April 7, 2013

နောင်တရားမြို့၊ ရတနာရန်နိုင်စေတီတော်ဘုရား

 ၁၃၇၄-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့ နံနက်အချိန်မှာ
...
နောင်တရားမြို့၊ မြို့ဦးစေတီဖြစ်တဲ့ ရတနာရန်နိုင်စေတီတော်ဘုရားကြီး
ထီးတော်တင်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာနက္ခတ်ကောင်း အခါသမယဖြစ်တဲ့
နံနက်(၇)နာရီအချိန်မှာ စေတီတော်မြောက်ဘက်မုခ်တွင် အပူဇော်ခံထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ရွှေထီးတော်များကို
ရွှေထီးငွေထီးမိုးပြီး စေတီတော်အား လက်ယာရစ် သုံးပတ်ပတ်ကာ
ပင့်ဆောင့်ပူဇော်ပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ရွှေထီးတော်များနောက်မှာ
နောင်တရားကျောင်းရှိ ရဟန်းတော်များနဲ့အတူ
ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းတီးအဖွဲ့က အစဉ်အတန်း လိုက်ပါစေပါတယ်။

စေတီတော်အား လက်ယာရစ်သုံးပတ် ပူဇော်ပတ်ပြီးတဲ့နောက် နံနက်(၇)နာရီခွဲအချိန်ခန့်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားများကို
အရှေ့မုခ်ရှိ သီတင်းသုံးမြဲနေရာအတိုင်း ပင့်ဆောင်ပူဇော်ထားတော်မူပါတယ်။
ရွှေထီးတော်များကိုမူ အရှေ့မြောက် တနင်္ဂနွေထောင့်မှနေ၍
တန်းစီ နေရာယူစေကာ အဆင့်ဆင့် စတင်ကာ ထီးတော် တင်တော်မူပါတယ်။

နောင်တရားကျောင်းတကာ ရပ်ကွက်/ရွာအသီးသီးကလည်း
အိုးစည်ဗုံမောင်းတွေ ရံပြီး တီးကြတာမို့လို့ ဗုံမောင်းသံတွေက
နားဝင်ပီယံ မြိုင်ဆိုင်လှတာကို ကြားရပါတယ်။
စေတီတော်အထက်ယံကနေ ရွှေမိုးငွေမိုးတွေလည်း ကြဲချတဲ့အတွက်
ကလေးတွေ တပျော်တပါး ကောက်ယူနေကြတာကို မုဒိတာပွားရပါသေးတယ်။

နံနက်(၇)နာရီ (၅၅)မိနစ်အချိန်တွင် ဆရာတော်သံဃာတော်များက
အရှေ့မုခ်တွင် ဘုရားအနေကဇာ တင်တော်မူပါတယ်။
(၈)နာရီအချိန်တွင် အနေကဇာတင် ပြီးစီးပါတယ်။
အဲသည်နောက် ဦးရိန်+ စင်မွိုးမွံဓမ္မာရုံမှာ
သံဃာတော်များနဲ့ လူပရိသတ်များကို
ကျောက်ကျောဖျော်ရည် ဧည့်ခံတိုက်ကျွေးတော်မူကြပါတယ်။

နံနက်(၈း၄၅)မိနစ်အချိန်ခန့်မှာ နောင်တရားကျောင်းဒါယကာ ဒါယိကာမ
စုပေါင်းအလှူဖြစ်တဲ့ ထီးတော်ထီးခြင်းကိစ္စဟာ
အလုံးစုံ ပြီးစီးတော်မူပါတယ်။

ယခုထီးတော်တင်ပွဲအခန်းအနားမှာ ကျောက်ကျောဖျော်ရည်ဖြင့်
ဧည့်ခံပြီး အကျဉ်းမျှသာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်နေ့ ရောက်တဲ့အခါမှ
ရတနာဗုဒ္ဓ (ယခု စံကျောင်းတော်ပြဿဒ် ပြုလုပ်ပြီးလုဆဲ) နှင့်
ရတနာရန်နိုင်ဘုရား နှစ်ဆူကို ပူးတွဲ၍ ပူဒ္ဓပူဇနိယပွဲတော်ကြီးကို
ခြိမ့်ခြိမ့်သဲသဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်မယ်လို့
နောင်တရားကျောင်း ပဓာနနာယကဆရာတော် ဦးဂန္ဓမာက အမိန့်ရှိတော်ပါတယ်။

သည်ရတနာရန်နိုင်ဘုရားကို ပအိုဝ်းလူမျိုး ခွန်ခြဲုင်း(ပေါအင်ကျေးရွာ)က
တည်တော်မူပြီး၊ ခွန်ခြဲုင်းစေတီလို့လည်း ခေါ်ကြပါတယ်။
ဆရာတော်ဦးဂန္ဓမာက ရတနာရန်နိုင် -ဆိုပြီး
နောက်ထပ် အမည်သညာ မှည့်တော်မူပါတယ်။

နောင်တရားမြို့ရှိ မြို့နေဗုဒ္ဓဘာသာ ပအိုဝ်းတိုင်းရင်းသားများဟာ
ယခုလို မြို့ဦးစေတီ ထီးတော်တင်ပွဲကို ပြုလုပ်ခြင်းအားဖြင့်
မြို့ရွာစည်ပင် အေးချမ်းသာယာ ထွန်းကားလိမ့်မယ်၊
လောကီ လောကုတ္တရာ ကျက်သရေ စီးပွားမင်္ဂလာ အဖြာဖြာနဲ့လည်း
ပြည့်ဝကုံလုံလိမ့်မယ်လို့ ယုံကြည်ကြပြီး
အထူး ၀မ်းမြောက်ဝမ်းသာနေကြတယ်လို့ သိရပါတယ်။

ခွန်ခမ်းကူ (၇-၄-၂၀၁၃)
 

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts