November 27, 2012

အပြစ်မတင်ပဲ ဝေဖန်ဆန်းစစ်ပါ

ခေါင်းဆောင်တစ်ယောက်သည် လက်အောက်ဝန်ထမ်းများအပေါ်တွင် အပြစ်တင်ရန် အချိန်အခါများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ ဒါမျိုးလုပ်ရန်အစပထမတွင် ကျွန်ုပ်တို့ စိုးရိမ်နေတတ်ကြပါသည်။ အတွေ့အကြုံ ရလာသည့်အခါ လွယ်ကူသွားပါလိမ့်မည်။ လက်အောက်ကို ဆန်းစစ်ဝေဖန်ချက်များ ထုတ်ဖော်ပြောကြားရခြင်းသည် ကျွန်ုပ်တို့၏ဆက်သွယ်ဆက်ဆံမှု

အရည်အချင်းကို စမ်းသပ်ခံရသည့် သဘောလည်းဖြစ်ပါသည်။ အနှုတ်လက္ခဏာဆောင်သော ရင့်သီးနစ်နာစေသည့် သတင်းစကားတစ်ပုဒ်ကို စိတ်အားတက်ကြွစေ၍ စွမ်းအားမြှင့်တင်ပေးနိုင်သော အခြေအနေသို့ ရောက်အောင် အသွင်ကူးပြောင်းပေးနိုင်စွမ်း ရှိပါသည်။ ကျွန်ုပ်တို့ရွေးချယ်သောစကားလုံးများနှင့် အသံနေအသံထားသည် အောင်မြင်မှုရရှိရေးအတွက် ပို့ဆောင်ပေးနိုင်ပါသည်။ တုံးတိတိအသံထွက်နှင့် စိတ်တိုနေသည့် အပြုအမှုသည် ကျွန်ုပ်တို့ကိုယ်တိုင် ဟာကွက်ရှိနေသည်ကို ဖော်ပြနေပါသည်။ လက်အောက်ဝန်ထမ်းများသည် ကျွန်ုပ်တို့၏ဒေါသစိတ်ကို ကောင်းစွာအာရုံခံမိကြပြီး စိတ်ပျက်လက်ပျက်ဖြင့် ကြောက်ရွံ့နောက်တွန့်နေကြပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့ကိုယ်တိုင် ကြွတ်ဆတ်မာကြောနေလျှင် ကျွန်ုပ်တို့၏ဝေဖန်ချက်များသည် အားလုံးအတွက် ထိခိုက်နစ်နာစေပါလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်တိုင် ရှင်းလင်းဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်စွာ ဖော်ပြနိုင်သော စကားလုံးများကို ရွေးချယ်ပါ။ အမြဲတမ်း၊ တစ်သက်လုံးဘယ်တော့မှ၊ အဆိုးဆုံး အစရှိသည့် အလွန်အကျူးဖော်ပြရာကျသည့် စကားလုံးများကို ရှောင်ရှားပါ။ လက်အောက်ဝန်ထမ်းများကို ထွက်ပေါက်မရှိဘဲ ဘေးကျပ်နံကျပ်ဖြစ်စေမည့် အခြေအနေမျိုးရောက်အောင် တွန်းမပို့ပါနှင့်။ လူတစ်ယောက်တွင် စာရိတ္တချို့တဲ့မှုနှင့်တန်းတူသဘောထားမျိုးကို ဖော်ပြရာရောက်သည့် ပြစ်တင်ကြိမ်းမောင်းသော စကားလုံးများကိုလည်း ရှောင်ရှားသင့်သည်။ လူတစ်ယောက်၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ စကားလုံးများကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အခြေအနေအမျိုးမျိုး၊ တန်ဖိုးထားမှု အမျိုးမျိုးတွင် ကျွန်ုပ်တို့ကို ဆန့်ကျင်လျက် တစ်ဆိတ်ကိုတစ်အိတ်လုပ် ချဲ့ကားသွားတတ်ကြောင်း သတိပြုရပါမည်။ သို့ရာတွင် လူတစ်ယောက်၏ သိလွယ်မြင်လွယ်သော အပြုအမူ၊ သို့မဟုတ် မျက်မြင်တွေ့ရှိရချက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ဝေဖန်ဆန်းစစ်ချက်များသည် အခိုင်အမာအထောက်အထားများကို အခြေခံထားနိုင်သဖြင့် လက်အောက်ဝန်ထမ်းများအဖို့ ငြင်းဆိုရန်၊ သို့မဟုတ် အခြေအတင်ပြောဆိုရန် ခက်ခဲသွားစေပါလိမ့်မည်။
       လူတစ်ယောက်ကို ဝေဖန်ဆန်းစစ်တော့မည်ဆိုလျှင် မိမိကိုယ်ကို ဦးစွာဝေဖန်ဆန်းစစ်ပါ။ ဒီလူဘာလုပ်နေတာလဲဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့ပြောလိုသည့်စကားလုံးသည် ထိုသူ၏အပြုအမူကို ဒက်ထိတိုးစေရမည်။ မကြာခဏ နှေးကွေးတယ်၊ ပေါ့တယ်၊ လက်မခံနိုင်ဘူးဟူသော စကားလုံးများသုံးနေလျှင် ကျွန်ုပ်တို့သည် တကယ့်ဖြစ်ရပ်ကို ပြောနေခြင်းမဟုတ်ဘဲ လူတစ်ယောက်၏ အပြုအမူအပေါ် မှန်းဆပြောနေခြင်း၊ သို့မဟုတ် အပြစ်တင်ရန် တံဆိပ်အမျိုးမျိုးတပ်နေခြင်းဟူ၍သာ ထင်သွားပါလိမ့်မည်။
      ဥပဒေသတစ်ရပ်အနေဖြင့် လူတစ်ယောက်ကို ပြစ်တင်ဝေဖန်တော့မည်ဆိုလျှင် တစ်ဦးချင်းသာ ခေါ်ပြောပါ။ ၀န်ထမ်းများအား မိမိကိုယ်ကိုမလုံတော့သည့်အခြေအနေမျိုးရောက်သွားစေရန် ကျွန်ုပ်တို့က မလိုလားကြပါ။ အပြုသဘောဆောင်သော မှတ်ချက်ဖြင့် အစပျိုးသင့်သည်။ ဒီလိုဆိုလျှင် ကောင်းမည်ဟူသောသုံးနှုန်းမျိုးသုံးသင့်ပါသည်။ ၀န်ထမ်းတစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ ဘယ်တော့မှ အပြစ်မတင်ပါနှင့်။ ကျွန်ုပ်တို့၏ဝေဖန်ပြောကြားချက်များသည် ထိုသူအတွက် တိုးတက်စေရန်၊ သို့မဟုတ် ပြုပြင်လာစေရန် လိုအပ်သောအတိုင်းအတာအထိသာ ကန့်သတ်ပြောဆိုပါ။
        စကားပြောရာတွင် ရိုးသားရှင်းလင်းမှုနှင့် ရွှင်လန်းသောအမူအရာတို့ဖြင့်ပြောပါ။ ကျွန်ုပ်တို့၏ဝေဖန်ဆန်းစစ်ချက်ကို အလေးအနက်ထားလာစေရန် ချီတုံချတုံမဖြစ်ပါစေနှင့်၊ တင်းကြပ်မထားပါနှင့်၊ လှုပ်ရှားတက်ကြွမှုမရှိသောပုံစံ မဖြစ်ပါစေနှင့်။ ကျွနု်ပ်တို့၏စိတ်ထဲတွင် အားမလိုအားမရဖြစ်မှုများနှင့် မျိုသိပ်ထားရသောအချက်များ ဖွင့်အန်ထုတ်လိုသောအချိန်သည် လက်အောက်ငယ်သားများကို ဝေဖန်ဆန်းစစ်သော အချိန်နှင့် ထပ်တူမဖြစ်ပါစေနှင့်။ ဒေါသကြီးသောခေါင်းဆောင်များသည် မိမိတို့၏စိတ်ကို ထိန်းကျောင်းထားနိုင်ပြီး အေးချမ်းမှုရလာသောအခါတွင်သာ ဝေဖန်ဆန်းစစ်ချက်များပြုလုပ်ပါ။
        အပြုသဘောဆောင်သော ဝေဖန်ဆန်းစစ်ချက်ဖြစ်လာစေရန် အောက်ပါအချက်များလိုက်နာကျင့်သုံးသင့်သည်။
(က)တိုက်ရိုက်ပြောပါ။ စိတ်မသက်မသာမဖြစ်စေလိုကြသည့်အတွက် ကျွန်ုပ်တို့သည် ဝေဖန်ဆန်းစစ်မှုများကို ရှောင်လွှဲလိုကြပါသည်။ သို့ရာတွင် ရှောင်ကွင်းပြောဆိုနေခြင်းသည် မချိမဆန့်ဝေဒနာကို တာရှည်စေရုံသာရှိမည်။ ကျွနုပ်တို့၏ ဝေဖန်ချက်များသည် ဗလုံးဗထွေး ရှုပ်ထွေးစွာပြောခြင်းနှင့် အရိပ်အယောင် သဘော ပြောခြင်းမျိုးမှ လွတ်ကင်းစေလျှက် လိုရင်းတိုရှင်းသာ ပြောရမည်။
(ခ) ကျွနုပ်တို့၏ တာဝန်ကို နားလည်ပါ။ ကျွနုပ်တို့သည် လက်အောက်ဝန်ထမ်းများ၏ တိုးတက်ရေးအတွက် တာဝန်ရှိသူများဖြစ်ကြောင်း သေချာစွာ နားလည်ထားကြပါ။ “ မင်းတို့အတွက် ဒီထက်ပို လုပ်နိုင်စွမ်း ရှိပါတယ်ကွာ” သို့မဟုတ် “ မင်းတို့ဟာ ဒီဆုံးရှုံးမှုအတွက် တရားခံတွေ မဟုတ်ပါဘူး” ဟူသော အဓိပ္ပါယ်သက်ရောက်စေသည့် စကားမျိုးကို ဖုံးကွယ်၍ ဝေဖန်ပြောကြားနိုင်ရမည်။
( ဂ ) လက်အောက်ဝန်ထမ်း၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို ကောင်းမွန်အောင် ပြုပြင်ပေးပါ။ လက်အောက်ဝန်ထမ်းအား မျက်နှာမပြရဲ မဖြစ်ရစေရန် “ မင်းက ဒါကလေးတစ်ချက် သတိမထားမိလိုက်လို့ ” “ မင်းဘယ်လိုစိတ်ကူးနဲ့ ဒီလိုလုပ်လိုက်တာလည်း ဆိုတာ သိချင်လိုက်တာ ” ဟူသော စကားမျိုးဖြင့် ဆိုဆုံးမတတ်ပါစေ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts