October 22, 2012
နောင်တောင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
တစ်ချိန်က အွန်လိုင်းပေါ်တွင် တင်ထားဖူးသော ဖိုင်ကို ပြန်တွေ့သဖြင့် ပြန်လည်တင်ပြပေးလိုက်ပါသည်။ သမိုင်းမှာ မြန်မာသက္ကရာဇ်ဖြင့် ၁၃၇၀ ထိသာ ပါဝင်ပါသည်။
ဖြစ်စဉ်အကျဉ်း
ရည်ရွယ်ချက်
၁။ လူသားတိုင်း စာတတ်မြောက်ရန်၊ ပညာတတ်မြောက်ရန်။
၂။ အတတ်ပညာ၊ အသိပညာဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုး၊ နိုင်ငံအကျိုးပြုရန်။
၃။ ပရဟိတလုပ်ငန်းများ၊ သာသနာအကျိုးပြု လုပ်ငန်းများ အဓိကဆောင်ရွက်နိုင်ရန်။
ဆောင်ရွက်ချက်
၁။ ပရိယတ္တိအခြေခံများ သင်ကြားပေးခြင်း။
၂။ ဘုန်းတော်ကြီးသင် မူလွန်ပညာရေး (သူငယ်တန်းမှ သတ္တမတန်းအထိ) ပညာသင်ကြားပေးခြင်း။
၃။ ကျေးရွာမှ သုံးနှစ်ကလေးများအတွက် မူလတန်းကြို (မူ/ကြို) ကျောင်း ဖွင့်လှစ်ပေးခြင်း။
၎။ ပြည်မ/ပြည်ပ သို့  ပညာသင်စေ၍ ထောက်ပံ့ပေးခြင်း။
၅။ အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးခြင်း။
၆။ အခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပေးခြင်း။
ကျောင်းတိုက်တည်ထောင်သည့်ခုနှစ်
၁၃၆၂-ခုနှစ်ဦး တန်ခူးလဆန်း (၁၄)ရက်၊ သောကြာနေ့ ။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်သည့်နှစ်
၁၃၆၅-ခုနှစ်၊ နယုန်လ၊ ၂၀၀၄/၂၀၀၅ ပညာသင်နှစ်။
မူလတန်းကြိုကျောင်း ဖွင့်လှစ်သည့်နှစ်
၁၃၆၇-ခုနှစ်၊ ၂၀၀၅/၂၀၀၆ ပညာသင်နှစ်။
ကျောင်းတိုက်အခြေခံမူ
(က) မိမဲ့၊ ဘမဲ့၊ မိဘမဲ့၊ ဆင်းရဲနွမ်းပါး ကလေးများဦးစားပေးလက်ခံမည်။
(ခ) အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်မသင်နိုင်သော၊ ပညာဆက်လက် သင်ယူလိုသော ကလေးငယ်များအား လက်ခံမည်။
(ဂ) ကူးစက်ရောဂါ ရှိသူမဖြစ်ရ။
(ဃ) အသက်(၈)နှစ်အောက်၊ (၁၅)နှစ်အထက် မဖြစ်စေရ။
(င) အုပ်ထိန်းသူဆရာ၊ မိဘကိုယ်တိုင် အပ်နှံရမည်။
(စ) သင်္ကန်းဝတ်ဖြင့် သာသနာ့အမွေခံပြီး ပညာသင်ကြားရမည်။
ဆက်သွယ်ရန်လိပ်စာ
နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်
ဟိုပုံးမြို့
ဖုန်း – ၀၈၁-၄၆၂၀၈
ဦးခွန်အောင်သိန်း
ရွှေသီးနှံရောင်းဝယ်ရေး
ရေမဲလမ်း၊ မြို့ မရပ်၊ တောင်ကြီးမြို့ 
ဖုန်း ၀၈၁-၂၁၃၆၄
ဖြစ်စဉ်အကျယ်
နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့၊ မြို့ ဦးကွက်သစ် (နောင်ခါးပေါက်) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမှ မိုင်းပျဉ်း-လဲသက် ကားလမ်းအတိုင်း မြောက်ဘက်သို့ သွားလျှင် တစ်မိုင်နှင့် (၂) ဖာလုံ အရောက် ကားလမ်း၏ အရှေ့ ဘက်တွင် “နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်” ဟူသော မုခ်ဦးကြီးကို တွေ့ရမည် ဖြစ်ပါသည်။
ဤကျောင်းတိုက်အတွင်း အုပ်ချုပ်နေသော ရဟန်း (၁၀) ပါး အပါအ၀င် ဆင်းရဲနွမ်းပါးသော ပရဟိတ စာသင်သား ကိုရင် အပါး( ၂၀၀) ခန့်  သီတင်းသုံး ပညာသင်ယူလျှက် ရှိပါသည်။ ဤကျောင်းတိုက်ကို ဦးစီးတည်ထောင်သော ဆရာတော်မှာ သက်တော် (၃၄) နှစ်၊ ၀ါတော် (၁၄) ၀ါသာရရှိသော ဘဒ္ဒန္တ ရာဇိန္ဒသီရိ ဖြစ်ပါသည်။
ဆရာတော်သည် ၁၃၃၇-ခု၊ ပြာသိုလပြည့်ကျော် (၆) ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ဟိုပုံးမြို့ ၊ အနောက်ရပ်ကွက်တွင် ဖွားမြင်၍ ဟိုပုံးဇာတိ ဖြစ်သော်လည်း ၁၃၄၄-ခု အသက် (၇) နှစ်အရွယ်တွင် မယ်တော် ဒေါ်နန်းအွတ်က နောင်တောင်းရွာ လူထု မူလတန်းကျောင်း၌ ကျောင်းဆရာမ အလုပ်လုပ်ရင်း နောင်တောင်း ရွာတွင်ပဲ မိသားစုတစ်ခုလုံး အတည်တကျ နေထိုင်သွားခဲ့ပါသည်။
ဆရာတော်သည် နောင်တောင်းကျောင်းကို ရဟန်း (၅)  ၀ါအရ ဓမ္မာစရိယမပြီးမီကတည်းက လက်ခံရရှိခဲ့ပါသည်။ ကျောင်းလက်ခံပြီး ၁၃၆၂-ခု ဆဌမမြောက်ဝါဆိုကို နောင်တောင်းကျောင်းမှာပင် ဝါဆိုခဲ့ပါသည်။ နောင်တောင်းကျောင်းတွင် ၀ါဆိုခဲ့သော်လည်း ဓမ္မာစရိယကျမ်း မပြီးသေးဘဲ အဠသာလိနီ တစ်ကျမ်း ကျန်သေးသဖြင့် စာမေးပွဲ ဆက်ဖြေဆိုရန် တပို့တွဲလပြည့်ကျော် (၂) ရက်နေ့တွင် မန္တလေးသို့ ပြန်လည် ကြွသွားပါသည်။ မန္တလေးရောက်ပြီး (၁၀) ရက်ခန့် အကြာ တပို့ တွဲလပြည့်ကျော် (၁၂) ရက်နေ့ ညတွင် နောင်တောင်းကျောင်းတိုက် မီးလောင် ပြာကျသွားပါတော့သည်။
နောင်တောင်းကျောင်းတိုက် မီးလောင်ပျက်စီး၍ ကျောင်းအသစ် ပြန်ဆောက်ရန် ကြံရွယ်သောအခါ အစစအရာရာ အဆင်ပြေလောက်သော ရွာဦးသဲတောင်ပေါ်စေတီ၏ အနောက်ဘက်ခြေရင်းတွင် ကျောင်းအသစ် ပြန်လည်တည်ဆောက်ရန် မြေနေရာအဖြစ် ရွေးချယ်လိုက်ပါသည်။
ကျောင်းအသစ်ဆောက်လုပ်ရန် မြေနေရာအဖြစ် ဤနေရာကို ရွေးချယ်လိုက်ခြင်းသည် အောက်ပါ အကြောင်းအရာများနှင့် ပတ်သက်ဆက်နွယ်နေပါသည်။
(က)    ၁၃၅၂-ခု၊ (၁၉၉၀) နှစ် တပေါင်းလတွင် နိုင်ငံတော် သံဃာ့နာယက ဥက္ကဌ မြင်းခြံကိုးဆောင်တိုက် ဆရာတော်ဘုရားကြီးသည် ဟိုပုံးမြို့ကို ကြွရောက် လာပါသည်။ ဆရာတော်သည် မွေတော်ကျောင်းတိုက်၌ မြို့နယ်အတွင်းရှိ သံဃာတော်များအား သြ၀ါဒစကား မြွက်ကြားရာတွင် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ တစ်နိုင်ငံလုံး၌ ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်ကြရန် တိုက်တွန်းပြောဆိုပြီး ဟိုပုံးမြို့နယ် အတွင်းမှာလည်း ဖွင့်လှစ်ကြရန် တိုက်တွန်းခဲ့ပါသည်။
(ခ)     နိုင်ငံတော် သံဃာ့နာယက ဥက္ကဌ၏ တိုက်တွန်းချက်အရ ၁၃၆၀-ပြည့်၊ နတ်တော်လပြည့်ကျော် (၆) ရက် (၉-၁၂-၁၉၉၈) နေ့တွင် မြို့နယ် သံဃာ့နာယက ဆရာတော်များနှင့် မြို့နယ် ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့ သံဃာတော်များက အဖွဲ့၏ (၆) လပတ် ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးစရာ အချက်တစ်ချက် အနေဖြင့် ဆွေးနွေးခဲ့ရာ ဟိုပုံးမြို့နယ် မြို့နယ်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်ရန် သဘောတူညီခဲ့ပါသည်။ သို့ သော်လည်း တစ်နှစ်ပြီးတစ်နှစ် အကောင်အထည် မဖော်နိုင်ခဲ့ပါ။
(ဂ)     ၁၃၄၉-ခု (၁၉၉၇) နှစ်တွင် သဲတောင်ပေါ်စေတီ ပရိဝုဏ် အတွင်း၌ နောင်တောင်း (ယခင်) ဆရာတော်  ဘဒ္ဒန္တနန္ဒ၀ံသက ကျောင်းဆောက်လုပ်၍ ၀ါဆို သီတင်းသုံးတော်မူပြီး ထိုနေရာတွင် ပရိယတ္ထိ စာသင်တိုက် တည်ထောင်ရန် ရည်ရွယ်ခဲ့ဖူးပါသည်။ သို့သော်လည်း အကောင်အထည် မဖော်နိုင်မီ ၁၃၅၁-ခု နယုန်လတွင် ရုတ်တရတ် ပျံလွန်တော်မူသွား ပါသဖြင့် ဆရာတော်၏ ဆန္ဒမပြည့်ဝခဲ့ပါ။
(ဃ)    ဆရာတော်ဦးနန္ဒ၀ံသ သဲတော်ပေါ်တွင် သီတင်းသုံးနေစဉ် တပည့် ရှင်ရာဇိန္ဒသီရိ စာသင်တိုက်မှ အလည်ပြန်အလာ ဆရာတော်ကို သွားကန်တော့ရာ ဆရာတော်က “ကိုရင် စာတတ်အောင်သင် စာတတ်တဲ့တစ်နေ့ ကျရင် အဲဒီနေရာမှာနေပြီး သာသနာပြုပါ” ဟု မိန့် ခဲ့ဖူးပါသည်။
(င)     ဆရာတော် အရှင်ရာဇိန္ဒသီရိ၏ နဂိုမူလစိတ်ရင်းကလည်း ဘာသာစိတ်၊ သာသနာစိတ်၊ ပရဟိတစိတ် ရှိခဲ့ပါသည်။ အထက်ပါ ဆရာတော်များ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုသော ဆန္ဒလည်းရှိခဲ့ပါသည်။
(စ)     ထိုနေရာတွင် ကျောင်းတည်ဆောက်လျှင် သံဃာတော်များ ဆွမ်းခံကြွရန် ဂေါစရဂါမ် (နေရာ) လည်း ပြည့်စုံအဆင်ပြေမည်ဟု ယုံကြည်သည်။
ဤအကြောင်းတရားများကြောင့် နောင်တောင်း ကျောင်းဟောင်း မီးလောင်ပျက်စီး၍ ကျောင်းသစ် ဆောက်လုပ်ရန် ကြံရွယ်သောအခါ ထိုသဲတောင်စေတီကုန်း ခြေရင်း မြေနေရာကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။
ကျောင်းသစ် ဆောက်လုပ်ရန် ကျောင်းမြေနေရာကို ဆရာ၊ ဒကာ သဘောတူ ဆုံးဖြတ်ချက် ချပြီးသောအခါ ၁၃၆၂ ခု၊ (၂၀၀၀) နှစ် နှောင်းတန်ခူးလဆန်း (၁၄) ရက်၊ သောကြာနေ့ ၊ နေ့ လည် (၁၂) နာရီ အချိန်တွင် ကျောင်းသစ်ကို တိုင်ထူ၍ ပြန်လည်စတင် တည်ဆောက်ခဲ့ပါသည်။
၁၃၆၃-ခု (၂၀၀၀) နှစ်၊ ကဆုန်လဆန်း (၅) ရက်နေ့  ရောက်သောအခါ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို ခေတ္တရပ်ဆိုင်းပြီး သဲတောင်ကုန်းပေါ် စေတီ၏ အရုဏ်ခံဇရပ်ကို ဆောက်လုပ်လှူဒါန်းပြီးမှ ကျောင်းဆောင်သစ်ကို ဆက်လက် ဆောက်လုပ်ပါသည်။ သောက်သုံးရေကိုလည်း တပါတည်း သွယ်ယူခဲ့ပါသည်။
၁၃၆၃-ခု (၂၀၀၀) နှစ်၊ ပထမ၀ါဆို လဆန်း (၁၄) ရက်တွင် ကျောင်းဟောင်းမှ ပြောင်းရွေ့၍  ကျောင်းသစ်ပေါ်သို့ သံဃာတော်များ တတ်ရောက် သီတင်းသုံးနိုင်ခဲ့ပါသည်။ ထိုနှစ်တွင် ရဟန်း (၃) ပါး၊ သာမဏေ (၂၇) ပါးဖြင့် ၀ါဆိုတော် မူခဲ့ကြပါသည်။ ကျောင်းသစ် တည်ခါစတွင် အစစအရာရာ မပြည့်စုံမူကြောင့် ပရဟိတ (ဘ/က) ကျောင်းကို ချက်ခြင်း မဖွင့်လှစ်နိုင်ခဲ့ပါ။
ကျောင်းတိုက်သစ် တည်ထောင်သည့် ၁၃၆၂-ခု (၂၀၀၀) နှစ် နှောင်းတန်ခူးလမှစ၍ ၁၃၇၁-ခု( ၂၀၀၉) နှစ် ဤမှတ်တမ်းကို ပြုစုရေးသားသည့် ပြာသိုလအထိ (၉) နှစ်အတွင်း ဆောက်လုပ်ခဲ့သော အဆောက်အဦးနှင့် ဆောင်ရွက်ခဲ့သော ဘာသာ၊ သာသနာ၊ ပညာရေး၊ လူမူရေးများမှာ ခုနှစ်အလိုက် အောက်ပါအတိုင်း ဖြစ်ပါသည်။
၁၃၆၃-ခု (၂၀၀၁-၂၀၀၂) နှစ်တွင် စာသင်သား ကိုရင်များ သီတင်းသုံးနေထိုင်သော ဓမ္မသုခ ကျောင်းဆောင်ကို ဆောက်လုပ်သည်။
၁၃၆၄-ခု (၂၀၀၂-၂၀၀၃) နှစ်တွင် ဘောဇနသုခ ဆွမ်းစားကျောင်းဆောင်၊ မီးဖိုဆောင်တို့ ကို  ဆောက်လုပ်သည်။
၁၃၆၅-ခု (၂၀၀၃-၂၀၀၄) နှစ်တွင် ကျောင်းဆောင်၊ ကုဋီနှင့် ရေမီးများ အသင့်အတင့် ရှိပြီးဖြစ်သဖြင့်
မြို့ နယ်အတွင်း သံဃာတော်များကို အသိပေး၍ ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ (ဘ/က) ကျောင်းကို စာသင်သား ကိုရင်အပါး (၅၀) ကျော်ဖြင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဘ/က ပညာရေးအပြင် ပရိယတ္တိစာပေ အခြေခံများကိုလည်း သင်ကြားပို့ ချ ပေးပါသည်။
၁၃၆၅-၁၃၆၆ (၂၀၀၃ မှ ၂၀၀၅ အထိ) ခုနှစ်တွင် သဲတောင်ပေါ်ရှိ စေတီဟောင်းနှစ်ဆူကို ပြုပြင်မွမ်းမံပြီး တန်ခွန်တိုင်၊ ရေကန်၊ ကုဋ္ဋီ နှင့် ၁၀၈ ထစ်ရှိ တောင်ပေါ်တက် အုတ်လှေခါးတို့ကို တည်ဆောက်သည်။ ဂြိုလ်ပြေနံပြေ အမည်ရှိ စေတီတော်သစ် တစ်ဆူကို တည်ထား ကိုးကွယ်သည်။
၁၃၆၆-ခု (၂၀၀၄-၂၀၀၅) နှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် စေတီတော်သုံးဆူအား ထီးတော်တင်လှူပြီး ရေစက်ချပွဲ ပြုလုပ်သည်။
၁၃၆၇ခု(၂၀၀၅-၂၀၀၆) ပညာသင်နှစ်တွင် ကျေးရွာမှ (၃) နှစ်ပြည့် ကလေးများအတွက် မူလတန်းကြို (မူ/ကြို) ကျောင်းကို စတင်ဖွင့်လှစ်ပေးသည်။
သာသနာနှစ် ၂၅၄၉-ခု ၁၃၆၇-ခုနှစ်၊ ပြာသိုလဆန်း (၁၀) ရက် (၈-၁-၂၀၀၆) တနင်္ဂနွေနေ့ တွင် တောင်ကြီးမြို့ ၊ ကံသာရပ်နေ၊ ကင်းစတိုး မိသားစုမှ မတည်ပြီး ၇-ရက်သားသမီးများ စုပေါင်း၍ ပင့်သံဃာ (၁၆၈) ပါးတို့ ဖြင့် သိမ်နုတ်၊ သိမ်သမုတ်တော် မူခဲ့သည်။ နှောင်းတန်ခူးလဆန်း (၁၀) ရက်၊ သောကြာနေ့ ၊ နေ့ လည် ၁၂-နာရီ အချိန်တွင် သိမ်ဓမ္မာရုံကြီးကို အုတ်မြစ်ချ တိုင်ထူ စတင် တည်ဆောက်သည်။
၁၃၆၇-ခု၊ တပေါင်းလဆန်း(၁၁)ရက်၊ (၉-၃-၂၀၀၆) ခုနှစ်တွင် “ဖြားနန္ဒဟိန်” စာကြည့်တိုက်ကို ကျောင်းတိုက်အတွင်း ဖွင့်လှစ်သည်။
၁၃၆၈-ခု (၂၀၀၆-၂၀၀၇) နှစ်တွင် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းမှ ၇-တန်း (သတ္တမတန်း) ထိ မူလွန်ကျောင်းကို တိုးမြှင့်ဖွင့်လှစ်သည်။
၁၃၆၈-ခု (၂၀၀၆)၊ နတ်တော်လတွင် အခြေခံ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ပေးသည်။
၁၃၆၉-ခု (၂၀၀၇-၂၀၀၈) နှစ်တွင် နောင်တောင်းကျေးရွာ ပေ ၃၀ x ၇၀ ကျယ်ဝန်းသော မူလတန်း ကျောင်းဆောင်သစ်နှင့် ၂-ခန်းတွဲ ရေလောင်း ပတ်ကား အိမ်သာ၊ ၁၅ ပေ ပတ်လည် ရေကန်တို့ ကို ဆောက်လုပ် လှူဒါန်းသည်။ စာသင်ကျောင်း၌ လိုအပ်သော ရေ၊မီးနှင့် ပညာရေးအတွက် လိုအပ်ချက်များကို ကူညီလှူဒါန်း ထောက်ပံ့ပေးသည်။
၁၃၆၉-၁၃၇၀ခုနှစ်၊ ၂-နှစ်အတွင်း ဟိုပုံးမြို့ ၊ ဇောတိကာရာမ စာသင်တိုက်၌ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ၏ သက်တော်( ၇၅) နှစ်ပြည့် စိန်ရတု မွေးနေ့  အထိမ်းအမှတ်အဖြစ် ဆရာတော်ကြီးများ သီတင်းသုံးရန် “စိန်ရတု” တစ်ထပ် ကျောင်းဆောင်ကို မတည်၍ ဆောက်လုပ် လှူဒါန်းပါသည်။ သံဃာတော်များ သောက်သုံးရန် ရေကန်ကြီးတစ်ကန်၊ ငါးခန်းတွဲကုဋီ တစ်လုံးနှင့် ချက်ပြုတ်ဆေးကြောရန် မီးဖိုဆောင် စသည်များကိုလည်း မတည်၍ ဦးဆောင်ဆောက်လုပ် လှူဒါန်းသည်။
၁၃၅၈-ခုနှစ်မှ စ၍ ၁၃၇၁-ခုနှစ် အထိ ပြည်ပသို့ ဦးဇင်း၊ ကိုရင် ကျောင်းသား (၂၀၀) ကျော်ခန့် အားစေလွတ်၍ ပညာသင်စေပြီး ကူညီစောင်မ ထောက်ပံ့ပေးသည်။
၁၃၇၀-ပြည့်နှစ်၊ တပို့ တွဲလတွင် နောင်တောင်း ပရဟိတအဖွဲ့ ၊ ပရဟိတ ထောက်ကူပြုအဖွဲ့ တို့ ကို  ဖွဲ့စည်းပေးသည်။
၁၃၇၀-၁၃၇၁ ခုနှစ်တွင် ပြည်ပပညာတော်သင် ရဟန်းတော် (၃) ပါးအား ပညာတော်သင်စရိတ် ထောက်ပံ့လှူဒါန်းသည်။
လွယ်အွန်း ကျေးရွာအုပ်စုမှ စိုက်ပျိုးရေး တောင်သူလယ်သမားများ အတွက် အပြန်အလှန် ဆက်နွယ် အကျိုးပြု စိုက်ပျိုးရေးစနစ် သင်တန်းကို ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့ အစည်းတစ်ခု ဖြစ်သည့် ကမ္ဘာ့လူသား အဖွဲ့အစည်း၏ ကူညီထောက်ပံ့မူဖြင့် ၁၄-၅-၀၈ မှ ၁၆-၅-၀၈ ထိ သုံးရက်ကြာ ဖွင့်လှစ်နိုင်ရန် အကျိုးဆောင်ပေးသည်။
၁၃၇၀- နှင့် ၇၁-ခု၊ ၂ နှစ်အတွင်း ကျောင်းသံဃာတော်များ၊ ရွာသူရွာသားများ သောက်သုံးရန် စိုက်ပျိုးရေးမြေ ဖြစ်သွားသော သဘာဝ ရေထွက်ဧရိယာကို ငွေကျပ်သိန်းပေါင်း တစ်ရာတစ်ဆယ့်ငါးသိန်း တန်ဖိုးဖြင့် ခြံပိုင်ရှင်များထံမှ ၀ယ်ယူကာ ထိန်းသိမ်းထားပါသည်။
ယခုလို အများပိုင် ရေ/မြေ များကို ၀ယ်ယူရာ၌ တောင်ကြီးမြို့ ၊ ဈေးပိုင်းရပ်နေ၊ မြရတနာ စိုက်ပျိုးရေးဆေးဆိုင်မှ ဦးအောင်သန်း+ဒေါ်ဘတ်တီမြ တို့ က သိန်း (၇၀) ဆယ် မတည်လှူဒါန်း၍ ကျန်သိန်း (၄၀) ခန့် ကို ရပ်နီးရပ်ဝေး ခုနှစ်ရက် သားသမီးများက စုပေါင်း လှူဒါန်းပါသည်။ ကျန်သေးသော ရေထွက်ဦးမှ ခြံမြေများကို ထပ်မံဝယ်ယူရန်လည်း ရှိပါသေးသည်။
ယခု နောင်တောင်း ပရဟိတ တပ်ဦးကျောင်းဝင်းအတွင်း၌ ဆောက်လုပ်ပြီး ကျောင်းဆောင် ၆-ဆောင် ၊ ရေတွင်းအုတ်ကန် ၇-ကန် ၊ ကျောင်းတွင်း ကုဋ္ဋီ ၁၀-လုံး (ကုဋ္ဋီအခန်းပေါင်း ၃၅-ခန်း)အပါအ၀င်နှင့် မီးစက်တိုက်တစ်ခုရှိပါသည်။
လုပ်ဆောင်ဆဲ အလုပ်များမှာ ပေ (၈၉) × (၆၇) ကျယ်သော သိမ်ဓမ္မာရုံနှင့် ပေ(၁၂၀) × ၃၃ ကျယ်သော နှစ်ထပ် စာသင်ဆောင်တို့ ဖြစ်ပါသည်။
၁၃၇၁-ခုနှစ်တွင် ပညာရေးအတွက် ပဒေသာပင်များ အလှူခံလျက်ရှိပါသည်။
ယခုဆောက်လုပ်ဆဲ အဆောက်အဦးများနှင့် ငွေပဒေသာပင်များအတွက် စေတနာရှင်များကို စောင့်မျှော်လျက်ရှိကြောင်း အသိပေး နှိုးဆော်အပ်ပါသည်
0 comments:
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
Featured Posts