November 12, 2012

နယူးယောက်မြို့တွင် ဆုရရှိတဲ့ မြန်မာမော်ဒယ်လ် နိုင်ဒါ တေလာ (Nida Taylor)

Photo - Thomas Win
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၂၊ နိုဝင်ဘာ ၁၀ ရက်နေ့က
 ကျင်းပခဲ့တဲ့ Miss Diaspora Models 2012 - 2013 International Beauty Competition ပြိုင်ပွဲတွင် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ နိုင်ဒါ တေလာ (ယမုံမိုး) က People's Choice ဆု ရရှိခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ်အတွင်း ဥရောပတွင် ကျင်းပမယ့် Miss Diaspora Models ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူများစာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ နယူးယောက်တွင် ထုတ်ဝေတဲ့ မဂ္ဂဇင်းတစောင်ရဲ့ မျက်နှာဖုံးအဖြစ် ဖော်ပြခွင့်လည်း ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ နိုင်ဒါ တေလာ ဆုရရှိရန်အတွက် မဲပေးကြရန် ဖေ့စ်ဘွတ် အသုံးပြုသူ မြန်မာများအကြား ဆော်သြမှုများကို လွန်ခဲ့တဲ့လအတွင်းက စတင် ပြုလုပ်ခဲ့ကြပါတယ်။ ထိုသို့ မဲပေးခဲ့ကြခြင်းကြောင့် Miss Myanmar အနေနဲ့ မဲအများဆုံးရသူအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် Miss Georgia က မဲ အတော်များများနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း Miss Georgia အတွက် မဲပေးမှုများတွင် မသမာမှုများ ပြုလုပ်ခဲ့တယ်လို့ ပွဲ စီစဉ်သူများ သိရှိ၊ သံသယ ဖြစ်ခဲ့ကြကြောင်း၊ ထို သံသယဖြစ်မှုကိုလည်း ပွဲ စီစဉ်သူများက ပြိုင်ပွဲများ သတိပြုစေရန် ကြိုတင် အသိပေးခဲ့ကြောင်း သိရပါတယ်။ ရရှိတဲ့ People's Choice Award အတွက် ဖေ့စ်ဘွတ်မှ မဲပေးမှု ၁၀ ရာခိုင်နှုန်းနဲ့အတူ အကဲဖြတ်များ၊ မော်ဒယ်များအား သင်ကြားပြသပေးသူများ၊ ပွဲ စီစဉ်သူများရဲ့ မဲ ၉၀ ရာနှုန်းနဲ့ ရွေးချယ်တာ ဖြစ်တယ်လို့ နိုင်ဒါ တေလာ (ယမုံမိုး) က ယနေ့မြန်မာကို ပြောပြပါတယ်။ ယနေ့မြန်မာအနေနဲ့ Miss Diaspora Models 2012-2013 International Beauty Competition People's Choice Award ရရှိသူ နိုင်ဒါတေလာ အား ၂၀၁၂၊ နိုဝင်ဘာ ၁၁ ရက်နေ့က ဆက်သွယ် မေးမြန်းခဲ့ရာ ပထမဆုံးအနေနဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရှင်းပြပါတယ်။ မနေ့ (နိုဝင်ဘာ ၁၀ ရက်) က ပွဲကျင်းပရာနေရာကို နေ့လည် ၁၂ နာရီအရောက် သွားရပါတယ်။ တနေ့လုံး ပွဲအတွက် ပြင်ဆင်နေတာနဲ့ အစားသောက်တောင် မစားဖြစ်ပါဘူး။ ရာသီဥတုကြောင့် ပွဲကို တနာရီနောက်ကျပြီးမှ စတင်နိုင်ပါတယ်။ ပွဲကို အက ဖျော်ဖြေမှုနဲ့ စပြီး ဖွင့်ပါတယ်။ အဲဒီနောက် ရိုးရာဝတ်စုံတွေနဲ့ ၀တ်ဆင် ယှဉ်ပြိုင်ကြပါတယ်။ စင်နောက်မှာ အ၀တ်တွေ ရှာကြ၊ အ၀တ်လဲကြနဲ့ အတော့်ကို ပျားပန်းခတ်မျှ အလုပ်များကြ၊ အားလုံး စိတ်လှုပ်ရှားကြပါတယ်။ ဒါဟာ နိုင်ဒါ့အနေနဲ့ ပထမဆုံးအကြိမ် ယှဉ်ပြိုင်မှုပါလား ခင်ဗျ။ ဒါက ဒုတိယအကြိမ် ဖြစ်ပါတယ်။ အရင်က Teen New York အလှမယ်ပြိုင်ကို ၂၀၀၉ ခုနှစ်က ယှဉ်ပြိုင်ဘူးပါတယ်။ နိုင်ဒါ့အနေနဲ့ ဆုတခု ရရှိတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ရှင်းပြပါလား ခင်ဗျ။ ဟုတ်ကဲ့။ People's Choice Award ရရှိပါတယ်။ သူတို့ ကြေငြာလိုက်တော့ အရမ်း အံ့သြပြီး မယုံနိုင်လောက်အောင် ဖြစ်မိပါတယ်။ အရမ်းလည်း ပျော်မိပါတယ်။ Miss Georgia အနေနဲ့ မသမာတဲ့နည်း အသုံးပြုတဲ့အတွက် အပယ်ခံရပါတယ်။ သူတို့ ဒီပွဲက ပြိုင်ပွဲဝင်တချို့ကို ဥရောပမှာ ကျင်းပမယ့် ပွဲအတွက် ရွေးချယ်ခဲ့ရာမှာလည်း ပါခဲ့ပါတယ်။ Miss Myanmar အနေနဲ့ ပြိုင်ရမှာပါ။ ၂၀၁၃ ခုနှစ်အတွင်း သွားကြရဖို့ ရှိပါတယ်။ ဒီ ပြိုင်ပွဲဟာ ပြိုင်ပွဲကြီးတခု ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ၂၅ ဦး ပြိုင်ခဲ့ကြရမှာ ထိပ်ဆုံး ၇ ဦးထဲမှာ ပါခဲ့ပါတယ်။ ဒီ ပွဲမှာ အာရှတိုက်သားတွေ တခါမှ မနိုင်ဖူးပါဘူး။ သူတို့အနေနဲ့ ဥရောပဘက်က လာသူတွေကိုပဲ ရွေးချယ်တာ များပါတယ်။ အာဖရိကနွယ်ဖွားတွေလည်း မနိုင်ဖူးပါဘူး။ ကိုယ်က အာရှနွယ်ဖွားဆိုတော့ အတော့်ကို ခက်ခက်ခဲခဲ ပြိုင်ရပါတယ်လို့ ခံစားရပါတယ်။ အခုလို အောင်မြင်မှုတွေ ရရှိခြင်းနဲ့ ပတ်သက်ပြီး အားပေးကြသူတွေကို ဘယ်လို ကျေးဇူးတင်စကားမျိုး ပြောလိုပါသလဲ ခင်ဗျ။ အားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အမြဲ အတူတကွ ရပ်တည်ပေးကြတာ၊ မဲပေးခဲ့ကြတာ၊ ဓါတ်ပုံတွေ အချင်းချင်း ဝေမျှကြတာအတွက် အထူး ကျေးဇူးတင်ပါတယ်။ အားပေးသူတွေ မရှိဘဲနဲ့ ဒီလို အောင်မြင်မှုတွေ ဖြစ်မလာနိုင်ပါဘူး။ ဒီလိုပြိုင်ပွဲတွေမှာ နိုင်ငံကြီးတွေသာ အမြဲ ဆုရလေ့ရှိတာမို့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အခုလို ဆုရရှိခြင်းအတွက် ကိုယ့်နိုင်ငံအတွက် အရမ်း ၀မ်းသာ ပျော်ရွှင်မိပါတယ်။ အခုလို ဆုရတဲ့အတွက်လည်း အရမ်း အံ့သြမိပါတယ်။ ဆုရွေးချယ်တဲ့အခါ အွန်လိုင်း မဲပေးမှုရဲ့ ၁၀ ရာနှုန်း၊ အခြား အချက်အလက် ၉၀ ရာခိုင်နှုန်းကို ထည့်သွင်း တွက်ချက်တဲ့အတွက် ဆု ရနိုင်မယ်၊ မရနိုင်ဘူးဆိုတာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ နောက်နောင်ရော မော်ဒယ်လ်လုပ်ငန်းအနေနဲ့ ဘာတွေများ လုပ်ဆောင်ဖို့ စဉ်းစားထားပါလဲ ဗျ။ အခုဆိုရင် ဘယ်လို ပြင်ဆင်ရမယ်၊ ကြိုးစားရမယ်ဆိုတာတွေ သိထားတော့ နောက်နှစ် ဥရောပပွဲအတွက် အကောင်းဆုံး ပြင်ဆင် ကြိုးစား သွားမှာပါ။ အများကြီး ပို ကောင်းအောင် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး VN Beauty မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓါတ်ပုံရိုက်ဖို့ ဖိတ်ကြားခြင်းကိုလည်း ရရှိခဲ့ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားတဲ့ ငလျင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မော်ဒယ်လ်ပွဲတခု ဒီလအတွင်း ကျင်းပဖို့ စဉ်းစားထားပါတယ်။ နိုင်ဒါရဲ့မိခင်ဟာ အခုအချိန် မန္တလေးတွင် ရောက်ရှိနေတာမို့ အကျိုးအကြောင်း မေးမြန်းကြည့်ရာ မိသားစုများအတွင်းမှာတော့ ရွှေဘိုငလျင်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း ပြောပြပါတယ်။ အခု ဖော်ပြခဲ့တာတွေကတော့ Miss Diaspora Models 2012-2013 International Beauty Competition People's Choice Award ရရှိသူ နိုင်ဒါတေလာနဲ့ ယနေ့မြန်မာတို့ ဆက်သွယ်မေးမြန်းမှု ဖြစ်ပါတယ်။ နိုင်ဒါ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲဟာ ပြိုင်ပွဲကြီးတခု မဟုတ်သော်လည်း နယူးယောက်မှာ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန် နေထိုင်ရင်း အများ အသိအမှတ်ပြုတဲ့ ပွဲတခုမှာ အောင်မြင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ အထူးသဖြင့် အာရှနွယ်ဖွားတွေ၊ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေက လာရောက် အခြေစိုက်သူတွေအတွက် ခဲယဉ်းပါတယ်။ ဒါ့ကြောင့် မြန်မာနွယ်ဖွားတဦးရဲ့ အောင်မြင်မှုဟာ အမိမြန်မာပြည်ရဲ့အမည်ကို တနည်းတဖုံ ဂုဏ်မြှင့်တင်နိုင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts