December 7, 2012

ရှမ်း မြောက်ပိုင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု မလိုအပ်သေး


ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဖြတ်သွားသည့် ရွှေဂက်စ် ပိုက်လိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ – Francis Wade)
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်တွင်း ပြည်ပမှ လာရောက်ရင်းနှီးမြှပ်နှံမှုများ ခေါ်ယူရန် မလိုအပ်သေးကြောင်း ရှမ်း တိုင်းရင်း သား ပါတီ နှစ်ပါတီက သဘောထား ကျေညာချက် တစောင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းတွင် လာရောက်ရင်းနှီးမြှပ်နှံမှု ပြုလုပ်မည့် ပြည်ပကုမ္ပဏီများကြောင့် ဒေသခံများ အခက်အခဲ ကြုံ လာနိုင်ကြောင်း၊ ယခုနှစ် ဧပြီလအတွင်းက တရုတ်ပိုင် HA HA ကုမ္ပဏီမှ နမ့်ခမ်း အဆင်မြင့် ရှော့ပင်းမောလ် ဆောက်လုပ်ရန် လျာထားသည်ကို ပြည်သူအများက မလိုလားကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“နမ့်ခမ်းမြို့က လူဦးရေနည်းပါးသေးတယ်။ ပြီးတော့ ဒေသခံတွေက မြို့မဈေးကို မှီပြီး စီးပွားရှာနေတာ။ အခြား ရှောပင်းမောလ်တို့ ရင်းနှီးမြှပ်နှံမှုတို့ ဆိုတာ မလိုအပ်သေးဘူးလို့ ထင်ပါတယ်။ ပြီးတော့ ပြည်သူတွေ ဆီက မြေကွက် သိမ်းယူတာတွေလည်း ဖြစ်လာနိုင်တယ်”ဟု နမ့်ခမ်းမြို့နယ် SNDP အတွင်းရေးမှူး ဦးစိုင်းကျော်ကလည်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျေညာချက်တွင် စီမံကိန်းလုပ်ငန်းများသည် ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ထိခိုက်စေခြင်း၊ အိုး အိမ် လယ်ယာမြေများ ဆုံးရှုံး စေခြင်း၊ သဘာဝ အရင်းအမြစ်များ ပျက်စီးစေခြင်း၊ ရိုးရာ အမွေအနှစ်များ တိမ်ကော ပပျောက်စေခြင်းနှင့် တရားဥပဒေ စိုးမိုးရေးကို လျော့ရဲစေခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
SNLD ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း“ရှမ်းပြည်နယ်မြောက်ပိုင်းမှာရော တခြားပြည်နယ်နဲ့ တိုင်းတွေမှာရော ရင်းနှီး မြှပ်နှံမှုတွေ ခေါ်ဖို့ မလိုအပ်သေးဘူး။ ဘိုးဘွားပိုင်မြေတွေကို တိုင်းတပါးကို ထိုးပေးနေရတာ မဟုတ်သေးဘူး။ ဖွဲ့စည်းပုံအရ နိုင်ငံတော်ပိုင်တယ်၊ သိမ်းပြီး ရောင်းမယ် ဆိုတာတွေ မဖြစ်သင့်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခုနောက်ပိုင်းတွင် လယ်ယာပိုင်ဆိုင်သည့် လယ်သမား မရှိတော့ဘဲ လုပ်ငန်းရှင်များထံမှ လယ်မြေပြန်ငှားပြီး လုပ်နေရသည့် အတွက် လယ်သမားများ အခက်အခဲ ကြုံနေရကြောင်း၊ တိုင်းပြည် နစ်နာမှုများလည်း ဖြစ်စေကြာင်း၊ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများကြောင့် လယ်ယာမြေ သိမ်းဆည်းခြင်းများ နိုင်ငံအနှံ့တွင် ပေါ်ပေါက်နေပြီး ဆန္ဒပြခြင်းများလည်း ဖြစ်ပေါ်နေသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ မလိုအပ်ဘဲ လုပ်တော့ ဒေသခံပြည်သူတွေ နစ်နာမှုတွေ ပိုဖြစ်လာတယ်။ ဒါကြောင့် လယ်ယာမြေသိမ်းလို့
ဆန္ဒပြတာတွေ ဖြစ်နေတယ်။ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး နောက်ကြောင်း ပြန်လှည့် မှာစိုးလို့ ဆိုပြီး ဆန္ဒမပြလို့လည်း မရဘူး။ ဒီလို မလုပ်ရင် ဒီထက်ပိုဆိုးလာနိုင်တယ်”ဟု ဦးခွန်ထွန်းဦးက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြိြု့ပစီမံကိန်း ဖော်ဆောင်ရေး အတွက် လယ်ယာမြေ ဧက ပေါင်းများစွာ သိမ်းဆည်းကာ မြို့သစ် ဖော်ဆောင်နေခြင်းနှင့် ပတ်သက်၍ မူဆယ်ရှိ လယ်ယာပိုင်ရှင်များ၊ တိုင်းရင်းသားပြည်သူများကလည်း မကျေနပ်ကြကြောင်း သိရ သည်။
“လယ်တွေကို သိမ်းပြီး စတားလိုက် တရုတ်ကုမ္ပဏီနဲ့ ဖက်စပ်မြို့ပြ စီမံကိန်းတွေ လုပ်နေတယ်။ ကျနော်တို့ကတော့ အဲ့ဒါကို ကန့်ကွက်တယ်။ မြို့ပြစီမံကိန်းလို့ ပြောပြီး မူဆယ်မြို့မှာ လုပ်ခဲ့တယ်။ အခုထိ အဲဒီ နေရာက စည်သေးတာ မဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေပဲ လက်ဝါးကြီးအုပ်တယ်”ဟု မူဆယ်မြို့နယ် တော်ရွက် ကျေးရွာနေ ဦးရွက်ဆိုင် က ပြောသည်။
၎င်းအပြင် တရုတ်ကုမ္ပဏီ တခုက လုပ်နေသည့် ဂက်စ်ပိုက်လိုင်းကြောင့် နမ့်ခမ်းမြို့နယ်တွင်းရှိ ပျက်စီးသွားသည့် လယ်ယာများကို လျော်ကြေးငွေပေးမည် ဆိုသော်လည်း တနှစ်ပြည့်သည့်တိုင် လျော်ကြေး မရရှိသေးကြောင်း၊ ယင်းအတွက် လယ်သမားများက မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ချက် တစုံတရာ မရသေးကြောင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် လယ်သမားတစ်ဦးက ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေ သိမ်းယူသူများသည် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၊ အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဖြစ်၍ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိကြောင်း၊ စီမံကိန်းနယ်မြေ၊ တပ်ပိုင်နယ်မြေ မကျူးကျော်ရ စသည်ဖြင့် ဆိုင်းဘုတ် များ စိုက်ထူထားသော်လည်း မည်သည့် စီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိသည့်နေရာ အများအပြား ရှိနေကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်၏ အတည်ပြုချက်ဖြင့် လယ်ယာမြေဆိုင်ရာ ဥပဒေ ကို ၂၀၁၂ ခု မတ်လ ၃၀ ရက် နေ့ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းလိုက်သည်။
ယင်း ဥပဒေတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်၊ အခွင့်အရေး၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း၊ နစ်နာကြေးနှင့် လျော်ကြေးများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၁၃ ခန်း ပါဝင်ကြောင်း သိရသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts