December 1, 2012

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ “မေးဗို” ပူဇော်ပွဲ


ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူများဖြစ်ကြရာ (၁၂) လ ရာသီပွဲတော်တွင် တင်းဆောဝ်မွူးလာ (ခေါ်) တန်ဆောင်မုန်းလတွင် ကထိန ခေါ် ကထိန်သင်္ကန်း ကပ်လှူပွဲများကို ပအိုဝ်းတိုင်းရင်းသားတို့က ဗုဒ္ဓဘာသာဝင်များပီပီ အလေးအနက်ထားကာ စည်စည်ကားကား ဆင်ယင်ကျင်းပလေ့ရှိကြပါသည်။


တောင်ကြီးမြို့ အေးစေတီပရိယတိစာသင်တိုက် “မေးဗို” လှည့်လည်ပူဇော်ပွဲ (ဓာတ်ပုံ Sumana Somei)

ထို့အတူ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ဒေသခံပအိုဝ်းတိုင်းရင်းသားများနှင့် အခြားသောညီနောင် တိုင်းရင်းသားညီအစ်ကိုများ အတူတကွဆင်နွှဲလေ့ရှိသော ကမ္ဘာ (နိုင်ငံ) ကျော် ပွဲတော်ကြီးဖြစ်ပါသည်။

မီးပုံးပျံပြိုင်ပွဲ၊ ရောင်စုံယမ်းပီးပူဇော်ပွဲများသည် ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက ပူရာဏကဿပဂိုဏ်းဝင် ဒိဌိတက္တဒွန်းများက ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်အား အပြိုင်တုနိုင်ရန် အထောက်အကူပြု ပစ္စည်းများဖြစ်သည့် ရောင်စုံယမ်းမီးများ၊ မီးကျည်မီးလုံးများ၊ မီးပုံးပျံများကို ထွန်းညှိရောင်ဝါပြုခဲ့ကြောင်း ဆိုသည်။

လိမ္မာသော လက်သမားတို့ကို ငှါး၍ ရှားသည်တိုင်တို့ဖြင့် ကြီးစွာသောမဏ္ဍပ်ကို ဆောက်ပြီးသော် ကြာညိုပန်းတို့ဖြင့်မိုးစေ၍ ငါတို့ (ဒိဌိ) တန်ခိုးပြာဋိဟာကို ပြအံ့ဟု အရပ်အနှံ့သတင်းလွှင့်ပြီးလျှင် မီးပုန်းမီးပန်းစသည့်ဖြင့် စီရင်၍နေကြသည်ဟု သိရသည်။

ဗုဒ္ဓပွင့်တော်မမူမီက နက္ခတ်ပွဲသဘင်ကို မိုးလေကင်းစင်ပြီး တာရာစုံ ထွန်းလင်းတောက်ပသည့် ဤလ၌ ကျင်းပလေ့ရှိခဲ့ပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် “မေးဗို” ပူဇော်ပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလေ့ရှိသည်။ သီတင်းကျွတ်လပြည့်ည နှင့် တန်ဆောင်မုန်းလပြည့်ညတို့ ဖြစ်သည်။ “မေးဗို” ဆိုသည်မှာ မီးပုံး(ဗုံး)ပင် ဖြစ်သည်။

စေတီတော်တွင် မီးပုံးကို လှည့်ပတ်၍ ပူဇော်ခြင်းကိုပင် မေးဗို ပူဇော်ပွဲ ဟု ခေါ်သည်။

သီတင်းကျွတ်လ မေးဗို ပူဇော်ပွဲမှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ ကြွဆင်းတော်မူလာသည်ကို ရည်ရွယ်၍ ပူဇော်ခြင်းဖြစ်ပြီး၊ တန်ဆောင်မုန်းလ မေးဗို ပူဇော်ပွဲမှာ တာဝတိံသာနတ်ပြည်ရှိ စူဠမုနိစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်းပင်ဖြစ်သည်။

သီတင်းကျွတ် မေးဗို ပူဇော်ပွဲမှာ မေးဗို ပူဇော်ပွဲ သီးသန့်သာဖြစ်ပြီး၊ တန်ဆောင်မုန်းလ မေးဗို ပူဇော်ပွဲမှာ ကထိန်သင်္ကန်းပွဲနှင့် တန်ဆောင်တိုင်ပွဲတို့ ရောနှော၍ ကျင်းပသည်။

လပြည့်နေ့ နေ၀င်သည်နှင့် ဗြောခေါက်၍ လူပျို အပျိုတို့ကို စုသည်။ မေးဗိုကို တန်းစီးထားပြီး ဖယောင်းတိုင်ထည့်၍ ထွန်းထားရသည်။ အပျို လူပျိုများစုံသည့်အခါ အပျိုများက မေးဗိုကို တစ်ခုစီယူပြီး ကြီးစဉ်ငယ်လိုက် တန်းစီစေ၍ စေတီရှိရာကျောင်းတော်သို့ အိုးစည်ဗုံမောင်းနှင့်သွားကြသည်။


တောင်ကြီးတန်ဆောင်တိုင်မီပုံးပျံ (ဓာတ်ပုံ Myosat Oo)

တချို့ကာလသားများက ပအိုဝ်းရိုးရာ ဓားသိုင်းအကဖြင့်လည်ကောင်း၊ စည်းချက်ညီညီတီးသည့် ဗြော၏ရှေ့တွင် ကခြင်းဖြင့်လည်းကောင်း တပျော်တပါးလိုက်ပါသွားကြသည်။

တချို့သော ကာလသားများက မေးဗိုလှည့်ရာတွင် တစ်ယောက်၊ ခပ်လှမ်းလှမ်းတွင် တစ်ယောက် လိုက်ပါသွားရသည်။ မေးဗိုလှည့်ရာတွင် လိုအပ်သည့် ဖယောင်းတိုင်နှင့် မေးဗိုကို မီးမသင့်စေရန် သတိပေးရသည်။ အတန်းအစိပ်အကျဲ ညီစေရန်နှင့် နှေးသင့်သည်၊ မြန်သင့်သည် စသည်တို့ကို ပြောပေးရသည်။

မေးဗိုကို စီးတန်း၍ လှည့်လည်ရာတွင် အနိမ့်အမြင့်ညီညာခြင်း၊ အစိပ်အကျဲညီခြင်း၊ အရောင်စုံလင်းခြင်း၊ မေးဗိုလှည့်လည်သူများမှာလည်း ယဉ်ကျေးသည့် ဆင်ယင်ထုံးဖွဲ့မှု နှင့် ဣနြေရှိရှိလှည့်လည်ခြင်းတို့ကြောင်း မြင်ရသူအဖို့ စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းသကဲ့သို့ ပျော်ရွှင်ဖွယ်လည်း ကောင်းလှပေသည်။


တောင်ကြီးမြို့ အေးစေတီပရိယတိစာသင်တိုက် “မေးဗို” လှည့်လည်ပူဇော်ပွဲ (ဓာတ်ပုံ Sumana Somei)

ကျောင်းတော်သို့ ရောက်သောအခါ ကျောင်းတော်နှင့်စေတီတော်ကို သုံးပတ်လှည့်ပတ်ပြီး မေးဗိုကို စေတီတော်တွင် တန်းစီး၍ပူဇော်ထားသည်။ မီးပုံပျံပါလျှင် မီးပုံပျံ လွတ်တင်ကြသည်။ မေးဗိုကို စေတီတော်တွင် ပူဇော်၍ပြီးသော်လည်း အိုးစည်အဖွဲ့၊ ဗြောအဖွဲ့များက က၍မပြီးသေးချေ။ စေတီတော်ရင်ပြင်သို့ သံဃာတော်များကြွလာပြီး တရားနာကြရန် ကာလသား လူငယ်ခေါင်းဆောင်က သတိပေးနှိုးဆော်သည့်အခါမှ အကများရပ်ပြီး တရားနာကြသည်။ တရားနာပြီးသောအခါ ပြန်သူကပြန်ပြီး ကာလသားအချို့နှင့် ကာလသမီးအချို့တို့က နေရစ်ခဲ့ပြီး ပူဇော်ထားသည့် မေးဗိုကို တစ်ညလုံး မီးထွန်းညိုပူဇော်ပေးရသည်။ နံနက်အာရုဏ်တက်၍ အရုဏ်ဆွမ်းလာကပ်ကြသည့်အခါမှ ပြန်ကြရသည်။

မိုးရာသီ၏ နောက်ဆုံးပွဲတော်ဖြစ်ခြင်းကြောင့်လည်း သူသူငါငါ ပါဝင်ဆင်နွဲရန် လာရောက်ကြခြင်းကြောင့် တန်ဆောင်မုန်းလ မေးဗိုပူဇော်ပွဲမှာ သီတင်းကျွတ် မေးဗိုပူဇော်ပွဲထက် ပို၍စည်းကားလေသည်။

မေးဗိုပူဇော်ပွဲကို ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့် ဒေသတိုင်းတွင် တွေ့ရသည်။ အရပ်ဒေသခြားနား၍ မေးဗိုပူဇော်ပွဲ ကျင်းပပုံ ကွဲလွဲမှုအနည်းငယ်ရှိမည်ဖြစ်သည်။ သို့သော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တူညီနေသည်ကို တွေ့ရကြောင်း တင်ပြလိုက်ရပါသည်။

----------
ကိုးကား

၁။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ထုတ်ဝေတဲ့ “ပြည်ထောင်စုထဲက ပအိုဝ်း” စာအုပ်
၂။ ပအိုဝ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts