ကုမ္ပဏီမန်နေဂျာ တချို့ဟာ သူတို့စိတ်တိုင်းကျရလဒ်တွေ ထွက်ပေါ်မလာတဲ့အခါမှာ
လက်အောက်ခံ ၀န်ထမ်းတွေ ညံ့ဖျင်းလို့ပဲလို့ အပြစ်ပုံချချင်တတ်ကြပါတယ်။
"၀န်ထမ်းတွေဟာ ရပိုင်ခွင့်ဆိုရင် ရှေ့ဆုံးက လိုချင်သလောက်
အလုပ်အပေါ်မှာလေးစားမှုမရှိကြဘူး" လို့လည်းခံစားမိတတ်ကြပါတယ်။ ဒီနေရာမှာ
တွေးစရာ ဖြစ်လာတာက ကိုယ့်လက်အောက်ခံ ၀န်ထမ်းတွေကို ညံ့တယ်၊ဖျင်းတယ်လို့
ပြောရတာဟာ ကိုယ့်သားသမီးတွေ ညံ့ကြောင်းဖျင်းကြောင်းပြောသလို ဖြစ်မနေဘူးလား
ဆိုတာပါပဲ။
သားသမီးမကောင်း မိဘခေါင်း၊တပည့်မကောင်းဆရာခေါင်း
ဆိုသလိုပေါ့။မန်နေဂျာရဲ့ စီမံခန့်ခွဲမှု မကောင်းလို့ ၀န်ထမ်းတွေ
ညံ့ဖျင်းရတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ဒါ့ကြောင့် "အလုပ်အပေါ်
လေးစားမှုရှိတဲ့ ၀န်ထမ်း ကောင်းတွေ ကိုအလိုရှိတဲ့ မန်နေဂျာတယောက်ဟာ
ကိုယ့်ဝန်ထမ်းတွေအပေါ်မှာရော လေးစားမှု ရှိပါရဲ့လား" ဆိုတာကိုလည်း
မန်နေဂျာတွေနဲ့ မိမိကိုယ်တိုင် မေးခွန်းထုတ်ကြည့်သင့်ပါတယ်။
မန်နေဂျာနဲ့ လက်အောက်ခံဝန်ထမ်း ၊ခေါင်းဆောင်နဲ့ နောက်လိုက်အကြား အပြန်အလှန်
လေးစားမှု ရှိခြင်းဟာ အညမညဂါရ၀ (Mutual Respect) ပဲဖြစ်ပါတယ်၊။ Management
is getting things done by other people ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို
စီမံခန့်ခွဲမှုနယ်ပယ်က လူအတော်များများ သိထားကြပြီးသားပါ။
စီမံခန့်ခွဲမှုဆိုတာ 'တခြားလူတွေ' ကတစ်ဆင့် ကိုယ်လုပ်ဆောင်စရာကိစ္စတွေကို
ပြီးမြောက်စေခြင်းလို့ အဓိပ္ပာယ်ရတဲ့အလျောက်
လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ မိမိလက်အောက်မှာ အလုပ်လုပ်ကိုင်နေတဲ့
လူတွေမပါပဲ မန်နေဂျာတစ်ယောက်တည်းနဲ့ ပြီးမြောက်အောင် ဆောင်ရွက်လို့
မရနိုင်ပါဘူး။ အပြန်အလှန်အားဖြင့် မန်နေဂျာတွေရဲ့ စီမံခန့်ခွဲမှု မပါဘဲ
လက်အောက်ခံ ၀န်ထမ်းတွေနဲ့ချည်း ပဲလည်း အလုပ်မပြီးနိုင်ပါဘူး။ဒါကြောင့်
မန်နေဂျာနဲ့ လက်အောက်ခံ ၀န်ထမ်းဆိုတာတစ်ဦးအပေါ်တစ်ဦး အပြန်အလှန်မှီခို
ဆက်စပ်ပြီး လုပ်ငန်း ဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ကိုင်
နေကြရတဲ့သူတွေ ဖြစ်ပါတယ်။
မန်နေဂျာတွေဟာ ၀န်ထမ်းတွေအပေါ်မှာ
ကိုယ်လုပ်စေချင်တဲ့ အလုပ်တွေကို စီစဉ်ညွန်ကြားရမှာ ဖြစ်သလို တစ်ဖက်ကလည်း
သူတို့မှာ ဘယ်လို ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသလဲ
ဆိုတာကိုအလေးဂရုပြု လေ့လာနေရမှာ ဖြစ်ပါတယ်။တကယ်လို့ သူတို့မှာ
လိုအပ်ချက်တစ်စုံတစ်ရာ ရှိနေတာကို တွေ့ရပြီ ဆိုရင်
တလေးတစားဖြည့်ဆည်းပေးရမှာက မန်နေဂျာတိုင်းရဲ့ ၀တ္တရားပါ။ ဗုဒ္ဓ၀ါဒပိဋကတ်
ကျမ်းဂန်လာ အလုပ်ကိုကြီးကြပ်စီမံခန့်ခွဲအုပ်ချုပ်သူ (၀ါ) မန်နေဂျာ တို့ရဲ့
ဝတ္တရား ငါးပါးကို ဖော်ပြချင်ပါတယ်။
၁။ ခွန်အားအလျောက်သာ အလုပ်တာဝန်ပေးအပ်ခြင်း
ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှု (capabilities) အပေါ်မူတည်ပြီးတော့သာ
အလုပ်တာဝန် (assigment) တွေကိုချမှတ်ပေးရပါလိမ့်မယ်။ မန်နေဂျာတွေအနေနဲ့
ဒီလိုလုပ်ဆောင်နိုင်ဖို့ ကိုယ့်လက် အောက်ခံ ၀န်ထမ်းတိုင်းရဲ့
စွမ်းဆောင်နိုင်မှုပမာဏကိုမှန်မှန်ကန်ကန် သိထားဖို့တော့လိုပါတယ်။
၂။ ရိက္ခာလစာပေးခြင်း
ဝန်ထမ်းတိုင်းရဲ့စွမ်းဆောင်ရည်ပမာဏကို သိရင် ထိုက်တန်တဲ့လုပ်ခလစာ၊ရပိုင်ခွင့်စတာတွေကို
မှန်မှန်ကန်ကန်ဝေဖန်
ပိုင်းဖြတ်နိုင်ပါတယ်။လူသားတိုင်းဟာ ကိုယ့်ရဲ့ ကာယဥာဏ စွမ်းအား
ထုတ်ရသလောက် ထိုက်ထိုက်တန်တန်
အကျိုးခံစားချင်သူတွေချည်းပါပဲ။ကိုယ်လုပ်သလောက်ခံစားခွင့်ရှိတဲ့
ဌာနမျိုးမှာသာ
ကာလရှည်ကြာအလုပ်လုပ်ချင်ကြတာပါ။ " အလုပ်မရှိလို့သာ လုပ်နေရတယ်။ တန်ရာ
တန်ကြေး မရပါဘူးကွာ" ဆိုတဲ့ ခံစားချက်မျိုး ရှိနေခဲ့လို့ကတော့
အဲဒီအဖွဲ့အစည်းမျိုးမှာ ၀န်ထမ်းကောင်းတွေ မြဲမှာမဟုတ်ပါဘူး။မိမိဆီမှာ
အမှုထမ်းနေတဲ့ ၀န်ထမ်းမျိုးကို တခြားအဖွဲ့အစည်းတွေမှာ
ဘယ်လိုလုပ်ခလစာနဲ့
အကျိုးခံစားခွင့်တွေ ပေးနေတယ်ဆိုတာကို အမြဲစူးစမ်းလေ့လာနေသင့်ပါတယ်။
ပြိုင်ဖက်အဖွဲ့အစည်းတွေထက် သာလွန်ကောင်းမွန်တဲ့ လုပ်ခလစာနဲ့
ခံစားခွင့်တွေကို ပေးထားသင့်ပါတယ်။ ဒါမှကိုယ့်ဆီက
ကျွမ်းကျင်ဝန်ထမ်းကောင်းတွေ လက်လွတ်ဆုံးရှုံးရမယ့် အန္တရာယ်က
ကာကွယ်နိုင်မှာပါ။
၃။ မမာမကျန်းတဲ့အခါပြုစုစောင့်ရှောက်ခြင်း
'ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်သည်' ဆိုတဲ့ဆောင်ပုဒ်အတိုင်း
ကိုယ့်ဝန်ထမ်း တွေကို ကျန်းမာရေးနဲ့ညီညွတ်ပြီး
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့တဲ့ လုပ်ငန်းခွင်မျိုးမှာ
တာဝန်ထမ်းဆောင်နိုင်အောင် လိုအပ်ချက်တွေ ပံ့ပိုးပေးရမှာ
ဖြစ်ပါတယ်။စီမံခန့်ခွဲမှု ပညာရှင်တွေကလည်း ဒီအချက်ကို အတော်လေးအရေးထား
ပြောဆိုခဲ့ကြပါတယ်။ "၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ဟာ သူတို့တာဝန်
ထမ်းဆောင်ရာ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ ကောင်းမွန်မှုနဲ့
တိုက်ရိုက်အချိုးကျ နေတယ်" ဆိုတဲ့အချက်ကို သိပ္ပံနည်းကျ
စူးစမ်းလေ့လာမှုတွေလုပ်ပြီး အတည်ပြုပေးခဲ့ကြပါတယ်။
၎။ ထူးထွေသောစားသောက်ဖွယ်တို့ကို ခွဲဝေပေးခြင်း
အစားကောင်း၊အသောက်ကောင်း စားရသောက်ရရင် အရင်းနှီးဆုံး
ဆွေမျိုးမိသင်္ဂဟတွေကို သတိရသလိုပါပဲ။ တစ်စုံတယောက်ဆီက
လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ ရပ်ဝေးခရီးက အပြန်ဝယ်လာခဲ့တာပဲဖြစ်ဖြစ် စားစရာ
သို့မဟုတ် လူ့အသုံးအဆောင် ပစ္စည်းကလေးတွေပါလာခဲ့ရင် ကိုယ့်လက်အောက်ခံ
ဝန်ထမ်းတွေကို မှတ်မှတ်ရရ ခွဲဝေပေးကမ်းဖို့ မမေ့သင့်ပါဘူး။
ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးအရ မဖြစ်စလောက် နည်းပါးကောင်း
နည်းပါးနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာတန်ဖိုးအရ အလွန်ကြီးမားပါတယ်။
"တို့အထက်အရာရှိက တို့အပေါ်မမေ့ပါလား။ အလေးဂရုပြုဖော်ရပါလား" ဆိုတဲ့
ကြည်နူးဝမ်းမြောက်စိတ်က လုပ်ငန်းခွင်သာယာရေးကို
အများကြီးအထောက်အကူပြုပါတယ်။ ဒီလုပ်ရပ်မျိုးဟာ မန်နေဂျာနဲ့ ၀န်ထမ်းတွေအကြား
ရစ်ဖွဲ့ထားတဲ့ သံယောဇဉ် နှောင်ကြိုးကို ခိုင်မြဲသည်ထက် ခိုင်မြဲလာစေသော
အကြောင်းတရားလည်းဖြစ်ပါတယ်။ သံယောဇဉ်နှောင်ကြိုး ခိုင်မာလာပြီဆိုရင် "
ကိုယ်ကျိုးစွန့်ရင်စွန့်ရပါစေ၊ ငါတို့မန်နေဂျာအတွက် ဘာမဆို
ဖြစ်အောင်လုပ်ဆောင် ပေးမယ်" ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ
ပေါ်ထွန်းလာတတ်စမြဲဖြစ်ပါတယ်။ စီးပွားရေးအဖွဲ့အစည်းတစ်ခု အောင်မြင်
တိုးတက်ဖို့ဆိုတာ ၀န်ထမ်းတွေနဲ့သူတို့ကို စီမံခန့်ခွဲနေတဲ့
မန်နေဂျာတို့အကြားမှာရှိတဲ့ " ရဲဘော်ရဲဘက်စိတ်" ဟာအဓိကကျတဲ့
ကဏ္ဍမှာတည်ရှိနေပါတယ်။
၅။ အခါအားလျော်စွာ လွတ်လပ်ခွင့်ပေးခြင်း
လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ တနင့်တပိုးပေးပြီး
စိတ်အပန်းဖြေချိန်တောင်မရအောင် ဖိခိုင်းနေပြန်ရင်လည်း ကြာရင်အဲဒီဝန်ထမ်းရဲ့
စွမ်းဆောင်ရည်ကျဆင်သွားတတ်ပါတယ်။ အလုပ်ခွင်ကို ငြီးငွေ့သွားတတ်ပါတယ်။
ဒီတော့ကိုယ့်ဝန်ထမ်းတွေကို တစ်နှစ်တစ်ခါ အပန်းဖြေခရီးပို့ပေးတာတို့၊
ကုမ္ပဏီရဲ့ နှစ်ပါတ်လည် ပျော်ပွဲရွင်ပွဲ ကျင်းပပေးတာတို့လို
စိတ်အပန်းဖြေစရာလေးတွေ စီစဉ် ပေးခြင်းအားဖြင့် တစ်နှစ်လုံး
လုပ်ငန်းခွင်ထဲမှာ ပင်ပန်းကြီးစွာ နှစ်မြုပ်ထားခဲ့ရတဲ့
သူတို့စိတ်ဓါတ်တွေကို ပြန်လည်လန်းဆန်းလာအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဝန်ထမ်းတွေအားလုံး စုစုစည်းစည်း အပန်းဖြေကြ၊ ခရီးထွက်ကြခြင်းအားဖြင့်
ဝန်ထမ်းတစ်ဦးနှင့် တစ်ဦးကြားမှာရော သူတို့ကိုစီမံခန့်ခွဲနေတဲ့
မန်နေဂျာတွေအကြားမှာပါ အပြန်အလှန်နားလည်ချစ်ခင်မှုတွေ
တိုးတက်ဖြစ်ထွန်းလာစေနိုင်ပါတယ်။ စီမံခန့်ခွဲသူမန်နေဂျာတွေနဲ့
အစီအမံခံဝန်ထမ်းတွေကြား ဆွေမျိုးစုကြီးတခုလို ဖြစ်လာအောင် လုပ်ယူရမှာ
ဖြစ်ပါတယ်။
မန်နေဂျာတွေဘက်က လက်အောက်ခံဝန်ထမ်းတွေအပေါ် အလေးဂရုပြုရင် ပြုသလောက်
ဝန်ထမ်းတွေဘက်ကလည်း မန်နေဂျာတွေနဲ့ သူတို့ ထမ်းဆောင်ရမယ့်
တာဝန်ဝတ္တရားတွေအပေါ် အလေးဂရုပြုလာကြမှာဖြစ်ပါတယ်။စီမံခန့်ခွဲမှုဆိုတာ
'တခြားလူတွေ' ကတဆင့် ကိုယ်လုပ်ဆောင်စရာကိစ္စတွေကို ပြီးမြောက်စေခြင်းလို့
အဓိပ္ပာယ်ဖွင့်ဆိုထားမှတော့ မန်နေဂျာတယောက်အဖို့ 'တခြားလူတွေ
မကောင်းဘူးဆိုပြီး ထိုင်ငြီးနေလို့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သူတို့ရဲ့
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ
ဘယ်လိုတိုးတက်ကောင်းမွန်အောင် လုပ်ပေးရမယ်၊ သူတို့ကို အကြောင်းပြုပြီး
ကိုယ့်လုပ်ငန်းဆောင်တာတွေ ပြီးမြောက်အောင်မြင်အောင် ဘယ်လို
စီမံခန့်ခွဲသင့်တယ်ဆိုတာကို အဖက်ဖက်က ကြံဆနေရမှာက မန်နေဂျာတွေအလုပ်ပါ။
ဒီလိုကြံဆရာမှာ စီမံခန့်ခွဲသူ နဲ့ စီမံခန့်ခွဲခံရသူ တို့အကြား အပြန်အလှန်
အလေးဂရုပြု (၀ါ) အညမညဂါရ၀ တရား ရှိလာအောင် လုပ်ဆောင်ခြင်းဟာ အောင်မြင်သော
စီမံခန့်ခွဲမှုရဲ့ သော့ချက်တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
November 27, 2012
သင်ကောင်းလျှင်သူတို့မဆိုးပါ
Subscribe to:
Post Comments (Atom)
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
0 comments:
Post a Comment