November 7, 2012

ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ပါက အကျိုးထူးများ ရစေသော အစွမ်းထက်ဂါထာတော်များ

ဗုဒ္ဓဘာသာဝင်တွေရဲ့  နေ့စဉ်ဘုရားရှိခိုးအပြီးမှာ ရွတ်ဖတ်ပူဇော်လေ့ရှိကြတဲ့ အစွမ်းထက်ဂါထာတော်များ ရှိပါတယ်.. ယုံယုံကြည်ကြည်နဲ့ နေ့စဉ်မပြတ်ရွတ်ဖတ်ပူဇော်ပါက အကျိုးထူးများခံစားရမှာ မလွဲဧကန်ပါ..
မင်းကွန်း ၊ လယ်တီ ၊ မန်လည် ၊ တောင်ဖီလာ ၊ စံကင်း ၊ မိုးညှင်း အစရှိသဖြင့် ဆရာတော်ကြီးများစွာမှာလည်း လက်စွဲရွတ်ဖတ်ခဲ့ကြတဲ့ ဂါထာတော်များစွာရှိပါတယ် .. ကဲ .. အစွမ်းထက်ဂါထာအချို့ကို မျှဝေလိုက်ပါတယ် ..

ဂါထာရဲ့  အနက်ကိုလည်း ကိုယ်တိုင်သိရှိပြီး အသံထွက်မှန်မှန်နဲ့ နေ့စဉ်ယုံကြည်စွာ ရွတ်ဖတ်ကြပါစို့လားရှင် ..



နမော တေ ဂါထာ

နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
နမော တေ ဗုတ်ဓ ၀ီရတ်ထု၊ ၀ိပ်ပမုတ်တောသိ သတ်ဗဓိ။
သမ်ဗာဓပ်ပဋိပန်နောသမိ၊ တတ်သ မေ သရဏံ ဘ၀။

( အနက် မြန်မာပြန်)
ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသော ရှင်တော်မြတ်ဘုရား။
ရှင်တော်မြတ်ဘုရားအား ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ (၀ါ) ရှိခိုးပါ၏ဘုရား။
ရှင်တော်မြတ်ဘုရားသည် ကိလေသာစသော ဒုက္ခအနှောင်အဖွဲ့ အားလုံးတို့မှ အပြီးတိုင် လွတ်မြောက်တော်မူပေ၏။
ဘုရားတပည့်တော်သည် အကျဉ်းအကျပ်သို့ ရောက်၍နေရသည် ဖြစ်ပါ၏။
ရှင်တော်မြတ်ဘုရားသည် အကျဉ်းအကျပ်ရောက်၍နေသော ဘုရားတပည့်တော်၏
ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ဖြစ်တော်မူပါ။

(အကျိုးထူး)
အတားအဆီး ၊အကျဉ်းအကျပ် ၊ အချူပ်အနှောင်များကို လွတ်မြောက်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ခြင်း

မန်လည်ဆရာတော်အမြဲရွတ်ဖတ်ပူဇော်သော ရန်အောင်-ရန်ရှောင်ဂါထာ

ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဗုတ်ဓော လောကေ သမုတ်ပန်နော၊ ဟိတာယ သတ်ဗပါဏိနံ။
ဓမ်မော လောကေ သမုတ်ပန်နော၊ သုခါယ သတ်ဗပါဏိနံ။
သံဃော လောကေ သမုတ်ပန်နော၊ ပုညက်ခစ်တံ အနုတ်တရံ။

( ဂါထာတော်၏ အနက် )
မြတ်စွာဘုရားသည် လောက၌ သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ ကောင်းစွာပွင့်တော်မူခဲ့လေပြီ။
တရားတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ ချမ်းသာခြင်းအလို့ငှါ ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။
သံဃာတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ အတုမရှိသော ကောင်းမှုမျိုးစေ့ကို
စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်အဖြစ်
ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။

(အကျိုးထူး)
အန္တရာယ်ကင်း ဘေးရှင်းကာ နာမည်ဂုဏ်သတင်းကြောစောခြင်း

ဒိဝါတပတိ ဂါထာ

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော ဘာတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။

(အကျိုးထူး)
ဒိဝါတပတိ ဂါထာကို သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ဘာတိကမင်းလက်ထက် ဘာတိကမင်း တောင်းပန်သဖြင့် ပညာရှိအမတ် ရွတ်ဖတ်ရာ ရွတ်ဆဲခဏ၌ အသပြာတထောင် ရရှိကြောင်း
သံယုတ်အဋ္ဌကထာ၌ ဆိုသည်။ ဤဂါထာကို ရွတ်ဖတ်ပါက ဘုန်းတန်ခိုးကျက်သရေနှင့်
ပြည့်စုံနိုင်သည်။
လာဘ်လာဘ ပေါများနိုင်သည်။
အလုပ်အကိုင် အကြံအစည် အောင်မြင်နိုင်သည်။
လိုအင်ဆန္ဒ အလုံးစုံနှင့် ပြည့်စုံစေနိုင်သည်။

ဣစ္ဆာသယ မနောမယိဒ္ဓိ ဂါထာ

၁။အနေကသတာ သမ္ဗုဒ္ဓါ၊ ဥပ္ပန္နာ ဘယနာသကာ။
မမံ သီသေ ပတိဋ္ဌန္တု၊ ရက္ခန္တု တေ မမံ သဒါ။

၂။ သုခါဝဟံ သတံဓမ္မာ၊ တိဋ္ဌန္တု ဟဒယေ မမံ။
အမှေဧတေ ပါလယန္တု၊ သုခံ ဒေန္တု မမံ သဒါ။

၃။ သမ္ဗုဒ္ဓါနံ အရဟန္တာ၊ တေဇ၀န္တော တတော တတော။
တေမေ အံသေ ပတိဋ္ဌန္တု၊ ပါလယန္တု မမံ သဒါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း)

၁။ အနေကသတာ သမ်ဗုတ်ဓာ၊ အုပ်ပန်နာ ဘယနာသကာ။
မမံသီသေ ပတိတ်ထန်တု၊ ရက်ခန်တု တေ မမံ သဒါ။

၂။ သုခါဝဟံ သတံဓမ်မာ၊ တိတ်ထန်တု ဟဒယေ မမံ။
အန်မှေ ဧတေ ပါလယန်တု၊ သုခံ ဒင်တု မမံ သဒါ။

၃။ သမ်ဗုတ်ဓာနံ အရဟန်တာ၊ တေဇ၀န်တော တတော တတော။
တေမေ အံသေ ပတိထန်တု၊ ပါလယန်တု မမံ သဒါ။

(အနက်မြန်မာပြန်)
၁။ ရေတွက်မရ များပြားလှကုန်သော၊
ဘေးရန်အပေါင်းကို ဖျက်ဆီးတော်မူတတ်ကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကြလေကုန်ပြီ။
ထိုဘုရားရှင်တို့သည် ကျွန်ုပ်၏ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌ တည်နေတော်မူကြစေကုန်သတည်း။
ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို အခါခပ်သိမ်း အန္တရာယ်ဘေး ကင်းစင်ဝေးအောင် စောင့်ရှောက်တော်မူကြ
ပါစေကုန်သတည်း။

၂။ ချမ်းသာကိုဆောင်တတ်ကုန်သော ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏
မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်တို့သည် ကျွန်ုပ်၏
စိတ်နှလုံး၌ တည်နေတော်မူကြပါစေ
ကုန်သတည်း။
ထိုတရားတော်တို့သည် အကျွန်ုပ်တို့ကို ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
အကျွန်ုပ်အား အခါခပ်သိမ်း ချမ်းသာကို ပေးသနားတော်မူကြပါစေကုန်သတည်း။

၃။ ဘုရားရှင်တို့၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်ကြကုန်သော၊
ဘုန်းတန်ခိုးတေဇော် အာနုဘော် ရှိကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် ထိုထိုအရပ်မျက်နှာတို့၌
ထင်ရှားရှိတော်မူကြကုန်၏။ ထိုရဟန္တာအရှင်မြတ်တို့သည် အကျွန်ုပ်၏ ၀ဲယာနှစ်ဖက်
ပခုံးထက်၌ တည်နေတော်မူကြပါစေကုန်သတည်း။
အခါခပ်သိမ်း အကျွန်ုပ်ကို ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေ ကုန်သတည်း။

(အကျိုးထူး)

ဤဂါထာများကို ရွတ်ဖတ်ပူဇော်သူတိုင်း စိတ်အလိုပြီးစီး သောကြောင့် မနောမယိဒ္ဓိ ဂါထာများဟုခေါ်သည်။ စိတ်အလိုကြံစည်တိုင်း ပြီးစီးရုံသာမက ဘေးအန္တရာယ်လည်း
အထူးကင်းရှင်းသည်။

အဋ္ဌာနမေတံဂါထာတော်

အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ


(အနက်မြန်မာပြန်)

မြတ်စွာဘုရားတို့သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုးမရှိ။
သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲလျက်သာလျှင် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အရိမေတ္တေယျ စသော နောင်ပွင့်တော်မူလတံ့သော မြတ်စွာဘုရားတို့ကို၎င်း၊
ယခုလောက ပစ္စုပ္ပန်၌ ပွင့်တော်မူကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အကျွန်ုပ်သည် အခါခပ်သိမ်း ရှိခိုးပါ၏။

(အကျိုးထူး)

အဋ္ဌာနမေတံ ဂါထာသည် လက်နက်ဘေး၊ သူတပါးတို့၏ ကိုယ် နှုတ် စိတ်ဖြင့် ရန်ပြုသည့်ဘေး စသော ဘေးအပေါင်းတို့မှ ကင်းလွတ်စေသော ဂါထာဖြစ်သည်။
အသက်ရှည်ခြင်း၊ အနာရောဂါများကင်းပျောက်ချမ်းသာရာရခြင်းနှင့်လည်း ပြည့်စုံစေသည်။

ယေ စ ဗုဒ္ဓါ-ဂါထာကို မြတ်စွာဘုရားသခင်သည် မိမိကိုသတ်ရန် ဒေ၀ဒတ် ကျောက်တုံးလှိမ့်ချစဉ်ကနှင့် နာဠာဂီရိဆင်ကို ဒေ၀ဒတ် စေလွှတ်စဉ်က
ကိုယ်တော်တိုင် နှစ်ကြိမ်ရွတ်ဆိုခဲ့ကြောင်း စူဠ၀ါပါဠိတော်၌ ဖော်ပြထားသည်။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်။
အနာရောဂါ ကင်းပျောက်စေသည်။
အကြံအစည် အလုပ်အကိုင် အောင်မြင်စေသည်။
တောင့်တတိုင်း ပြည့်စုံစေသည်။

သစ္စာပန္နက် အောက်ရှစ်ချက် အောင်ဂါထာတော်

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။

(အနက်မြန်မာပြန်)
ယော ဇယစက္ကော-ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော-ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။

ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနဲ့ အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင်
အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော-အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး
အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-ထိုအောင်စက်သခင် ဘုရားရှင်သည်။
မေ-အောင်ဆုလိုငြား တပည့်တော်အား။
ဇယံ-အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု-ကရာဏာရှေ့ထား၍ ပေးသနားတော်မူပါ့ အရှင်ဘုရား။

(အကျိုးထူး)
လူသားတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကျန်းမာရေး ပညာရေး စသည့် လူမှုရေးရာ ကိစ္စအဖြာဖြာအတွက် သွာလာလှုပ်ရှားနေကြရသည်။ လှုပ်ရှားလုပ်ကိုင်ရသည့်
ကိစ္စတိုင်းကိုလည်း အောင်မြင်လိုကြသည်။

ဤအောင်ရှစ်ချက် ဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ အောင်သင့် အောင်ထိုက်သော အရာမှန်သမျှကို
ကိုယ်တော်တိုင် အောင်မြင်၍ အောင်မြင်မှုကို ရယူလိုသူများကိုလည်း
အောင်မြင်စေပုံကို ဖော်ညွှန်းထားသော ဂါထာဖြစ်သည်။ ယင်းဖော်ညွှန်းချက်
အနက်အဓိပ္ပါယ်ကို အလေးအနက်အာရုံယူ၍ ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင်
မိမိတို့ဆောင်ရွက်နေသော လူမှုကိစ္စအ၀၀ အောင်မြင်ရုံမျှမက ကိလေသာ တရား
အားလုံးကိုပါ အောင်မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်အောင်မြင်နိုင်သည်။



သားကောင်းမိခင်ဖြစ်ရေး ဂါထာတော်

ယော မေ အယံ ဘန္တေ၊ ကုစ္ဆိဂတော ကုမရကော ၀ါ၊ ကုမာရိကာ ၀ါ၊ သော ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဥပါသကံ တံ ဘဂ၀ါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

(အနက်မြန်မာပြန်)
ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကုစ္ဆိဂတော-၀မ်း၌တည်သော၊ ယော အယံ ကုမာရကော
ဝါ-အကြင်သတို့သားသည်၎င်း၊ ယာ အယံ ကုမာရိကာ ၀ါ-အကြင်သတို့သမီးသည်၎င်း၊
အတ္ထိ-ရှိ၏၊ သော-ထိုပဋိသန္ဓေသားသည်၊ ဘဂ၀န္တံ-မြတ်စွာဘုရားကို၊
သရဏံ-ကိုးကွယ်ဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်မြတ်ကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ ဘဂ၀ါ-မြတ်စွာဘုရားသည်။
တံ-ထိုပဋိသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့မှစ၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊
သရဏံ-ဆည်းကပ်ခြင်းသို့၊ ဂတံ-ရောက်သော၊ ဥပါသကံ-ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊
ဓာရေတု-မှတ်တော်မူပါဘုရား။

(အကျိုးထူး)
ဤဂါထာကို ယုံကြည်စွာရွတ်ဆိုပါက သားကောင်းမိခင် ဖြစ်ရုံသာမက မီးဖွားရာတွင်လည်း ဘေးအန္တရာယ်မရှိ၊ လွယ်ကူ ချောမောစွာ ဖွားမြင်နိုင်ပါကြောင်း ..
(အင်္ဂုလိမာလသုတ်နဲ့ တွဲဖက်ရွတ်ပွားနိုင်ကြောင်း)

ဓမ္မမိတ်ဆွေ သူငယ်ချင်းတို့ရေ .. အကျိုးထူး အစွမ်းထက်ဂါထာတော်များကို လက်လှမ်းမှီသလောက်ဖော်ပြလိုက်ပါတယ် ..
ဆက်လက်ပြီးလည်း သူငယ်ချင်းတို့ရဲ့  သိရှိထားတဲ့ ဂါထာတော်များရှိရင်လည်း ဝေမျှခဲ့ကြပါဦးလို့ ...

ဂါထာအစွမ်း အံ့မခန်းဖြင့် အကျိုးထူးတရားများရရှိနိုင်ကြပါစေ
မှတ်ချက်။ ပြတိုက် မှ  မြတ်ပုလဲဖြူ  ၏ ဘလော့ ပြန်လည်ဝေမျှသည်။      (ဗွေးနန္ဒောဘာသ)

1 comments:

Unknown said...

ကျေးဇူးပါသူငယ်ချင်း

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts