ပဒေသရာဇ်စနစ်သည် ရှမ်းကုန်းပြင်မြင့်တွင် အုပ်ချုပ်သူ လူတန်းစား၏ အမွေခံ အရိုက်အရာကို ဆက်ခံပြီး အုပ်ချုပ်ခဲ့သော စနစ်ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများသည် ပဒေသရာဇ်စနစ်အောက်တွင် နိုင်ထက်စီးနင်း အုပ်ချုပ်ခြင်း ခံရသည်။ ပဒေသရာဇ်တို့သည် လောင်းကစားဝိုင်းများဖြင့် အခွန်ကောက်ခြင်း၊ ဘိန်းတိုးချဲ့ စိုက်ပျိုးခြင်း၊ အရက်ချက်ခြင်းစသည့် ဒုစရိုက်လုပ်ငန်းများကြောင့် ရာဇာဝတ်မှုများ ပပျောက်စေရေးက တရားဟောပြသဖြင့် အုပ်ချုပ်သူ လူတန်းစား၏ ဖောက်ပြန်ဆိုးသွမ်းမှုများကို ထိရောက်စွာ သိမြင်လာကြပြီး မိမိတို့ကိုယ်ကို ပြန်လည်ပြုပြင်လာကြသည်။
၁၉၄၇ ခုနှစ်ကုန်ခါနီးတွင် ပအိုဝ်းလွောင်းဗူး (ခိုင်မာသော ပအိုဝ်းစုစည်းမှုအဖွဲ့) တည်ထောင်လိုက်ကြသည်။ ထိုအခါ ပဒေသရာဇ်လဲဗီးများနှင့် နောက်လိုက်များက လူထုအပေါ် နိုပ်စက်မှုပြုလာတော့သည်။ ၁၉၄၈- ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာတော် ဦးဂန္ဓမာ က ကျေးရွာလုံခြုံရေးအတွက် ကျောက်တစ်လုံးကျေးရွာတွင် စစ်တပ်ဖွဲ့တစ်ခု စည်းရုံးဖွဲ့စည်းခဲ့သည်။ဤတပ်ဖွဲ့ကို ပဒေသရာဇ် နောက်လိုက်များထံမှ သိမ်းဆည်းရရှိသည့် လက်နက်များဖြင့် တပ်ဆင်ပေးခြင်းဖြစ်သည်။
မကြာမီပင် နောင်ကားကျေးရွာသားများကလည်း လူများစည်းရုံးဖွဲ့စည်းပြီး ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ရန်လှုပ်ရှားလာကြသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေရာဇ်စနစ်တော်လှန်ရေး ပထမအစကျောက်တစ်လုံးက၊ ဒုတိယ နောင်ကားက ဟု ပြောစမှတ်ပြုကြသည်။
ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအစည်းအရုံး (Pa-O National Organization) ကို ပဒေသရာဇ်စနစ်အောက်မှ လွတ်မြောက်အောင်တိုက်ခိုက်ရန် ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။
ကေအဲန်ဒီအိုထံမှ လက်နက်ခဲယမ်း အတော်အတန်ဝယ်ယူလိုက်ပြီး ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် (ပအလဖ) သည် ပဒေသရာဇ်စနစ် အာဏာရှင်များဖြစ်ကြသော ညောင်ရွှေ၊ ဘန်းယဉ်၊ ဟိုပုံး၊ နောင်မွန်၊ ပင်လောင်း၊ စံကား၊ မိုင်းပွန်၊ လွိုင်လင်၊ မိုးနဲနှင့် မောက်မယ်တို့ကို စစ်ကြေညာလိုက်သည်။
တော်လှန်ရေးတွင် ပဒေသရာဇ်နောက်လိုက်များက ဖမ်းဆီးရမိသော (ပအလဖ) တပ်သားများကို ခေါင်းဖြတ်ပြီး အများပြည်သူမြင်သာအောင် ဈေးနေ့များတွင် ခေါင်းကို ချိတ်ဆွဲပြထားကြသည်။ဤအပြုအမှုကြောင့် ပအိုဝ်းတို့သည် ထိတ်လန့်ကြောက်ရွံ့မသွားဘဲ ပဒေသရာဇ်အုပ်စိုးသူတို့အပေါ် ပိုမိုဒေါသထွက်လာတော့သည်။
ထို့ကြောင့် ပအိုဝ်းလူထုသည် ပအလဖ ကို အပြည့်အ၀ထောက်ခံပြီး စုရုံးဝင်ရောက်လာကြသည်။ ထို့ပြင် ရှမ်း၊ ဓနု နှင့် အင်းသားတို့ ပူးပေါင်းပါဝင်လာကြသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလတွင် ပဒေသရာဇ်နယ်ရှင်တို့သည် ကတိပြုထားသည့်အတိုင်း အခွင့်အာဏာကို စွန့်လွတ်လိုက်ရသည်။
ပဒေသရာဇ်တော်လှန်ရေးမှ ရရှိသော အကျိုး ဖြစ်ထွန်းမှုများမှာ
(၁) ပဒေသရာဇ်စနစ် အဆုံးသတ်သွားခြင်း။
(၂) လောင်းကစားဝိုင်းများ ပျောက်ကွယ်သွားခြင်း။
(၃) ဘိန်းစိုက်ပျိုးမှုကို တားမြစ်ပိတ်ပင်နိုင်ခြင်း။
(၄) အခွန်တော်အမျိုးမျိုး ပေးဆောင်နေရခြင်းမှ လျော့ပါးသက်သာခြင်း။
(၅) ဒေသန္ထရအုပ်ချုပ်ရေးများကို တည်ထောင်လာနိုင်ခြင်း တို့ဖြစ်သည်။
ပဒေသရာဇ်စနစ် ဆန့်ကျင်လှုပ်ရှားမှုသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁၉၃၁ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်းကပင် ပေါ်ပေါက်ခဲ့သည်။ အများဆုံးပေါ်ပေါက်ခဲ့သည်နယ်မြေများမှာ လဲချား၊ မိုင်းပွန်၊ ဟိုပုံး နှင့် ညောင်ရွှေ နယ်များတွင် ဖြစ်သည့်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လူပုဂ္ဂိုလ်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်း၊ မဟုတ်ဘဲ စနစ်ကို တော်လှန်ခဲ့ကြခြင်းသာဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများနည်းတူ မြို့ပေါ်ရှိ တရားဝင်အဖွဲ့အစည်းများကလည်း ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ ထိုအဖွဲ့အစည်းများသည် ၁၉၅၂ ခုနှစ်၊ ဇွန်လတွင် တောင်ကြီးမြို့၊ ကံဦးဘုန်းတော်ကြီးကျောင်းတွင် ညီလာခံတစ်ရပ် ပြုလုပ်ခဲ့ကြပြီး၊ ထိုညီလာခံမှ ရှမ်းပြည်နယ်တွင် ခေတ်နှင့်မလျှော်ညီတော့သော ရှမ်းပြည်နယ်တိုင်းရင်းသားတို့၏ တိုးတက်မှုကို မရရှိစေနိုင်သော ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်နေခြင်းကို အမြန်ဆုံး ပြောင်းလဲပစ်ရန် တောင်းဆိုခဲ့ကြသည်။
မြို့ပေါ်ရှိ တရားဝင်ဖွဲ့စည်းထားသော ပအိုဝ်းတိုင်းရင်းသားတို့၏ (ပအလဖ) အဖွဲ့ချုပ်မှ ခေါင်းဆောင်တို့ကလည်း ပဒေသရာဇ်စနစ် ကျဆုံးရေးကို နည်းမျိုးစုံဖြင့် ဥပဒေဘောင်အတွင်းမှ ပြင်းထန်စွာ အရေးဆိုခဲ့ကြသည်။
၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့သည် ပအိုဝ်းတိုင်းရင်းသားတို့က ပဒေသရာဇ်စနစ်ကို တော်လှန်ခဲ့သော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ပဒေသရာဇ်စနစ် တော်လှန်ရေးသည် ပအိုဝ်းတိုင်းရင်းသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအခေါ်များကို ထောက်ပြခဲ့သည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ နှောင်းနေးခဲ့ရသော စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဆင့်အတန်းနောက်ကျမှုတို့ကိုလည်း ရှေ့သို့ တွန်းပို့ပေးနိုင်ခဲ့သည်။ အာဇာနည် သူရဲကောင်း စိတ်ဓာတ်တို့ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။
အမိမြန်မာနိုင်ငံကို ကာကွယ်လိုသောစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မရမနေ တည်ထောင်လိုသောစိတ်ဓာတ် စသည့်နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ကိန်းအောင်းစေခဲ့သည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဒီဇင်ဘာ (၁၁) ရက် “အလဲဗင်းဒီဇင်ဘာ” သည် မိမိတို့အတွက် မမေ့ကောင်းသော ရက်ထူး ရက်မြတ်နေ့အဖြစ် ယနေ့တိုင် ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့ကို အခမ်းအနားဖြင့် ကျင်းပလျက်ရှိလေသည်။
-------------------
အထူးမှတ်ချက်။
(၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် နယ်ချဲ့ ပဒေသရာဇ်ဆန့်ကျင် တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ဒီမိုကရေစီအရေး တိုက်ပွဲတို့တွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဦးညွတ်အလေးပြုခြင်း ဖြင့်ပြည်ထောင်စုထဲကပအိုဝ်း (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေးအထိမ်းအမှတ် စာအုပ်မှ ကူးယူတင်ပြ လိုက်ရပါတယ်။
ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများ
0 comments:
Post a Comment