April 8, 2013

ပအိုဝ်းနယ်ဒေသ အစိုးရအတန်းကျောင်းများတွင် ပအိုဝ်းစာပေ သင်ကြားတော့မည်။

========================================

အစိုးရအတန်းကျောင်း၌ ပအိုဝ်းတိုင်းရင်းသား စာပေသင်ကြားရေးနဲ့ ပြဋ္ဌာန်းစာအုပ်များကို အတည်ပြုရေးအတွက် စည်းဝေးခြင်း

အစည်းအဝေးကို (၁၇-၃-၂၀၁၃)နေ့ နံနက်(၁၀း၀၀)နာရီတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0) ရုံး၌ ကျင်းပသည်။

ပထမဦးစွာ ဦးပညာဗုဒ်မှ အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းရင်းကို တင်ပြရာတွင် နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ ပအိုဝ်းတိုင်းရင်းသားစာပေကို မိမိတို့၏ သင်ပုန်းကြီးဖြင့် မိမိတို့၏ မူအရ သင်ကြားရန်အတွက် ပအိုဝ်းသင်ပုန်းကြီး၌ပါရှိသော သရစဉ်အတွဲ (၆)တွဲကို သူငယ်တန်း၊ ပထမတန်း၊ ဒုတိယအတန်း (၂)တွဲစီခွဲ၍ (၃)အုပ် ထုတ်ပေးထားကြောင်း၊ အတွဲခွဲထားချက်များကို ပြုပြင်၊ ဖြည့်စွက်၊ တည်းဖြတ်လိုပါက အကြံဥာဏ်ပေးကြရန် တင်ပြပါသည်။

ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ အကြံပေးဆွေးနွေးရာတွင် တိုင်းရင်းသားစာပေသင်ကြားရေးသည် လူမျိုးနွယ်စု၏ အဓိကတာဝန်ဖြစ်သဖြင့် သက်ဆိုင်ရာမျိုးနွယ်စုမှ ရဟန်းသံဃာ၊ လူပညာရှင်များမှ အတည်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေးသံဃာအဖွဲ့မှ အတွင်းရေးမှူး ဦးသုဇန(အေးစေတီကျောင်း)မှ တိုင်းရင်းသားစာပေနှင့် ပတ်သက်၍ သည်စာပေမှ ဟိုစာပေမှ စသဖြင့် အငြင်းပွားရန်မလိုအပ်ပဲ အများသဘောတူဖြစ်သည့် စာပေဖြစ်ဖို့ လိုအပ်ကြောင်း မိန့်ကြားပါသည်။

ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေးသံဃာအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးဣန္ဒာဝုဓ(စခဲုင်းကျောင်းဆရာတော်)၏ အကြံပေးချက်မှာ ပအိုဝ်းစာပေသရတွဲ (၆)တွဲသည် ယခုအချိန်ခါတွင် လက်ရှိသင်ကြားနေပြီး အများသုံးစာပေလည်းဖြစ်သဖြင့် သရစဉ်နှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်စရာ မရှိကြောင်း၊ သို့သော် သရတွဲများကို ရှေ့နောက်ညီညွန်စေရန် အစီအစဉ်ကျကျ  ပြန်စိစစ်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။ နိုင်ငံတော်မှလည်း လွတ်လပ်စွာ သင်ကြားခွင့်ပေးလာသဖြင့် သင်ကြားရန် သဘောတူကြောင်းလည်း မိန့်ကြားပါသည်။

ဆက်လက်၍ ဦးပညာဗုဓ်မှ အစိုးရကျောင်းတွင် သင်ကြားရန် ဆရာ/ဆရာမများ မွေးထုတ်ရေးအစီအစဉ်ကို တင်ပြရာတွင် ခန့်မှန်းခြေ ဆရာ/ဆရာမဦးရေ (၁၈၀၀)ခန့်ကို သင်ကြားပေးမယ့် ဆရာ(၅၀)ဦးခန့် လိုအပ်ကြောင်း၊ ထိုဆရာ(၅၀)ဦးကိုလည်း ရဟန်းသံဃာတော်များဘက်မှပင် တာဝန်ယူသင်ကြားပေးသင့်ကြောင်း၊ ကျောင်းတွင်း သင်ကြားမည့် ဆရာ/ဆရာမများကို ဘွဲ့ရ၊ အနိမ့်ဆုံး (၁၀)တန်းအောင်မြင်ပြီးသူများနှင့် ပထမလတ်တန်းအောင်သူများ ဖြစ်သင့်ကြောင်း တင်ပြပါသည်။

စာအုပ်ရိုက်နှိပ်ထုတ်ဝေရေး ကုန်ကျစရိတ်နှင့် ဆရာဖြစ်သင်ကြားရေး ကုန်ကျစရိတ်များကို ဆက်လက်ဆွေးနွေးရာတွင် ပထမအဆင့်အနေနဲ့ စာအုပ်ရိုက်နှိပ် ထုတ်ဝေရေး ကုန်ကျစရိတ်ကို အောက်ဖော်ပြပါ အဖွဲ့အစည်းများအသီးသီးမှ ထောက်ပံ့ကူညီကြရန် သဘောတူညီမှု ရရှိပါသည်။

၁။ ပအိုဝ်းစာပေ မြှင့်တင်ပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့          ကျပ် - (၁)သိန်း
၂။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0)                            ကျပ် - (၁)သိန်း
၃။ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့                                ကျပ် - (၁)သိန်း
၎။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဌာနေပြည်သူ့စစ်                 ကျပ် - (၁)သိန်း
၅။ ပအိုဝ်းမော်အဖွဲ့နှင့် ပအိုဝ်းတိုင်းရင်းဆေးဆရာအဖွဲ့        ကျပ် - (၁)သိန်း
၆။ ပအိုဝ်းသုခုမအနုပညာအဖွဲ့                                     ကျပ် - (၁)သိန်း
၇။ ပအိုဝ်းအမျိုးသမီးအဖွဲ့                                            ကျပ် - (၁)သိန်း

ဒုတိယအဆင့်အနေဖြင့် ဆရာဖြစ် သင်ကြားရေးစရိတ်အတွက်ကိုမူ ဆက်လက်ဆွေးနွေးကြရန် ပြောကြားသည်။

နောက်ဆုံးအဆင့် ဆွေးနွေးချက်မှာ - ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားရေးအတွက် ပအိုဝ်းအမျိုးသားစု တစ်ရပ်လုံးပါဝင်နိုင်ရန်အတွက် ပအိုဝ်းလူမျိုးများ နေထိုင်လျက်ရှိသည့် ဒေသအသီးသီးမှ ရဟန်းသံဃာတော်များ၊ ပညာရှင်များ၊ အနယ်အရပ်ရပ်မှ ဖွဲ့စည်းထားသည့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို အားလုံး စုစည်းပြီး ပြဋ္ဌာန်းစာအုပ်နှင့်ပတ်သက်၍ လုပ်ဆောင်ထားချက်များနှင့် အတည်ပြုချက်များကို ချပြရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပသင့်ကြောင်း ဆွေးနွေးကြပါသည်။

အထွေထွေ ဆွေးနွေးချက်များအရ - တိုင်းရင်းသားစာပေသင်ကြားရေးအတွက် ပအိုဝ်းတစ်မျိုးသားလုံး ပါဝင်အတည်ပြုရေးအတွက် (၂၇-၃-၂၀၁၃) တပေါင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ရက်သတ်မှတ်ခြင်း၊ သင်ကြားမည့် ကျောင်းအရေအတွက် ပြုစုရေးကို ဦးပညာဗုဓ်က ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ်အတွင်းရှိ ကျောင်းကို တာဝန်ယူပြုစုပေးမည်ဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ကျောင်းအရေအတွက်ကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ တာဝန်ယူပြုစုပေးရန် ဖြစ်သည်။

အစည်းအဝေး ဆုံးဖြတ်ချက်များ

၁။ နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ အစိုးရစာသင်ကျောင်းများတွင် သင်ကြားမည့် ပအိုဝ်းစာသင်ပုန်းကြီးကို ပြဋ္ဌာန်းစာအုပ်မူကြမ်းအဖြစ် အတည်ပြုခြင်း၊

၂။ အစိုးရကျောင်းတွင် ပအိုဝ်းစာပေသင်ကြားရေးအတွက် ဆရာ/ဆရာမများ မွေးထုတ်ပေးရေး အစီအစဉ်ကို (၂၇-၃-၂၀၁၃)တွင် ကျင်းပမည့် အစည်းအဝေးတွင် တင်ပြရန်၊

၃။ ဆရာဖြစ်သင်ကြားရေးအတွက် ကုန်ကျစရိတ်များကို ပအိုဝ်းလူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ယူပံ့ပိုးပေးရန်။

အစည်းအဝေးမှတ်တမ်းတင်သူ -
 ဒေါက်တာခင်လေးရီ၊ ကထိကသမိုင်းဌာန၊ တောင်ကြီးတက္ကသိုလ်

အစိုးရအတန်းကျောင်း၌ ပအိုဝ်းတိုင်းရင်းသား စာပေသင်...ကြားရေးနဲ့ ပြဋ္ဌာန်းစာအုပ်များကို အတည်ပြုရေးအတွက် စည်းဝေးခြင်း

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts