December 19, 2012

(၆၃)နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့


‎(၆၃)နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) ဌာနချုပ်ရှိရာ ဆီဆိုင်မြို့ နောင်ထောဝ်ကျေးရွာ မှာ (၁၁.၁၂.၂၀၁၂)ရက်နေ့က ကျင်းပခဲ့တယ်... တစ်ခြားသော နိုင်ငံရေးအင်အားစုများနည်းတူ ဗကသများအဖွဲ့ချုပ် ကိုလည်း ဖိတ်ကြားတဲ့အတွက် လက်ရှိ ဗကသကျောင်းသားများနှင့် အတူ မျိုးဆက်အသီးသီးက ကျောင်းသားတွေပါ စုံညီစွာ တက်ရောက်ခဲ့ကြတယ်... အခမ်းအနားမှာ သံဃာတော်များကို အမှူးထားပြီး တိုင်းရင်းသားပေါင်းစုံ တို့မှ လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြ၊ သ၀ဏ်လွှာတွေ ဖတ်ကြ၊ အချင်းချင်း ရင်းနှီးစွာ စကားပြောကြနဲ့ တော်တော်လေး ၀မ်းသာစရာကောင်းပါတယ်...
အခမ်းအနားပြီးလို့ (၁၂)ရက်နေ့မှာ အားလုံး ပြန်ကြဖို့ ကားစောင့်နေ ကြတယ်... အဲ့ဒီအချိန်မှာပဲ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရ.လ.လ.ဖ ဥက္ကဋ္ဌကြီး ကားတစ်စီးနဲ့ အပြေးကလေး ရောက်လာ... အားလုံး ကို ဖက်လှဲတကင်း လိုက်နုတ်ဆက်နေတယ်... ပြီးတော့ ကျွန်တော်တို့ ဗကသ ကျောင်းသားတွေကို သူ့အနားခေါ်ပြီး အမှာစကားလေး ပါးလိုက် တယ် "အဘပြောမယ်... အဘတို့လုပ်နေတာက လက်နက်ကိုင်တော် လှန်ရေး... အဘတို့ အမှန်တော့ သတ္တိရှိလို့ လုပ်နေတာ မဟုတ်ဘူး... လက်နက် အားကိုးပြီး လုပ်နေရတာ... ဒီအချိန်မှာ မင်းတို့လေးတွေ က မြို့တွေပေါ်မှာ လက်နက်မပါဘဲ မတရားမှုတွေကို အံတုနေကြ တာတွေ ကြားနေရတော့ အဘ အရမ်း ဂုဏ်ယူတယ်... ၀မ်းလည်းသာ တယ်... ဒါပေမယ့် အဘ တစ်ခုတော့ မှာချင်တယ်ကွယ်... အလိမ်မခံရစေ နဲ့"တဲ့။
ပိုပြီး နားလည်လွယ်အောင် ပုံပြင်လေး တစ်ပုဒ် ပြောပြလိုက်သေးတယ် " တစ်ခါက ညီအစ်ကိုနှစ်ယောက်မှာ ညီက အရမ်းလိမ်တတ်တယ်... စကားကို ဘယ်တော့မှ အမှန်မပြောဘူး... ဒါကြောင့်လည်း သူ့အစ်ကိုက သူ့စကားဆို ဘယ်တော့မှ မယုံဘူး တစ်ရက်မှာတော့ သူတို့ ညီကိုနှစ်ယောက် တောတန်းလေးတစ်ခုကို ဖြတ်အသွား ခပ်လှမ်းလှမ်းက တောင်ကမူလေးပေါ်မှာ ကျားတစ်ကောင်ကို ညီက တွေ့တယ် အကိုလုပ်သူကတော့ အမှုမဲ့အမှတ်မဲ့ မမြင်ဘူး... ဒါကြောင့် ညီကပြောတယ်... အကို...ဟိုမှာ ကျားကြီးဗျ... ကျားကြီး... အကိုကလည်း ထုံးစံအတိုင်း လိမ်တယ်ဆိုပြီး... မယုံဘူး... ဟာကွာ မင်းငါ့ကို လိမ်ပြန်ပြီလား... ကိုယ့်လမ်းကိုယ် ကောင်းကောင်းလျှောက်စမ်းပါ ဆိုပြီး ပြန်ဟောက်တယ်... ဘယ်လိုမှ မယုံဘူး... ဒါကြောင့် ညီလုပ်သူက ငိုယိုပြီး အကိုရာ... မယုံရင်လည်း တစ်ချက်တော့ လှည့်ကြည့်ပါဆိုမှ အကိုက လှည့်ကြည့်တယ်... ဟုတ်တယ်... တောင်ကမူပေါ်မှာ ကျားတစ်ကောင်က တကယ်ရှိနေတာ... ဟာ...ညီလေး မင်းလိမ္မာလာပြီ လိမ်မပြောတော့ဘူး ဆိုပြီး ငိုနေတဲ့ သူ့ညီခေါင်းကို အသာပွတ်သပ်ပြီး ချော့တယ်... ဒီအခါမှာ သူ့ညီက အကိုကလည်းဗျာ... ကျွန်တော်ပြောတာကိုမယုံဘူး...ကျွန်တော်ပြောတုန်းကများကြည့်ရင် ကျားက ၆ကောင်တောင်ဗျ...တဲ့။" ကဲ...ရှင်းကရော... ဒါကြောင့်မို့ တစ်ခါလေး အမှန်ပြောယုံနဲ့ မယုံလိုက်နဲ့ဆိုတာကို ပြောတာ...
ဒီနေရာမှာ ကျွန်တော် သတိထားမိတာလေးတွေ ရှိတယ်... ပထမ တစ်ခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေး ယူထားပေမယ့် အကြွင်းမဲ့ ယုံကြည်မှု ကတော့ ဝေးနေသေးတယ် ဆိုတာကိုပါ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေမှာ ဒီတာဝန်တွေကလည်း ရှိနေပြန်ပါသေးတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ယုံယုံ ကြည်ကြည်နဲ့ အစဉ်ထာဝရ ငြိမ်းချမ်းရေး ရဖို့ဆိုတာ... အားလုံးက ကိုယ်နဲ့ မဆိုင်သလို ခေါင်းရှောင်မနေဘဲ ... အမျိုးသားရေး တာဝန်အဖြစ် လက်ခံပြီး အားလုံး လက်တွဲ ကြိုးစားကြဖို့လိုတယ်ဆိုတာကိုပါ
ဒုတိယတစ်ချက်ကတော့ ဗကသ ကျောင်းသားလေးတွေ ဆိုတာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ချဉ်ဖတ်လေးတွေ... တစ္ဆေသရဲ သဘက်လေးတွေ အဖြစ် သတ်မှတ်ခံနေရပေမယ့် ပြည်ထောင်စုဖွား တိုင်းရင်းသားခေါင်းဆောင်တွေကတော့ တလေးတစား ဆက်ဆံပြီး သူတို့ရဲ့ ချင်ခင် ရင်းနှီးမှုကို ပြသခဲ့ကြတယ်ဆိုတာပါပဲ...
ဒါတွေကို ထောက်ချင့်ခြင်းအားဖြင့် ပြည်ထောင်စုကြီး အစဉ် ထာဝရ ငြိမ်းချမ်းရေးရဖို့ဆိုတာ ကျွန်တော်တို့ လုပ်ရမယ့်၊ လုပ်သင့်တဲ့၊ လုပ်နိုင်မယ့် တာဝန်ပဲဆိုတာကို သွားတွေ့ရပါတယ်။
ဗကသ ညီနောင်တို့ရေ... တို့တတွေ တွဲလက်ခိုင်ခိုင်မြဲလို့ ငါတို့ရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို ငါတို့လက်နဲ့ အရယူနိုင်အောင် အခုကတည်းက ၀မ်းစာ ဖြည့်ထားကြပါစို့လေ...။
အစဉ်လေးစားစွာဖြင့်
အောင်ထက်နိုင် (09 49206078)
ဗကသ(ရမည်းသင်းခရိုင်)။
၁၈.၁၂.၂၀၁၂(အင်္ဂါနေ့)။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts