October 23, 2012

စာအုပ်အမည် - လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ စာရေးသူ - သုခမိန်လှိုင်

 www.thanlwin.com
ကဗျာတွေ ဖတ်ပြီးတိုင်း ခံစားရလေ့ရှိတယ်။  အခုလည်း သုခမိန်လှိုင်၏ “လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ” စာအုပ်လေးကို ဖတ်မိတော့ ဖြန့်ထွက်တွေးစရာ အတွေးတွေနှင့် နယ်နမိတ် စည်းတစ်ကြောင်းကို လှလှပပလေး မထိတထိ လုပ်နေသည့် ကဗျာလေးတွေမို့ ကြိုက်မိပြန်တယ်။ ကဗျာတွေဟာ ခေတ်ကို ထင်ဟပ်ပြသ စေနိုင်ပါတယ်။ မီးပျက်သွားတဲ့ ညတစ်ညမှာ ထုံးစံအတိုင်း မီးမှောင်သွားရာက ကဗျာတွေ ရေးမိကြောင်း ကဗျာဆရာက အမှာတွင် ရေးထားပါတယ်။ “အမှောင်ဆန်သော ကမ္ဘာကြီးထဲတွင် အလင်းဆန်သော သတ္တိထူးတွေ ရစေချင်လို့ပါပဲ” ဆိုတဲ့ ကဗျာဆရာရဲ့ ရည်ရွယ်ချက်နှင့် “အမှောင်နှင့် အလင်းသည် လှည့်စားခြင်း ဟု ဆိုလျှင်လည်း အမှောင်ကို ကျွန်တော် မမုန်းပါ၊ အလင်းကိုတော့ ချစ်မိပါသည်။” သဘ၀တရားကို လှစ်ပြထားတဲ့ စာစုလေးနှင့် အမှာစာကို အဆုံးသတ်ထားပါတယ်။
ကဗျာတို ၁၉ ပုဒ် ပါဝင်ပြီး အလင်းနဲ့ အမှောင်၊ ဓမ္မနဲ့ အဓမ္မ ယှဉ်ပြိုင်မှုတွေကြားမှာ လူးလွန့်သွားလာနေတဲ့ ကဗျာဆရာရဲ့ အတွေးတွေကို တွေ့ရပါလိမ့်မယ်။ မောင်သာနိုးက ကဗျာတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြီး မူရင်းကဗျာနှင့်အတူ ယှဉ်တွဲဖော်ပြထားပါတယ်။
 “ကတိ”
 အလင်းရောက်တဲ့ ကဗျာရမယ်ဆိုရင်
(အသက်ပါတဲ့) ကြေးကြီးကြီး ပေးပါ့မယ်။

“Promise”
For a poem that leads to light
I'll give a big price -- including life.
အလင်းရောင်အတွက် ကဗျာတဲ့..။ အလင်းရောင်ဆိုတာ ဘာလဲဆိုတဲ့ အတွေးမျိုးရသလို အလင်းရောင်အတွက် ပေးဆက်လိုက်ရတဲ့ တန်ဖိုးကြီးကြီး အရာတွေကို ခံစားမိတယ်။ တချို့တွေဆို ပေးလိုက်ရတာ.. အသက်ပဲ။ ရှင်းပါတယ်။ ပေးဆပ်သူတွေကတော့ ပေးဆပ်နေဆဲပါ။ အလင်းရောင်ဆိုတဲ့ နေရာလေးကို ရောက်ဖို့အတွက် မဆုတ်မနစ် ဇွဲတွေရှိရသလို အင်အားကြီးမားတဲ့ ဒုက္ခတွေ အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။
“P.S”
အမှောင်က မင်းဘာတတ်နိုင်သေးလဲ တဲ့... မေးတယ်
ကျွန်တော်
၁ လုံး
၂ လုံး
၃ လုံး
၎ လုံး
၅ လုံး......
ကြယ်ကလေးတွေ ရေလို့ မဆုံးသေးဘူး.
“P.S”
Darkness asks : what can you do now?
Me?
1 star
2 stars
3 stars
4 stars
5 stars
I haven't finished counting the stars
ကျွန်တော်တို့တွေဟာ ဘ၀မှာ “ မင်း ဘာတတ်နိုင်မှာမို့လဲ ” ဆိုတဲ့ မေးခွန်းတွေကို ကြုံရလေ့ရှိတယ်။ ကျွန်တော်တို့တွေ လုပ်နိုင်တဲ့ အရာတွေကို ဖြည်းဖြည်းချင်း လုပ်နေရပါ့မယ်။ ဘ၀မှာ အကျဉ်းအကြပ် ဆိုတဲ့ အချိန်ဟာ ဘယ်သူတွေမဆို ကြုံရလေ့ရှိပါတယ်။ ခဏတာအနေနဲ့ ကြယ်လေးတွေကို ရေတွက်နေပေမယ့် တကယ့်ရည်ရွယ်ချက်ပန်းတိုင်က အမှောင်တွေ ကုန်ဆုံးသွားမယ့် အချိန်တစ်ခုကိုပါပဲ။
“ကကြိုးများ”
မှောင်နေတယ်
ဘာမှ မမြင်ရဘူး
ဒါပေမယ့်
ကရမယ့် ကကွက်တွေ ဘယ်သူမှ မမေ့ဘူး၊
မပျောက်ဘူး
မင်းရော
သူရော
ငါရော
ဘုရားသခင်ရော။
“Dance movements”
It's dark
you can see nothing
But
the dance movements to dance no one forgets, loses
you
he
me
the lord god too.
သိပ်သည်းတဲ့ အမှောင်ထုထဲကို ရောက်သွားခဲ့ရင် ကိုယ့်အာရုံ အသိဥာဏ်ဟာ အလင်းရောင်ပါ။ ရည်ရွယ်ချက် လှုပ်ရှားမှုမှန်သမျှကို အသိဥာဏ်ထဲမှာ စွဲမြဲနေရင် အမှောင်ဆိုတာက အန္တရာယ်မပေးနိုင်တော့ပါဘူး။
ကဗျာတိုလေးတွေ ပေါင်းစုထားတဲ့ ဒီစာအုပ်ဟာ ပေါ့ပေါ့ ပါးပါးလေးနဲ့တွေးစရာတွေ ပေးတဲ့ အတွက် သံလွင်စာဖတ်သူတွေကို ဖတ်ဖို့ ညွှန်းလိုက်ရပါတယ်။
-------------------------------------------------------------------------------------------------

www.thanlwin.comစာအုပ်အမည် : မိနစ် ၉၀ တစ်ရာသီ
စာရေးသူ : စာရေးဆရာအစုံ

စာရေးဆရာ ၂၂ ဦး၏ ဘောလုံး ရသ၀တ္ထုတိုများကို မဂ္ဂဇင်း၊ ဂျာနယ် များမှ ပြန်လည် စုစည်းထားခြင်းဖြစ်ပါသည်။ ၀တ္ထုတိုပေါင်း ၂၃ ပုဒ် ပါရှိကာ လူထုဒေါ်အမာ၏ ဘောလုံးဆောင်းပါးကို အမှာစာအဖြစ် ဖော်ပြထားသည်။ စာရေးဆရာများ၏ ရုပ်ပြောင်လေးများသည် စာဖတ်သူ၏ စိတ်နှလုံးကို ရွှင်ပြုံးစေသကဲ့သို့ အတွင်း သရုပ်ဖော်ပုံများသည်လည်း လက်ရာမြောက်လှသည်။
ကုသ - ၀ဇီကိုင် (၁)၊ (၃)၊ (၄)
ဇ၀န  - ဟောလီးဒေး
ရွှေဥဒေါင်း - အမှိုက်ကစ ပြသာဒ်မီးလောင်
ကိုငြိမ်း(မန္တလေး) - ရှမ်းပွဲခြောက်ပတ်
ကျော်စွာထက် - စက်ရုပ်ဘောလုံးပွဲ
ခင်ခင်ထူး - ဖွတ်ဘောလ် တေလာ
ခင်မောင်ထွေး(ပျဉ်းမနား) - ဘောလုံးနှစ်ပွဲ စိတ်နှစ်စိတ်
ချစ်ဦးညို - မေမေသား တိုက်စစ်မှူး ဘောလုံးသမား
ဂျူး - ဆဲတတ်သူများနှင့် တစ်ညနေ
ဆောင်းဖြူ - ကွင်းထဲက လက်ဆောင်
ညီပုလေး - မီးသွေးခဲမို့ မည်းသကို
ထူးဆွေအောင် - ဖွတ်ဘော မိတ်အင် သက္ကယ်မြောင်
ဏီမှူး - ရှုံးကွဲ
ပဉ္စမံဒီရိုင်း - ကိုယ့်ရာဇ၀င်မှာ ကိုယ်ဟာ “နည်းပြ” ပါ
မသီတာ (စမ်းချောင်း) - မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ
မင်းခိုက်စိုးစန် - ကစားမလား နားမလား
မင်းလူ - အိမ်ကွင်း အဝေးကွင်း
မျိုးကိုမျိုး - ပျောက်ဆုံးသွားသော ဘောလုံးပွဲတစ်ပွဲ
ဝင်းစည်သူ - ဖလား
သစ္စာနီ - ကဗျာဆရာဘောလုံးပွဲ
အဏ္ဏ၀ါစိုးမိုး - ကြေညာသူအတွက် ကြေညာချက်
ကုသ- “၀ဇီကိုင် (၁)၊ (၃)၊ (၄)” သည် အင်္ဂလိပ်ခေတ် ကျေးရွာဒေသဘောလုံးပွဲများကို ဟာသနှောကာ၊ ဇ၀န ၏ “ဟောလီးဒေး” ၌မူ ထိုခေတ် တက္ကသိုလ်ကျောင်းသားများ၏ ဘောလုံးပွဲ ကို ပျော်ရွှင်ဖွယ် ဖော်ပြထားသည်။ ရွှေဥဒေါင်း၏ “အမှိုက်ကစ ပြသာဒ်မီးလောင်” တွင် လျှို့ဝှက်သော လူတစ်ယောက်၏ ဘောလုံးအစွမ်းကို ဖွဲ့ထားလေသည်။
ကိုငြိမ်း(မန္တလေး)၏ “ရှမ်းပွဲခြောက်ပတ်”သည် အကြွားလွန်သော သူတစ်ယောက်အား အစလွန်ရာမှ ဘောလုံးပွဲအတွင်း အသက်ဆုံးရှုံးသွားခြင်းအကြောင်းဖြစ်သည်။ ကျော်စွာထက်၏ “စက်ရုပ်ဘောလုံးပွဲ” တွင် စက်ရုပ်များ ဘောလုံးကန်ကြသည့်အကြောင်း၊ ဘောလုံးပညာတွင်မက စက်ရုပ်နည်းပညာပါ ယှဉ်ပြိုင်ကြသည့်အကြောင်း နှင့် လောင်းကစားသမားများ၏ ဆိုးရွားပုံနှင့် နိဂုံးချူပ်ထားသည်။
ခင်ခင်ထူး၏ “ဖွတ်ဘောလ် တေလာ”သည် လူရိုး တစ်ယောက်၏ လူတတ်လုပ်မှုကို ဖော်ပြထားသည်။ ခင်မောင်ထွေး(ပျဉ်းမနား)၏ “ဘောလုံးနှစ်ပွဲ စိတ်နှစ်စိတ်” သည် ချစ်သောသူတစ်ယောက်လာမကြည့်သော ဘောလုံးပွဲနှင့် ချစ်သောသူ လာကြည့်သော ဘောလုံးပွဲတွင် ဘောလုံးသမား တစ်ယောက်၏ ထွေပြားတတ်သည့် စိတ်ကို ရေးသားထားသည်။
ချစ်ဦးညို၏ “မေမေသား တိုက်စစ်မှူး ဘောလုံးသမား” တွင် သားဖြစ်သူ တိုက်စစ်မှူးဘောလုံးသမား ပြောသည့် “ ကျင့်သားရတဲ့ ခြေထောက်က ဂိုးပေါက်ထဲဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ”  စကားလေးသည် တန်ဖိုးရှိ လှပေသည်။ ဂျူးရဲ့ “ ဆဲတတ်သူများနှင့် တစ်ညနေ“ တွင်လည်း ဘောလုံးပွဲတွင် ဆဲတတ်သော သူများနှင့် တွေကြုံခဲ့ပုံကို ရေးသားထားသည်။
ဝတ္ထုတို တစ်ပုဒ်စီသည် ရသ တစ်မျိုးစီ ပေးသည်။ တစ်ပုဒ် ဖတ်အပြီးတွင် ခံစားမှုတစ်ခု ရလေသည်။ ဟာသ၀တ္ထုများ ပါဝင်သကဲ့သို့ အချစ်ခံစားမှုဝတ္ထုများ ပါဝင်သည်။ အသိပညာပေးသည့် ၀တ္ထုများ ပါဝင်သကဲ့သို့ သနားစရာ ဇာတ်ကောင်များလည်း ပါဝင်ပေသည်။
၁၉၃၂ ဂန္တလောက မဂ္ဂဇင်းမှ ၂၀၀၆ အိုလံပစ် အားကစားဂျာနယ်တွင် ပါရှိခဲ့သည့် ၀တ္ထုတိုများ ဖြစ်သောကြောင့် ခေတ်အဆက်ဆက်မှ မြန်မာတို့၏ ဘောလုံးလောက အကြောင်းကို တစေ့တစောင်း သိမြင်နိုင်လေသည်။ ဘောလုံးဝါသနာပါသူများသာမက မြန်မာစာပေ စိတ်ဝင်စားသူများ ဖတ်သင့်သော စာအုပ် တစ်အုပ်ဖြစ်လေသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts