လုပ်ပိုင်ခွင့်လို့ ကျွန်တော်တို့သိထားတဲ့ အင်္ဂလိပ်စကားလုံး Authority
ဟာ Auctor and Auctoritas ဆိုတဲ့ လက်တင်ဘာသာစကားလုံးတွေက ဆင်းသက်လာတာပါ။
အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က အကြံဥာဏ်ပေးခြင်း၊ ဆွဲဆောင်ခြင်း၊
အားပေးခြင်းစတဲ့ အနက်သဘောကိုဆောင်ပါတယ်။ ဒီနေ့လုပ်ငန်းခွင်က လူတွေကတော့
လုပ်ပိုင်ခွင့်ဆိုတာကို အာဏာ (Power) လို့မှတ်ယူနေကြတာတွေ့ရပါတယ်။
တကယ်တော့ အဲဒါဟာ တခြားလူတွေအပေါ်မှာ အရှိန်အ၀ါပြပြီး ကျင့်သုံးရမယ့်
အာဏာတစ်ခုမဟုတ်ဘဲ အခြားလူတွေနဲ့ အတူတူပူးပေါင်းဆောင်ရွက်ရင်း
သူတို့လိုအပ်တဲ့ အကြံဥာဏ်ပေးဖို့၊ သူတို့ စိတ်ဓာတ်ထက်သန်လာအောင်
ဆွဲဆောင်ဖို့နဲ့၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အားပေးဖို့ အခွင့်အရေးနဲ့အတူ
အဲဒီလိုအလုပ်တွေကို လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့်တစ်ရပ်
ရရှိထားတာသာဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် လုပ်ပိုင်ခွင့်ဆိုတာ
မိမိတာဝန်ခံထားတဲ့ လုပ်ငန်းတစ်ခုမှာ အခြေအနေအရ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေ
ပေးနိုင်ဖို့နဲ့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့
အခွင့်အရးတစ်ရပ်ရရှိထားတာဖြစ်ပါတယ်။ မိမိလက်အောက်က ၀န်ထမ်းတွေကို
အဲဒီဆုံးဖြတ်မှု၊ အရေးယူမှုတွေ လိုက်နာဖို့ ပြောဆိုခွင့်ရှိသလို လိုအပ်လာရင်
အဲဒီလို လိုက်နာမှုမရှိသူတွေကို လိုက်နာလာအောင်
တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခွင့်ရှိပါတယ်။ အဲဒီဆောင်ရွက်ခွင့်ဟာ
လုပ်ပိုင်ခွင့်နဲ့လုပ်ငန်းခွင်စည်းကမ်းဆိုတဲ့ အခြေအနေနှစ်ရပ်ကို
ပေါင်းစပ်ထားတာဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။
လုပ်ပိုင်ခွင့်ကို
အာဏာနဲ့ရောထွေးစေတဲ့အချက်တွေကို လေ့တာတဲ့အခါလူတွေက အဲဒီစကားလုံးကို
သုံးစွဲမှုနဲ့ ပတ်သက်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့ဟာ အဖွဲ့အစည်းတစ်ခုက
ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံတဲ့အခါ သူပြောပုံဆိုပုံတွေကို ကြည့်ပြီး ဒီလူဟာ
ဒီဌာနမှာ အတော်သြဇာ အာဏာရှိတဲ့လူပဲ လို့ဖြစ်စေ၊ သူ့လေသံက
အတော်သြဇာအာဏာရှိတဲ့လေသံပဲ လို့ ဖြစ်စေ ပြောတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ
သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ ပေါင်းသင်းဆက်ဆံမှုအပိုင်းမှာကောင်းပြီး
လုပ်ငန်းခွင်နဲ့ပတ်သက်လို့ တရားဝင်လုပ်ပိုင်ခွင့်အပ်နှင်းထားတာ
လုံးဝမရှိသူမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုတွေကြောင့် လူအများစုရဲ့
ခင်မင်လေးစားမှုခံရတာကို အကြောင်းပြုပြီး သူပြောဆိုသမျှတွေ
အောင်မြင်နေတဲ့အတွက် လုပ်ပိုင်ခွင့်အပ်နှင့်းခံထားရတဲ့ လူတစ်ယောက်နဲ့မခြား
အများက ထင်မြင်ယူဆသွားတာမျိုးလည်း ရှိပါတယ်။
လုပ်ပိုင်ခွင့်ရှိကြတဲ့အခြေအနေတွေကို လေ့လာတဲ့အခါ
အမျိုးအစားတော်တော်များများ တွေ့ရပါတယ်။ အဲဒီအထဲကထင်ရှားတဲ့
အမျိုးအစားလေးမျိုးကို ဖော်ပြပါမယ်။
၁။တရားဝင်လုပ်ပိုင်ခွင် အပ်နှင်းခြင်းခံရသူ
အဖွဲ့အစည်းတစ်ရပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းတွေအရ
ပုဂ္ဂိုလ်တစ်ဦးရဲ့ ရာထူး၊ တာဝန်နဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့်တွေကို
ခွင့်ပြုအပ်နှင်းလေ့ရှိပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ဥပဒေဘောင်အတွင်းက
လုပ်ပိုင်ခွင့်အပ်နှင်းထားသူလို့ ဆိုရပါမယ်။ အဲဒီဥပဒေက အဖွဲ့အစည်းအတွင်း
သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေသာ ဖြစ်ပါတယ်။
၂။ ပုဂ္ဂိုလ်အရေးအရ လုပ်ပိုင်ခွင့်ရှိသူ
တရားဝင်လုပ်ပိုင်ခွင့် ရရှိမထားပေမယ့် သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု စတာတွေကြောင့် သူ့ကို လုပ်ပိုင်ခွင့်
ရရှိထားတဲ့ အာဏာပိုင်တစ်ယောက်ပမာ သူ့အသိုက်အ၀န်းက လက်ခံထားသူ ဖြစ်ပါတယ်။
အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။
၃။ နာမည်ကျော်စောမှုအရ လုပ်ပိုင်ခွင့်ရှိသူ
သူကလည်း တရားဝင်လုပ်ပိုင်ခွင့်ရရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့်
သူ့ရဲ့အရည်အချင်း၊ သူရေးတဲ့စာရွက်စာတမ်းစတာတွေဟာ အထူးသဖြင့်
တိုက်ရိုက်ပတ်သက်နေတာကြောင့် လူတွေက သူ့ကို အထင်ကြီးလေးစားပြီး
သူတို့လုပ်ငန်းတွေနဲ့ပတ်သက်ရင် ပြောဆိုလုပ်ကိုင်နိုင်သူတစ်ဦးဖြစ်တယ်လို့
လက်ခံထားသူမျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် သူ့ပညာရပ်နဲ့ သူ့ဗဟုသုတပညာကို
လေးစားမှုအပေါ် အခြေခံပါတယ်။
၎။ စီးပွားရေးအရ လုပ်ပိုင်ခွင့်ရှိသူ
သူကတော့ သူ့မှာရှိတဲ့ စီးပွားရေးဆိုင်ရာအခြေအနေ အကဲသာမှုတွေကြောင့်
လုပ်ပိုင်ခွင့်ရှိသူမျိုး ဖြစ်ပါတယ်။ (ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုမှာ
အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာလူကြီးတစ်ယောက်ဖြစ်စေ၊
အဲဒီကုမ္ပဏီက ထုတ်လုပ်ရောင်းချတဲ့ပစ္စည်းတစ်ခုကို သူဝယ်တာ၊ မ၀ယ်တာကြောင့်
ကုမ္ပဏီရဲ့ရောင်းချမှုအင်အား၊ ဒါမှမဟုတ် ဈေးကွက်အခြေအနေကို တစ်မျိုးတစ်ဖုံ
ဖြစ်သွားစေနိုင်တဲ့ ဖောက်သည်ကြီးမျိုးဖြစ်စေကို ဆိုလိုပါတယ်။
စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှာ
တာဝန်ထမ်းဆောင်နေကြတဲ့ မန်နေဂျာ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေအနေနဲ့
အခြေခံအားဖြင့် အထက်မှာဖော်ပြခဲ့တဲ့ အမှတ်စဉ်တစ်နဲ့နှစ်
နှစ်မျိုးကိုပေါင်းစပ်ထားတဲ့ အရည်အသွေးမျိုးရှိဖို့လိုအပ်တယ်လို့
ပညာရှင်တွေက ပြောပါတယ်။ ဒီ့ထက်ပိုပြီး စွမ်းနိုင်မယ် ဆိုရင်တော့
အမှတ်စဉ်သုံးပါအရည်အသွေးမျိုးရှိအောင် ကြိုးစားသင့်ပါတယ်။
ဒီ့ထက်ပိုပြီးတတ်နိုင်ရင်တော့ အမှတ်စဉ်လေးမှားပါတဲ့ အရည်အသွေးမျိုး
ပေါင်းစပ်ပေးနိုင်အောင်လည်း ကြိုးစားသသင့်ပါတယ် တဲ့။
လုပ်ပိုင်ခွင့်ရှိတယ်ဆိုရာမှာ အဲဒီလုပ်ပိုင်ခွင့်ဟာ ဥပဒေ၊ စည်းကမ်းတွေအရ
အပ်နှင်းထားတာကြောင့် အဟုတ်ဘဲ အဲဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ပိုင်အရည် အသွေးကြောင့်
သူ့ရဲ့လက်အောက်ဝန်ထမ်းတွေကိုယ်တိုင်က သူ့ကိုလိုလိုလားလားလေးလေးစားစား
လက်ခံတာမျိုး၊ သူ့ရဲ့ပြောဆိုစီံမံညွှန်ကြားမှုတွေကို
လိုက်နာလုပ်ဆောင်ကြတာမျိုး ဖြစ်သင့်ပါတယ်။ အဲဒီအရည်အသွေးဟာ
ခေါင်းဆောင်မှုလုပ်ငန်းနဲ့လည်း အလွန်နီးနီးကပ်ကပ် ဆက်နွယ်ပေါင်းစပ်နေပါတယ်။
လူတစ်ယောက်ရဲ့
ခေါင်းဆောင်မှုအရည်အသွေးမြင့်မားလေလေ၊သူ့ရဲ့ပုဂ္ဂိုလ်ရေးလုပ်ပိုင်ခွင့်ဟာ
ပိုပြီးထက်မြက်လေလေဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်စုံတစ်ယောကကို
တရားဝင်လုပ်ပိုင်ခွင့်အပ်နှင်းထားရင်တောင် သူဟာ ပုဂ္ဂိုလ်ရေးအရ
လုပ်ပိုင်ခွင့်ရှိသူမဟုတ်ခဲ့ရင် (အဲဒီ စွမ်းရည်ချို့တဲ့သူဖြစ်ရင်)
သူ့အနေနဲ့ သူတာဝန်ရှိတဲ့ လုပ်ငန်းခွင်ကို စနစ်တကျရှိအောင်
ထိန်းသိမ်းအုပ်ချုပ်ဖို့ အခက်အခဲရှိပါတယ်။
တစ်ချိန်တည်းမှာသူ့လုပ်ငန်းခွင်မှာရှိတဲ့ ၀န်ထမ်းတွေထဲကနေပြီး
ပုဂ္ဂိုလ်ရေးအရ လုပ်ပိုင်ခွင့်ရှိသူတစ်ဦးပေါ်ထွက်လာတတ်ပြီး
အဲဒီလုပ်ငန်းခွင်အတွင်းမှာ ပြင်းထန်တဲ့ သဘောကွဲလွဲမှုတေ ဖြစ်တတ်ပါတယ်။
ဒီအချက်တွေကို ခေါင်းဆောင်တွေ သတိထားသင့်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကို
ပေါ့ပေါ့တန်တန်မမှတ်ယူသင့်ပါဘူး။ အဲဒီအခြေအနေမျိုးဟာ
အဖွဲ့အစည်းသေးသေးလေးမှာ ဖြစ်တတ်သလို အဖွဲ့အစည်းအကြီးကြီးတွေမှာလည်း
ဖြစ်တတ်ပါတယ်။
လုပ်ပိုင်ခွင့်ဆိုတာ အဖွဲ့အစည်းတစ်ရပ်မှာ
မရှိမဖြစ်ပါဝင်ရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့
လုပ်ငန်းဌာနအဆင့်ဆင့်မှာ တာဝန်ယူနေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့
သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို ချောမောပြေပြစ်စွာ ဆောင်ရွက်နိုင်ဖို့အတွက်
သူတို့အဆင့်နဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့်အသီးသီးကို အပ်နှင်းထားပါတယ်။
ခေါင်းဆောင်တစ်ယောက်ဟာ သူ့ကို အပ်နှုင်းထားတဲ့လုပ်ပိုင်ခွင့်နဲ့
သူထမ်းဆောင်ရမဲ့ တာဝန် ၀တ္တရားတွေကို အဆင်ပြေအောင် စီမံပေါင်းစပ်ပြီး
သူ့လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ရပါတယ်။
အဖွဲ့အစည်းတစ်ရပ်ရဲ့အောင်မြင်မှုကို သုံးသပ်ကြတဲ့အခါ အဲဒီအချက်ကို
အခြေခံမူတစ်ရပ်အဖြစ် ခံယူကျင့်သုံးလေ့ရှိကြပါတယ်။
ဒုတိယအချက်အနေနဲ့
လုပ်ပိုင်ခွင့်ဟာ လုပ်ငန်းတာဝန်တွေ ခွဲဝေလုပ်ကိုင်စေရာမှာ အဓိကကျတဲ့
အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ငန်းဟာ
လုပ်ငန်းတာဝန်တွေကို ခွဲဝေလွှဲပြောင်းပေးတယ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့
လုပ်ပိုင်ခွင့်တွေကို လွှဲပေးတာဖြစ်သလို အဲဒီလုပ်ပိုင်ခွင့်ကို
မှန်မှန်ကန်ကန်နဲ့အောင်အောင်မြင်မြင် ဖြစ်အောင် ကျင့်သုံးရလို့ပါပဲ။
နောက်ဆုံးအချက်ကတော့ လုပ်ပိုင်ခွင့်ဟာ ခေါင်းဆောင်မှုနဲ့
ဆက်နွယ်နေတယ်ဆိုတာပါဘဲ။ အောင်မြင်တဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့
လုပ်ပိုင်ခွင့်ကို ကျင့်သုံးကြရာမှာ နည်းလမ်းအမျိုးမျိုးနဲ့
စီမံဆောင်ရွက်ရပါတယ်။ လုပ်ငန်းတာဝန်တွေကို ခွဲဝေလုပ်ကိုင်စေရာမှာ
ခေါင်းဆောင်အနေနဲ့ သင့်တော်သူတစ်ဦးဦးကို သူ့လုပ်ငန်းအချို့
ခွဲဝေပေးလိုက်ပေမယ့် သူ့ရဲ့လုပ်ပိုင်ခွင့်ကို လုံးဝ လက်လွှတ်လိုက်လို့
မရပါဘူး။ ဒါပေမယ့် အတင်းအကျပ် ချုပ်ကိုင်တာမျိုး မလုပ်ဘဲ သူ့ရဲ့
အရှိန်အ၀ါနဲ့ အဝေးကထိန်းပေးတာမျိုး၊ သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ
ရှိနေတယ်ဆိုတာကို အသိပေးပြီး ထိန်းသိမ်းရတာမျိုး ဖြစ်ပါတယ်။
ပြီးတော့လက်အောက်ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ခွဲဝေပေးတယ်ဆိုရာမှာ
သူ့ကိုပေးအပ်တဲ့လုပ်ငန်းတာဝန်နဲ့ လျော်ညီတဲ့ အတိုင်းအတာလောက်ကိုပဲ
ပေးအပ်ဖို့သတိပြုရပါမယ်။ လုပ်ပိုင်ခွင့်ကို လွန်လွန်ကဲကဲပေးမိရင်
စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ မလိုလားအပ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ဖက်မှာ
သူ့လုပ်ငန်းတာဝန်အတွက် လိုအပ်တဲ့လုပ်ပိုင်ခွင့်အတိုင်းအတာထက်
လျော့နည်းပြီးပေးမယ်ဆိုရင်လည်း သူ့အနေနဲ့ အလုပ်လုပ်ရတာ
အဆင်ပြေမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ထိပ်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့
လက်အောက်ဝန်ထမ်းတွေရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ချိန်ခွင်လျှာညှိပြီး
အတတ်နိုင်ဆုံး ကိုက်ညီအောင် သတ်မှတ်ပေးဖို့လိုပါတယ်။
လုပ်ပိုင်ခွင့်ပေးအပ်တဲ့အခါမှာ ထိရောက်မှုရှိစေဖို့အတွက်
သတိပြုသင့်တဲ့အချက်တစ်ချက်ကတော့ ဘယ်သူ့ကို ဘယ်လိုလုပ်ပိုင်ခွင့်မျိုး
ပေးထားတယ်ဆိုတာ အားလုံးသိရှိသွားအောင်လုပ်ဖို့နဲ့
အဲဒီအတိုင်းစမ်းသပ်လုပ်ကိုင်ကြည့်ဖို့ဖြစ်ပါတယ်။ အဲဒီလို
စမ်းသပ်လုပ်ကိုင်ပြီးတဲ့အခါ အဲဒီလုပ်ငန်းနမူနာကို ထောက်ပြပြီး ဘယ်သူတွေကို
ဘယ်လိုလုပ်ပိုင်ခွင့်မျိုး ပေးထားတယ်ဆိုတာကို
လူတိုင်းသိအောင်အသိပေးဖို့နဲ့ အဲဒီအတိုင်း သတ်မှတ်လုပ်ကိုင်ရင်
ဘယ်လိုအခြေအနေမျိုးဖြစ်ပေါ်လာမယ်၊ ဘယ်လိုအကန့်အသတ်တွေရှိတယ်ဆိုတာကိုပါ
ရှင်းပြရပါမယ်။ ဒါမှသာ ၀န်ထမ်းတွေအားလုံး သေသေချာချာသိရှိနားလည်သွားပြီး
လုပ်ပိုင်ခွင့်အပ်နှင်းထားသူကို လေးစားကြမှာဖြစ်ပါတယ်။
မိမိရဲ့လက်အောက်ဝန်ထမ်းတစ်ဦးကို လုပ်ငန်းတာဝန်လွှဲပေးတဲ့ အဆင့်မြင့်
ပုဂ္ဂိုလ်အနေနဲ့ အဲဒီဝန်ထမ်းကို ဘယ်လောက်အတိုင်းအတာအထိ လွှဲအပ်ထားတယ်ဆိုတာ
သိရှိထားရပါမယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းနဲ့ ပတ်သက်လို့
သူဘာတွေလုပ်နေသလဲဆိုတာတော့ မစစ်ဆေးသင့်ပါဘူး။ သူ့ကို
တာဝန်လွှဲပေးထားပြီးကာမှ သူ့ကို မယုံကြည်တဲ့သဘော၊
စိတ်မချတဲ့သဘောသက်ဝင်သွားရင် အလုပ်ခွင်မှာ ပြသနာဖြစ်တတ်ပါတယ်။
ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မိမိဟာ ဘယ်သူ့ကို ဘယ်လိုအလုပ်မျိုး
လွှဲအပ်ထားတယ်ဆိုတာ သေသေချာချာနားမလည်တဲ့အပြင် မိမိတာဝန်လွှဲအပ်ထားသူရဲ့
အလုပ်တွေကို လိုက်ပြီးစုံစမ်းစစ်ဆေးကြည့်တတ်တဲ့ အကျင့်မျိုးရှိနေမယ်ဆိုရင်
နှစ်ဦးနှစ်ဘက်အကျိုးမရှိရုံမက အဖွဲ့အစည်းကိုလည်း
များစွာထိခိုက်စေပါလိမ့်မယ်။
အလားတူပဲ လုပ်ပိုင်ခွင့်တစ်ရပ်
လွှဲအပ်ပေးခြင်းခံရသူတစ်ဦးဟာ အကြီးအကဲတွေရဲ့ ခွင့်ပြုချက်မရဘဲ
မိမိရဲ့လုပ်ပိုင်ခွင့်ထက်ကျော်လွန်တဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင်
ပြဿနာပေါ်မှာမုချပါပဲ။ ဆိုလိုတာကတော့ မိမိလုပ်ပိုင်ခွင့်ထက်ကျော်လွန်တဲ့
အလုပ်တစ်ခုကို လုပ်ကိုင်စရာပေါ်ပေါက်လာရင် အကြီးအကဲတွေရဲ့
ခွင့်ပြုချက်ယူပြီးမှ လုပ်ဖို့အချိန်မရတဲ့ အလုပ်မျိုးတွေ မကြာခဏ
ရှိတတ်တယ်ဆိုရင်လည်း အခြေအနေအရ လိုအပ်သလို ဆောင်ရွက်ခွင့်ပြုဖို့နဲ့
လုပ်ငန်းပြီးပြီး ဆိုတာနဲ့ အကြီးအကဲတွေဆီ အမြန်ဆုံး
တင်ပြအတည်ပြုချက်ရယူဖို့ ကြိုတင်ညှိနှိုင်းထားရပါမယ်။ ဒါမှသာ
လုပ်ငန်းဆိုင်ရာနည်းစနစ် မှန်ကန်မှာဖြစ်သလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာလည်း
မပေါ်ပေါက်မှာဖြစ်ပါတယ်။
November 27, 2012
ခေါင်းဆောင်နှင့်လုပ်ပိုင်ခွင့်
Subscribe to:
Post Comments (Atom)
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
0 comments:
Post a Comment