ်၏။
အိမ်တိုင်းလိုလို ခေါင်းရင်းကိုအရှေ့ဘက်သို့လှည့်ထားကြသည်။
အများအားဖြင့် အိမ်ကိုအခန်းနှစ်ခန်းခွဲထားကြသည်။ အိမ်ရှင်အတွက်
တစ်ခန်းနှင့်ဧည့်သည်အတွက်တစ်ခန်းဖြစ်သည်။ ခေတ်မီ သော အိမ်များမှာမူ
အခန်းသုံးခန်း ဖွဲ့ထားတတ်ကြသည်။ မီးဖိုကိုတစ်ခန်းသတ်သတ်ထားကြ၏။
ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့နေ ထိုင်သော ကျေးရွာများသည်။
အေးလွန်းသောရာသီဥတုရှိသဖြင့်မီးဖိုကို ထားရှိကာ
မီးလှုံရင်းချက်ပြုတ်စားသောက်ကြသည်။
မီးဖိုပေါ်တွင် မျက်နှာကြက်မှ ချထားသည့်ကျပ်စင်ရှိ၏။ ကျပ်စင်ပေါ်တွင်
ဟင်းချက်ပြုတ်ရန် ငရုတ်သီး၊ ဆား၊ ပဲပုပ် စသည်များကို တင်ထားကြ၏။
ဘူးခါးသီးများကိုလည်း ကျပ်တင်ထားတတ်ကြသည်။ ဘူးခါးသီးများခြောက်သောအခါ
အစေ့များထုတ်ယူပြီးရေထည့်ရန် အသုံးပြုကြသည်။ မီးဖိုများသည်
အများအားဖြင့်အခန်း၏အလယ်ဗဟိုတွင်ရှိသဖြင့် အလုပ်ခွင်မှ ပြန်လာကြသော
ပအိုဝ်းမိသားစုတို့မှာ မီးဖို ဘေးတွင်ဝိုင်းဖွဲ့ကာ မီးလှုံအနားယူတတ်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်များသည် ငါးပေမှ ခုနှစ်ပေအထိရှိသည်။
ခြေတံရှည်အိမ်များဖြစ်သဖြင့် ခိုင်းရန်မွေးထားသည့် ကျွဲ၊ နွား၊ မြင်း
စသည်တို့ကိုအောက်ထပ်တွင်ထားကြသည်။ အိမ်နှင့်ဆက်နေသောအဖီတွင်
သနပ်ဖက်လှော်ရန် သနပ်ဖက်ဖိုတဲများရှိသည်။ အချို့ အိမ်များသည်
လက်ဖက်များလှမ်းရန်အတွက် အိမ်အပေါ်ထပ်တွင်
လူနေအဆင့်ကြမ်းပြင်နှင့်တစ်ဆက်တည်းရှိသော “မော့လောင်း” ခေါ် စင်ကို
ထုတ်ထားတတ်သည်။ အိမ်ပတ်ဝန်းကျင်တွင် အိမ်သုံးဟင်းသီးဟင်းရွက်များနှင့်
အသီးပင်များစိုက်ပျိုးရန်ခြံများရှိသည်။ ရွာတိုင်းလိုလို ပင်
ကိုယ့်အိမ်နှင့်ကိုယ့်ခြံဝင်းနှင့်ရှိကြ၏။
ရှမ်းပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ မြို့နယ်အလိုက်နေထိုင်မှုကိုအောက်ပါအတိုင်း လေ့လာနိုင်သည်။
ပင်လောင်းမြို့နယ်
ပင်လောင်းမြို့နယ်တွင် လူဦးရေ ၈ သောင်းကျော်ရှိသည့်အနက်
ပအိုဝ်းတိုင်းရင်းသားခြောက်သောင်းကျော်ပါဝင်သည်။ ရာခိုင်နှုန်း အားဖြင့် ၇၄ %
ဖြစ်၏။ ပင်လောင်းမြို့နယ်တွင် လူဦးရေ အများဆုံးဖြစ်၏။
ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကျေးရွာများကို တောင်ကြော၊ တောင်ခြေရင်း၊
တောင်ထပ်၊ လှိုင်းထကုန်းမြေမြင့်နှင့် တောင်ပတ်လည်ဝိုင်းရံလျက်ရှိသည့်
ချိုင့်ဝှမ်းအရပ်များတွင် အများအပြားတွေ့နိုင် သည်။
တစ်ရွာနှင့်တစ်ရွာမှာလည်း ပျမ်းမျှနှစ်မိုင်လောက်သာဝေးလေသည်။
ကျေးရွာပတ်ဝန်းကျင်တွင် ခြံများဝိုင်းရံထား၏။ အိမ်တိုင်းလိုလို
ဝင်းခတ်ထားကြ၏။ အိမ်ခြေမစိပ်လှပေ။ အိမ်ဦးရေ ၂၀ မှ ၃၀၀ အထိ ရှိတတ်ကြသည်။
အိမ်များကိုထင်းရှူး၊ ချယ်ရီ၊ သစ်ယာတို့ဖြင့်ဆောက်ကြ၏။
စီးပွားရေးဖွံ့ဖြိုးသောဒေသများတွင် ပျဉ်ထောင်သွပ်မိုး အိမ်များ ကို
တွေ့ရသည်။ ၀ါးအိမ်များကို တီကျစ်မြို့နယ်တွင် အများဆုံးတွေ့ရ၏။
တီကျစ်မြို့နယ်ရှိ ၀ါးအိမ်များသည် နှစ်ပေါင်း ၃၀ ခန့် ခိုင်ခံ့လေ သည်။
ပင်လောင်းမြို့နယ်တွင် ဖွံ့ဖြိုးသောကျေးရွာများမှာ ပင်လောင်းမြို့၊
တီကျစ်မြို့၊ နောင်တရားရွာနှင့် ရင်းမှီးရွာတို့ဖြစ်ကြ၏။ ဤမြို့ရွာ
များတွင် ကူးသန်းရောင်းဝယ်ရေးထွန်းကားသည်။
ပင်လောင်းမြို့နယ်ရှိ ကျေးရွာတိုင်းလိုလိုသည်
စမ်းရေကိုသာသောက်သုံးကြသည်ကများ၏။ လျှိုမြောင်ကြားမှာစမ်းရေကိုရွာသို့
ပိုက်လုံးများ၊ ရေတံလျှောက်များဖြင့်သွယ်ယူကြ၏။ ချောင်းဖြတ်စီးရာ
ပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသည်။ ဤမြို့ နယ်မှ
ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ဖက်၊ သနပ်ဖက်၊ အာလူး၊ ကြက်သွန်ဖြူ၊
သစ်သီးနှင့် တောင်ယာများကိုစိုက်ပျိုးလုပ်ကိုင်ကြသည်။
လမ်းပန်းဆက်သွယ်ရေးကိုကြည့်ပါက အောင်ပန်း-ပင်လောင်း-လွိုင်ကော်
ကားလမ်းမကြီးဆီသို့ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများ ဖောက်ကြသည်။
ယင်းလမ်းများမှာ နွေရာသီနှင့်ဆောင်းတွင်းသာကားသွားနိုင်သည်။ ဖောက်ထားသော
လမ်းများမှာညောင်ပင်သာရွာမှ ဘုရားဖြူသို့တစ်လမ်း၊ နောင်တရားမြို့မှ
ဗောင်းရွာသို့တစ်လမ်း၊ ရေဦးရွာ ( ထီးကတူရွာ ) မှ ပင်မွန်ရွာသို့တစ်လမ်း၊
ပင်လောင်းမြို့မှ မင်းဘူးရွာသို့တစ်လမ်း၊ ရင်းမှီးရွာမှ
တင်းထက်ရွာသို့တစ်လမ်း၊ ဆောင်းပလောင်းရွာမှ
သုံးပျဉ်ရွာသို့တစ်လမ်းတို့ဖြစ်ကြသည်။ ရင်းမှီးရွာမှ ဗောင်းရွာသို့လမ်းမှာ
အစိုးရကဖောက်လုပ်ပေးထားသောလမ်းဖြစ်၏။ ဤလမ်းများကိုလှည်း၊
နွားဝန်တင်များအသုံးပြု၍ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ကြသည်။
ကျေးရွာများတွင်အစိုးရမူလတန်းကျောင်းများ အချို့ရှိ၏။
အချို့ကျေးရွာများတွင်မူလတန်းကျောင်းများရရှိရေးအတွက် ကိုယ်ထူ
ကိုယ်ထစနစ်ဖြင့် ဖွင့်လှစ်ထားကြသည်။ ပင်လောင်းမြို့နယ်ရှိ
ပအိုဝ်းကျေးရွာများမှာ ဖွံ့ဖြိုးတိုးတက်သော်လည်း ကားလမ်းနှင့်ဝေးကွာသဖြင့်
အစစအရာရာနှောင့်နှေးမှုများဖြစ်ပေါ်ရသည်။
ဆီဆိုင်မြို့နယ်
ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသား ၆၇% နေထိုင်၏။ ဤမြို့နယ်တွင်
အဓိကထား၍ ရွာတည်ကြသည်ကိုတွေ့ရသည်။ စမ်းရေ နှင့်
ကန်ရေကိုသာအဓိကထားသောက်သုံးကြသဖြင့်
လည်ပင်းကြီးရောဂါဖြစ်ပွားသူများကိုတွေ့ရသည်။ ကျေးရွာများကို
လှိုင်းထလွင်ပြင်၏ ထိပ်ပိုင်း ( တောင်ကုန်းထိပ် ) တွင်
အများအားဖြင့်တွေ့ရသည်။
လှိုင်းထလွင်ပြင်နှစ်ခုဆုံရာအရပ်တွင်ခြံလုပ်ငန်းရှိသည်။
ဝါးအိမ်များပြီး ခြေတံရှည်အိမ်များ၏။ အိမ်အောက်ထပ်တွင်
တိရစ္ဆာန်များကိုထားရှိသည်။ အိမ်ကိုသက်ကယ်၊ အင်းဖက်များဖြင့် မိုးကြသည်။
ဝါးဖြင့် အခင်းအကာပြုလုပ်ကြသည်။ ပြတင်းပေါက်လည်းနည်း၏။
သို့သော်အလင်းရောင်ရရှိရေးအတွက် အိမ်အမိုးတွင်မှန်များ တပ်ထားကြသည်။
အိမ်များတွင်လည်း အဖီများ “ မော့လောင်း ”
ခေါ်လက်ဖက်လှန်းစင်များပြုလုပ်ထားကြသည်။ အိမ်များကိုဝင်းခြံခတ်ထား
ခြင်းမရှိပေ။
ဆီဆိုင်မြို့နယ်တွင် အများအားဖြင့် အနီရောင်မြေသားရှိ၏။ မြေလည်းသိပ်မပွပေ။
မြေစေအတော်အသင့်ပါဝင်၏။ မိုးနည်းသဖြင့် လယ်ယာစိုက်ပျိုးမှုမရှိပေ။
ကြက်သွန်ဖြူ၊ မြေပဲ၊ အာလူး၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ ကြံ၊ ဟင်းသီးဟင်းရွက်
လောက်ကိုသာစိုက်ပျိုးကြ၏။
ကျေးရွာထွက်ကုန်များကိုတောင်ကြီးမြို့သို့ တိုက်ရိုက်တင်ပို့ကြသည်။
အချို့ကျေးရွာများသည် တောင်ကြီး-ဆီဆိုင်-လွိုင်ကော်ကား လမ်းမကြီးသို့
လမ်းများဆက်သွယ်ဖောက်လုပ်ထားသည်။ ဤမြို့နယ်တွင် ထင်ရှားသောကျေးရွာများမှာ
လွယ်ပွတ်ရွာ၊ လွေပူရွာ၊ ကောင်ကေ ရွာ၊ ပင်တရာရွာ၊ ဒိုတန်ရွာ၊ တီကတူရွာ၊
မွေတော်ရွာ၊ တဆုံရွာ၊ ဘန့်ကန်ရွာ၊ ဟော်နန်းရွာများဖြစ်ကြသည်။
တောင်ကြီးမြို့နယ်
တောင်ကြီးမြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသား ၄၄.၂ ရာနှုန်းရှိသည်။
တောင်ကြီးမြို့နယ်တွင် ပအိုဝ်းကျေးရွာများကို တောင်ကြီး
တောင်ကြောတစ်လျှောက်နှင့် မြေပြန့်လွင်ပြင်တွင်မြင်နိုင်သည်။
တောင်ကြီးမြို့တောင်ဘက်တွင်ရှိသောပအိုဝ်းကျေးရွာများဖြစ်သည့်
နောင်ပစ်ရွာနှင့် နောင်ကားရွာများသည် မြေပြန့်တွင်ရှိသည်။
တောင်ကြီးမြို့နယ်တွင် ခြေတံရှည်သစ်သားအိမ်များကိုပို၍တွေ့ရ၏။
အိမ်၏အောက်ထပ်တွင် မြင်းတစ်ကောင် နှစ်ကောင်ကိုစီးရန် အတွက်
မွေးမြူထားသည်ကိုတွေ့ရတတ်သည်။ အများအားဖြင့်
ကြက်သွန်များကိုသိုလှောင်ထားသည်ကိုတွေ့ရသည်။
တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့်
သနပ်ဖက်လုပ်ကိုင်ကြသည်။ အနိမ့်ပိုင်း မြေပြန့်ဒေသများတွင် ဂျုံ၊
ကြက်သွန်ဖြူ၊ တောင်ယာနှင့် လယ်အနည်းငယ်လုပ်ကိုင်ကြသည်။ ယခုအခါ
ဂျုံကိုစီးပွားဖြင့်တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ရွှေညောင်မြို့ အနီးရှိ
ကျီးဖြူကန်တစ်ဝိုက်တွင် ဂျုံ၊ စပါး၊ ကြံ၊ ခရမ်းချဉ်သီးများစိုက်ပျိုးကြသည်။
မြေဖြူရွာသည် သစ်တော့သီးနှင့်ခြံလုပ်ငန်းဖြင့်နာမည်ကြီး ၏။
တောင်ကြီးမြို့နယ်မှ ထွက်ကုန်များကိုတောင်ကြီးဈေးတွင်ရောင်းချကြသည်။
တောင်ကြီးမြို့နယ်တွင်ထင်ရှားသော ပအိုဝ်းကျေးရွာများမှာ အင်းနီ၊
လွယ်ခေါ်ထီတဖြူ၊ ထီနဲ့၊ ခွေးငူ၊ နောင်ခိုင်း၊ ကျောက်တလုံးကြီး၊
ပန်တုံရွာတို့ဖြစ်ကြသည်။ ကျောက်တလုံးနှင့် နောင်ခိုင်းရွာမှာ
တောင်ကြောပေါ်တွင်တည်ရှိ၏။ နောင်ခိုင်းရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊
ကျောက်တလုံးကြီးရွာမှာ ၁၀၀ ကျော်ရှိလေသည်။ ပန်တွန်ရွာတွင် သနပ်ဖက်၊
ကြက်သွန်ဖြူ၊ ကော်ဖီများစိုက်ပျိုးလုပ်ကိုင်သည်။
ဤမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ကြက်သွန်နှင့် သနပ်ဖက်ကို
အဓိကထားစိုက်ပျိုးလုပ်ကိုင်သည်။ ထို့ပြင်ဂျုံ၊ မြေပဲ၊ အာလူးနှင့်
ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးလုပ်ကိုင်သည်။ တောင်ကြီးမြို့နယ်ရှိ
ပအိုဝ်းကျေးရွာတိုင်းလိုလိုပင် အိမ်ကြီး အိမ်ကောင်းများကိုတွေ့ရလေသည်။
ဟိုပုံးမြို့နယ်
ဟိုပုံးမြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသား ၅၆ ရာနှုန်းနေထိုင်၏။
ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်သည် တစ်စိတ်တစ်ဒေသပါဝင်နေ၏။
ဤမြို့နယ်အတွင်းရှိ ကျောက်တန်းရွာသည်
ဟိုပုံး-လွိုင်လင်ကားလမ်းဘေးရှိထမ်းဆမ်းရွာမှနေ၍ မြောက်ဘက်သို့
ခုနစ်မိုင်အကွာတွင်တည်ရှိ သည်။ ရှမ်းပြည်နယ်တွင်
သနပ်ဖက်လုပ်ငန်းဖြင့်အထင်ရှားဆုံးရွာဖြစ်သည်။
ကျောက်တန်းရွာတွင်တောင်ပေါ်မှစိမ့်စမ်းရေများကို သံပိုက်များ ဖြင့်သွယ်ယူ၍
ရေလှောင်ကန်တွင်သိုလှောင်ကာသောက်သုံးကြ၏။
ကျောက်တန်းရွာတွင်အိမ်ကြီးများကိုတွေ့ရ၏။ အိမ်များကို
အင်သားများဖြင့်လည်းကောင်း၊ အင်္ဂတေများဖြင့်လည်းကောင်းတည် ဆောက်ကြသည်။
အစိုးရအလယ်တန်းကျောင်းရှိပြီး တွဲဖက်အထက်တန်းကျောင်းဖွင့်ကာ
အထက်တန်းကျောင်းရရှိရေးအတွက်ကြိုးပမ်းနေ သည်။
မဲနယ်တောင်ရှိ ဒုံလီတောင်ရွာသည် အရှေ့နှင့်အနောက်တောင်တန်းနှစ်ခုအကြား
ကုန်းမြေမြင့်ပေါ်တွင်တည်ထား၏။ ကုန်းမြင့်နံရံ တွင်တည်နေသဖြင့်
အိမ်များကိုလှေကားအနိမ့်အမြင့်ဆောက်လုပ်ထားသည်။ အိမ်ခြေစိပ်ပြီး
သစ်အိမ်သွပ်မိုးအိမ်များဖြစ်ကြသည်။
ရွာတည်နေပုံကောင်းသဖြင့်လေကောင်းလေသန့်ရရှိသည်။ ရေကိုလျှိုမြောင်တွင်းမှ
ပိုက်လုံးဖြင့်သွယ်ယူသောက်သုံးကြသည်။ ရွာပတ်လည်တွင်ခြံရှိ၏။
အနိမ့်မြေညီပိုင်းတွင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးကြသည်။
စငေါရွာသည် ချိုင်ဝှမ်းတွင်တည်ရှိပြီး ချောင်းရေကိုအဓိကမှီခိုကြသည်။
စငေါချောင်းတစ်လျှောက်တွင်ရွာတည်ထားသဖြင့် ရွာတန်း ရှည်သဖွယ်ဖြစ်နေသည်။
အိမ်များမှာခြေတံရှည်အိမ်မျိုးဖြစ်ပြီး အိမ်ခြေစိပ်၏။ တောင်စောင်းတွင်
သနပ်ဖက်ခြံရှိပြီး ချောင်းနံဘေးတွင် ကြက်သွန်ဖြူနှင့်ရွှေပဲခင်းများရှိပြီး
လယ်ကိုအနည်းငယ်လုပ်ကိုင်၏။
ပင်တခွားရွာသည် တောင်ထိပ်တွင်ရှိပြီး ရှုကွင်းရှုကွက်သာယာလှပသောရွာဖြစ်သည်။
သောက်သုံးရန်ရေကိုတောင်ခြေရှိ ရေတွင်း သို့သွားခပ်ရသည်။
ဝါးထရံကာသောခြေတံရှည်အိမ်များဖြစ်၏။ ခြံလုပ်ငန်းကိုလုပ်ကိုင်ကြသည်။
ဟိုပုံးမြို့နယ်တွင် တောင်ကမ်းပါးယံ၌ရွာတည်ထားခြင်းများမရှိပေ။
လွယ်မိုင်းတောင်နှင့်နောက်ဝိုတောင်နှစ်ခုအကြားတွင် စငေါ
ချောင်းစီးဆင်းလျက်ရှိ၏။ စငေါချောင်းသည် ရေစီးသန်သော်လည်း
ကမ်းနံဘေးတွင်ရွာတည်နိုင်ရန်မြေကွက်ကောင်းများရှိသည်။
ဟိုပုံးမြို့နယ်တွင်ထင်ရှားသော ပအိုဝ်းကျေးရွာများမှာ ဟုတ်ပေ၊ စငေါ၊
တန်းစောက်၊ လိုင်းပေ၊ လုံးဟီ (စံဖူး)၊ တလျနိုး၊ စောက်ကရှား၊ ပင်စုံစသည့်
ကျေးရွာများဖြစ်ကြသည်။ ရွာတွင်အများအားဖြင့် မူလတန်းကျောင်းများရှိ၏။
လုံးတီ(စံဖူး) ရွာတွင်အစိုးရအလယ် တန်းကျောင်းရရှိရေးအတွက်ကြိုးပမ်းနေသည်။
တစ်ရွာနှင့်တစ်ရွာကားလမ်း၊ ခြေလျင်လမ်းများဖြင့်ဆက်သွယ်ထား၏။
ကားလမ်းမှာမိုးရာသီ တွင်မသွားနိုင်ပေ။ ဟိုပုံးမြို့နယ်ရှိ
ပအိုဝ်းကျေးရွာများသည် ဖွံ့ဖြိုးသောပအိုဝ်းကျေးရွာများဖြစ်ကြသည်။
လွိုင်လင်မြို့နယ်
လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးရွားများသည် တောင်ခြေရင်းတွင်တည်ရှိသည်။
ဘုန်းကြီးကျောင်းကိုဝန်းရံ၍ တည်ဆောက်ထားကြ သော
ရွာစုရွာဝိုင်းများဖြစ်ကြသည်။ တောင်ခြေအရှေ့ဘက်တွင်
နံနက်ပိုင်းနေရောင်ခြည်ကို မျက်နှာမူသောရွာများ၏။ ဆောင်းရာသီတွင်
မြူဆိုင်း၍ ဆီးနှင်းကျသဖြင့် အအေးလွန်ကဲသည်။ အိမ်များမှာ
ခြေတံရှည်အိမ်ဖြစ်ပြီး ထင်းရှုးသားဖြင့်တည်ဆောက်ကြသည်။
မိုင်းပွန်ချောင်းဖြတ်သန်းစီးဆင်းလျက်ရှိသဖြင့် စိုက်ပျိုးရန်
ရေအခက်အခဲမရှိပေ။ သို့သော်စမ်းရေကိုသာ သောက်သုံးကြသည်။ မိုင်းပွန်ချောင်း၏
တစ်ဘက်တစ်ချက်တွင် ကြက်သွန်ခင်း၊ အာလူးခင်းများရှိသည်။
တစ်ရွာနှင့်တစ်ရွာမှာ ပျမ်းမျှသုံးမိုင်ခန့်ကွာဝေး၏။
ထွက်ကုန်များကိုလွိုင်လင်မြို့သို့လှည်းများဖြင့်တင်ပို့ကြသည်။
လွိုင်လင်မြို့နယ်အတွင်းထင်ရှားသော ပအိုဝ်းကျေးရွာများမှာ ဟွေးဟွမ်း၊
ဖိုးပန်၊ ၀ါခရာ၊ နောင်တောင်း၊ ညောင်ပင်၊ ပင်တင်ရွာများ ဖြစ်ကြသည်။
ပင်လုံဒေသတစ်ဝိုက်ရှိ ပအိုဝ်းကျေးရွာများသည် တောင်ကြောတစ်လျှောက်တွင်
ရွာတန်းရှည်ပုံစံဖြင့်တည်ရှိကြသည်။ ဥပမာအားဖြင့် ပန်းလျမ်၊ ကုန်ကျောင်း၊
လွယ်တပ်ကျေးရွာဖြစ်ကြ၏။ သောက်သုံးရန်ရေအတွက် တောင်ခြေအနိမ့်ပိုင်းတွင်
စမ်းရေများကိုခပ်ယူကြရသည်။ ခြေတံရှည်အိမ်ဖြစ်၍ သွပ်မိုးအိမ်များသည်။
သက်ကယ်မိုးအိမ်လည်းရှိ၏။ အိမ်ထောင်ပရိဘောဂများအတွက်
ထင်းရှုးသားကိုအသုံးများသည်။ အိမ်အနီးတွင် မြင်းများ၊ နွားများကို သီးသန့်
တင်းကုပ်များ၊ ဇောင်းများဖြင့်မွေးမြူကြသည်။
ပင်းတယမြို့နယ်
ပင်းတယမြို့နယ်တွင် ပအိုဝ်းကျေးရွာများကို ပေ ၅၀၀ အထက်မြင့်သော
မဲနယ်တောင်ထိပ်များတွင် တွေ့ရသည်။ မဲနယ်တောင်ထိပ် သည်
ကျယ်ပြန့်ကောင်းမွန်ပြီးရွာတည်ရန်နှင့် စိုက်ခင်းအတွက်ပါကောင်းမွန်သည်။
ရေခဲလောက်အောင်အေးသောဒေသဖြစ်၏။ အအေးလွန် ကဲသဖြင့်
အိမ်များတွင်ပြတင်းပေါက်မရှိကြပေ။ တစ်နှစ်ပတ်လုံးမီးလှုံရသည်။
ဤဒေသရှိအိမ်များမှာ ခေါင်စောက်၍ခြေတံရှည်သည်။
အိမ်များကိုသစ်ဝါးနှစ်မျိုးစလုံးဖြင့် တည်ဆောက်ကြသည်။ အိမ်အမိုးမှာ
သက်ကယ်ဖြစ်၏။ အအေးဒဏ်ကြောင့်သွပ်မမိုးနိုင်ပေ။ အကာမှာ ထရံကာဖြစ်၏။
တစ်အိမ်နှင့်တစ်အိမ်ဝေးကွာ၏။ တွင်းရေကိုသုံးကြသည်။
မဲနယ်တောင်ပေါ်ရှိ ပအိုဝ်းကျေးရွာများသည်
သနပ်ဖက်နှင့်လက်ဖက်တို့ကိုအဓိကထားလုပ်ကိုင်ကြ၏။ မြေနိမ့်ပိုင်းနေ
ပအိုဝ်းများမှာ မြေပဲ၊ တောင်ယာနှင့် အာလားများစိုက်ပျိုးကြသည်။
ထွက်ကုန်များကို ပင်းတယဈေးသို့နွားဝန်တင်ဖြင့်လည်းကောင်း၊ လှည်းဖြင့်လည်း
ကောင်း ပို့ဆောင်ကြသည်။ စီးပွားရေးအသင့်အတင့်ဖွံ့ဖြိုးသော်လည်း
ပညာရေးဖွံ့ဖြိုးမှုမရှိပေ။
ပင်းတယအနီးပတ်ဝန်းကျင်ရှိ ပအိုဝ်းကျေးရွာများမှာ တောရ၊ မြေခြား-မြောက်ရွာ၊
မြေခြား-တောင်ရွာ၊ ကျောက်စု၊ တောင်ပို့လုလင်၊ ထယ်သွင်း၊ ပေါဗြဲကုန်း၊
အိုင်ပူ၊ သာစည် စသည့်ရွာများဖြစ်၏။ ဤရွာများသည် တောင်ယာလုပ်ငန်း၊ စပါး၊
မြေပဲ၊ အာလူး၊ ခရမ်းချဉ်သီးတို့ကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ ထို့ပြင်
ကြက်၊ ၀က်၊ ဘဲများကိုလည်း မွေးမြူကြသည်။
မိုင်းကိုင်မြို့နယ်
မိုင်းကိုင်မြို့နယ်တွင် ပအိုဝ်းကျေးရွာများသည် အများအားဖြင့်
တောင်စောင်း၊ ဆင်ခြေလျှောတွင်တည်ရှိကြသည်။ တောင်၏အရှေ့ ဖက်တွင်
ကျေးရွာပိုမိုများသည်။ အိမ်များကို အင်သား၊ ထင်းရှုးသားများဖြင့်
ဆောက်လုပ်ကြ၏။ ရွာများမှာ အိမ်ခြေ ၂၀ မှ ၅၀ အတွင်းရှိပြီး၊
အနှံ့အပြားတည်ရှိကြသည်။ တစ်ရွာနှင့်တစ်ရွာပျမ်းမျှငါးမိုင်ကွာဝေးသည်။
မိုင်းကိုင်ဒေသတွင် မိုးနည်း၍လေထန်၏။ မြေမှာနီညိုအမျိုးအစားဖြစ်သည်။
လမ်းပန်းအဆက်အသွယ်ညံ့ဖျင်းသဖြင့် ကုန်ပစ္စည်းများ ကို လားဝန်တင်၊
မြင်းဝန်တင်၊ ပခုံးထမ်းများဖြင့် သယ်ယူကြရသည်။
စီးပွားရေးမဖွံ့ဖြိုးသည့်အပြင် ပညာရေးလည်းနိမ့်ကျနေ၏။ မူလတန်း
ကျောင်းအနည်းငယ်သာရှိသည်။
ရွာငံမြို့နယ်
ရွာငံမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ကို ၀ါး၊
သစ်များဖြင့်ဆောက်လုပ်ကြသည်။ အမိုးကိုအင်ဖက်ဖြင့်မိုးကြသည်။
ခြေတံရှည်အိမ်များဖြစ်ပြီး အောက်ထပ်တွင်မြင်းမွေးထားကြသည်။
ရေကိုတောင်ခြေတွင်တွင်းတူး၍သောက်သုံးကြသည်။
တောင်ခြေတွင် ယာလုပ်ငန်းကိုလုပ်ကိုင်ကြ၏။ ရွာပတ်ဝန်းကျင်တွင် လက်ဖက်ခြံ၊
သနပ်ဖက်ခြံများရှိသည်။ ဒေသမှ ထွက်ကုန်များ ကို
ရွာငံမြို့သို့နွားဝန်တင်များဖြင့်ပို့ဆောင်ကြသည်။ ထင်ရှားသော
ပအိုဝ်းကျေးရွားများမှာ ၀ါမိုးရေ၊ သော်စောကြီးတောင်ရွာ၊ ၀ါကြီးမြောင်ရွာ
တို့ဖြစ်ကြသည်။
ကလောမြို့နယ်
ကလောမြို့နယ်တွင် ပအိုဝ်းကျေးရွာများကို
တောင်ကြောတစ်လျှောက်တွင်တည်ထားကြသည်။ ခြေတံရှည်အိမ်များကိုအဖီကြီးများ
တစ်ဘက်တစ်ချက်ထုတ်၍ဆောက်ထားကြသည်။ ရွာဝိုင်းပုံစံဖြစ်၏။
တွင်းရေကိုသောက်သုံးကြရာတွင် တစ်ရွာနှင့်တစ်ရွာမှာတစ်မိုင်လောက် သာဝေး၏။
တောင်ဘက်ဆင်ခြေလျှောပိုင်းတွင် လက်ဖက်ခြံများတွေ့ရသည်။
မြေပဲကိုလည်းအနည်းငယ်စိုက်ပျိုးကြသည်။
လဲချားမြို့နယ်
ဤမြို့နယ်ရှိ ပအိုဝ်းကျေးရွာများမှာ နောင်ကောင်ရွာ၊
နောင်ချိုရွာများဖြစ်ကြသည်။ ရွာများကိုတောင်ကလပ်တွင်တည်ထားကြ၏။
ဒေသဆိုင်ရာအချက်အလက်များမှာ အခြားမြို့နယ်များနှင့်မခြားလှပေ။
အောက်မြန်မာနိုင်ငံရှိ ပအိုဝ်းကျေးရွာများ
အောက်မြန်မာနိုင်ငံတွင်လည်း
ပအိုဝ်းတိုင်းရင်းသားများပြန့်နှံ့နေထိုင်လျက်ရှိသည်။ အောက်မြန်မာနိုင်ငံနေ
ပအိုဝ်းတိုင်းရင်းသား များကို အခြားလူမျိုးများက ရှမ်းတောင်သူဟုခေါ်ကြသည်။
တောင်ငူခရိုင်ထန်းတပင်မြို့နယ်တွင်
ပအိုဝ်းတိုင်းရင်းသားများပျံ့နှံ့နေထိုင်လျက်ရှိ သော ပအိုဝ်းကျေးရွာများမှာ
ဇရပ်ကြီး၊ ကင်မွန်းချုံ၊ လယ်ကလေး(မိုးကောင်း)၊ အင်ကြင်းသာ(အင်ကြင်းကုန်း)၊
ဒါဒေါက်ဒိုးဒန်၊ ရွှေစောင်းအ နောက်ရွာ၊ နှစ်တန်ကုး၊ ချောင်းကြား၊ နတ်ရွာ၊
သရက်ပင်၊ အင်းယားကြီး၊ အုန်းသုံးပင်စသည့်ကျေးရွာများဖြစ်ကြသည်။
ပဲခူးတိုင်းတွင် ကျောက်ကြီးဒေသ၊ ရွှေကျင်ဒေသတွင်လည်းကောင်း၊
ဘားအံဒေသတွင်လည်းကောင်း၊ ရန်ကုန်မြို့အနီးရှိ
အင်းတကော်ပတ်ဝန်းကျင်တွင်လည်းကောင်း၊ လှိုင်းဘွဲ့ဒေသ၊ တံခွန်တိုင်ဒေသ၊
ဒုံဝန်းဒေသ၊ ပျဉ်းမနားမြို့အနီး ရေနီဒေသ၊ ပဒတ်ချောင်း
ကျေးရွာတွင်လည်းကောင်း ပြန့်နှံ့နေထိုင်လျက်ရှိကြသည်။
ကော့ကရိတ်ဒေသတွင်ထီလုံ၊ နောင်လုံစသည့် ကျေးရွာများတွင်လည်းကောင်း၊
ဒိုက်ဦးစသည့်ဒေသတွင် အိမ်ခြေလေးဆယ်၊ ရွာဝိုင်း ကြီးစသည့်
ကျေးရွာများတွင်လည်းကောင်း၊ တောကျွဲအင်းဒေသတွင် သပြေတန်း၊ ဖြူးစု၊
ကင်မွန်းအင်းဒေသတွင်လည်းကောင်း၊ သထုံခရိုင် တွင်နောင်ကုလား၊ အလံတရာကုန်း၊
သာယာကုန်း၊ တံတားဦး၊ ကျုံဘာ၊ အောက်ကျင်း၊ ကျိုက်ကော်၊ သိမ်ဆိပ်
စသည့်ဒေသများတွင် လည်း ကောင်းပျံနှံ့နေထိုင်လျက်ရှိကြသည်။ ဤကား သိသမျှ၊
လက်လှမ်းမီသမျှကျေးရွာဒေသများဖြစ်သည်။ အခြားကျေးရွာများကျန်ရှိနေပေသေး သည်။
ဘားအံဒေသတွင် ကြာမင်း၊ ကမော့ကစင်၊ ကော့ကျိုက်၊ ပါလင်၊ ၀ါးဆူး၊ ပဲကြီး၊
သာယာကုန်း၊ ကျုံစောင့်၊ နောင်ပတုတ်၊ ရေကျော်၊ မြိုင် ကလေး၊ မင်းဇီ၊
မဲဘောင်ပါရို၊ အိန္ဒု၊ နောင်လုံ၊ ခရဲရွာကြီး၊ ခရဲရွာလေး၊ ခရဲကမ်းနား၊ ကျော့၊
ကျွန်း၊ ကံခရဲ၊ ကျွန်းကြီး၊ ၀င်းစိန်တောင်၊ ၀င်းစိန် မြောက်၊ ကော့တဒါ၊
ကတွန်းတာ၊ ဆီခိုး၊ နောင်ဗိုစသည့် ရွာများဖြစ်ကြသည်။
အောက်မြန်မာပြည်တွင်နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည်
ပအိုဝ်းတိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်မှုနည်းပြီး၊ မြန်မာလူ မျိုးများနှင့်
ရောနှောနေထိုင်ပြီး၊ မြန်မာစကားပြော၊ မြန်မာလို့ဝတ်စားဆင်ယင်ကာ
နေထိုင်ကြသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြ သည့်
ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့်
လယ်ယာလုပ်ငန်းဖြင့်အသက်မွေးကြသည်။
အိမ်ဆောက်လုပ်ခြင်း
ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်မှရရှိသော
ပစ္စည်းကိရိယာများကိုအသုံးပြုကြသည်။ အများအသုံးပြုသောသစ်များမှာ ထင်းရှူး၊
ချယ်ရီ၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊ ပျဉ်းကတိုးနှင့် ကျွန်းတို့ဖြစ်ကြသည်။
သစ်များကို သစ်တော ကြိုးဝိုင်းများမှခုတ်ယူခြင်းမျိုးမဟုတ်ဘဲ၊
သစ်တောကြိုးဝိုင်းမဟုတ်သောသစ်တောများမှ
ကိုယ်တိုင်ခုတ်ထစ်ခွဲစိတ်အသုံးပြုကြသည်။ မြို့နေ
ပအိုဝ်းများသာသစ်ကိုဝယ်ယူအသုံးပြုကြသည်။
အချို့မှာ အိမ်ဆောက်ရန်သစ်သားများ၊ အိမ်ကာရန်ပျဉ်များကိုခွဲစိတ်ရာတွင်
ပုဆိန်ကိုအသုံးပြုကြသည်။ လက်ဖြင့်သာခွဲစိတ်ရသဖြင့် မတွင်ကျယ်ပေ။
သစ်သားကိုပုဆိန်ဖြင့်ခွဲရာတွင် ညီညီညာညာကွဲစေရန်
ဂါထာဖြင့်မန်းမှုတ်ထားသောရေကိုလောင်းပေးရသည်။ ဤသို့ဂါထာ ဖြင့်
မန်းမှုတ်ထားသောရေဖြင့်လောင်းပါက သစ်သားကိုမိမိလိုချင်သကဲ့သို့
ညီညာစွာကွဲစေသည်ဟုယူဆကြသည်။
အိမ်ဆောက်ရာတွင် စီးပွားရေးအခြေအနေကိုလိုက်၍ကွဲပြားမှုရှိကြသည်။
ရှေဦးစွာအိမ်မြေနေရာအတွက်မြေခံကောင်းများရရှိလျှင် ရက်ကောင်းရွေး၍
ပန္နက်ရိုက်သည်။ တောင်စောင်းတောင်ခြေကဲ့သို့ ဆင်ခြေလျှောနေရာများတွင်မူ
ရှေးဦးစွာမြေကိုလှေကားထစ်သဖွယ်ထစ် ပြီး၊ မြေညီအောင်ညှိယူရသည်။ ဤတွင်
ရွာသူရွာသားများက ၀ိုင်းဝန်းကာလုပ်ကိုင်ပေးကြသည်။
အိမ်ပုံစံကို မိမိတို့ကြိုက်သလို ဆောက်လုပ်ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀
ခန့်က ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်သည် ခေါင် စောက်အိမ်မျိုးဖြစ်သည်။
ခါးတိုပြီး ပြတင်းပေါက်မရှိပေ။ ရှိလျှင်လည်းတစ်ပေါက်သာရှိတတ်၏။
ပြတင်းပေါက်မထားခြင်းမှာလည်း ပအိုဝ်းတိုင်း ရင်းသားတို့နေထိုင်သောဒေသတွင်
အအေးလွန်ကဲခြင်းကြောင့်ဖြစ်၏။ ထို့ပြင် အိမ်ကိုအမှောင်ချထားခြင်းဖြင့်
အပြင်မှလူသည်အတွင်းသို့ မမြင်နိုင်ဘဲ အိမ်အတွင်းမှလူသည်
အပြင်သို့မြင်နိုင်ခြင်းကြောင့်ဖြစ်လေသည်။
အိမ်အရွယ်အစားသည် သုံးပင်၊ လေးပင်၊ ငါးပင်အိမ်များသာဖြစ်ကြ၏။
ခေတ်ပေါ်ပအိုဝ်းအိမ်များသည် ငါးပင်အိမ်များဖြစ်ကြသည်။ အိပ်ခန်းဖွဲ့ရာ၌
အိမ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုခန်းဟူ၍ သုံးခန်းခွဲလေ့ရှိကြ၏။
ခေါင်စောက်အိမ်များဆောက်လုပ်ကြသည်။ အောက်ဆင့်ကို မြင့်မြင့် ဆောက်လုပ်ပြီး၊
စပါးကျီနှင့် ကျွဲနွားများထားကြသည်။ ယခင်က ပအိုဝ်းတို့၏အိမ်မှာ
အမိုးနှစ်ဘက်ခပ်အုပ်အုပ်ဖြစ်သည်။ ဤသို့ဆောက်လုပ် ထားခြင်းဖြင့်
လေတိုက်ခြင်း၊ မိုးပက်ခြင်း၊ နှင်းပက်ခြင်းဒဏ်မှ ကာကွယ်နိုင်ရန်ဖြစ်သည်။
ယခုအခါ အသိပညာတိုးပွားလာသည်နှင့်အမျှ
နှစ်ဆောင်ပြိုင်အိမ်များကိုဆောက်လာကြ၏။ အခန်းတိုင်းတွင်လည်း လေ၀င်လေ
ထွက်ရအောင် ပြတင်းပေါက်များဖောက်ထားသဖြင့် အိမ်တွင်းတွင်ယခင်ကကဲ့သို့
မှောင်နေခြင်းမရှိတော့ပေ။ သို့သော်အချို့မြို့နှင့်အလှမ်း
ဝေးသောကျေးရွာများတွင်မူ အိမ်ပြတင်းပေါက်ထားခြင်းနည်းနေပေသေးသည်။
ပြတင်းပေါက်ဖောက်ထားသော ကျန်းမာရေးနှင့်ညီညွတ်သည့်
အိမ်မျိုးဆောက်လုပ်ရေးကို စည်းရုံးကြရပေမည်။
နှစ်တိုခံပင်စိုက်ပျိုးကြသည့် ဒေသတွင်ထရံကာ၊ ၀ါးခင်း၊
ဝါးတိုင်ထူအိမ်များကိုတွေ့ရပေသည်။ အများအားဖြင့် ပျဉ်ထောင်၊ ပျဉ်ခင်း၊
သွပ်မိုးအိမ်များကိုသာတွေ့ရ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏
အိမ်ဘေးနှစ်ဘက်တွင် “ ထု ” ခေါ် အဖီကို ထုတ်ထားလေ့ရှိကြသည်။
0 comments:
Post a Comment