October 21, 2012

စာအုပ်

တခါတုန်းက တက္ကသိုလ်

myathantintစာအုပ်အမည်                               လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ
ဘာသာပြန်သူအမည်                     မြသန်းတင့်
မူရင်းစာရေးသူအမည်                    Erich Wolf Segal
ထုတ်ဝေသည့်ခုနှစ်                        ၁၉၉၁ ခုနှစ် ၊ ဇန်နဝါရီလ (ပထမအကြိမ်)
၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယအကြိမ်)
တန်ဖိုး                                        ၁၅ဝဝ ကျပ်
အုပ်ရေ                                       ၁ဝဝဝ


၁၉၈၅ ခုနှစ်တွင် Erich Wolf Segal ရေးသားခဲ့သည့် The Class အား ဆရာမြသန်းတင့်မှ ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ ဟူ၍ ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဆရာမြသန်းတင့်က ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ အမှာစာတွင်၊

“ကမ္ဘာတွင် ထင်ရှားသည့် တက္ကသိုလ်ကြီးများသည် တဲကုပ်မှ အစပြုခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၂ဝ ခုနှစ် မတိုင်မီကတည်းက သစ်သားနှစ်ထပ်ကျောင်းကလေးဖြင့် အစပြုခဲ့သည်။ ၁၉၂ဝ ခုနှစ်တွင်မှ အင်းလျားကန်ဘေးရှိ တက္ကသိုလ်ပရဝုဏ်ကြီး တည်ဆောက်ကာ အရှေ့တောင်အာရှတွင် ဂုဏ်ယူနိုင်သည့် တက္ကသိုလ်ကြီးအဖြစ်သို့ တဖြည်းဖြည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဟားဗက်တက္ကသိုလ်သည်လည်း လယ်တဲကလေးတခုမှ အစပြုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၅ဝ ကျော်လောက်က (၁၉၈၆ ခုနှစ်တွင် ၃၅ဝ ပြည့်ခဲ့သည်) ခရစ်ယာန် တရားဟောဆရာ ဂျွန်ဟားဗက်သည် ထိုတက္ကသိုလ်သို့ စာအုပ် ၄ဝဝ နှင့် သူ့မြေကလေးတကွက်ကို လှူဒါန်းခဲ့သည်” ဟူ၍ သူပညာဆည်းပူးခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ်အလွမ်းအား ထည့်သွင်း၍ ရေးသားဖော်ပြသည်။

ထိုကဲ့သို့စတင်ခဲ့ကြသည့် တက္ကသိုလ်များသည် နှစ်ပေါင်းများစွာ ကြာလာသည့်အခါတွင် ကမ္ဘာပေါ်၌ ထင်းရှားသည့် တက္ကသိုလ်များ ဖြစ်လာခဲ့ကြပြီး၊ ထင်ရှားသည့် ခေါင်းဆောင်များ၊ ကျော်ကြားသည့် ပညာရှင်ပေါင်းများစွာတို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်ပင်။

လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများသည် ၁၉၅၄ - ၅၈ ခုနှစ် ဟားဗတ်က္ကသိုလ်၏ နောက်ခံ ဖြစ်သည်။  ‘အင်ဒရူးအဲလီယော့’ ဆိုသူအား အဓိက ဇာတ်ကောင်ယူကာ သူ၏ သူငယ်ချင်းများဖြစ်သော ‘ဒင်နီ’ (နောက်ပိုင်းတွင် စန္ဒယားဆရာ)၊ ‘လင်းဗရိုစ်’ (နောက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခ)၊ ‘ဂျော့ကဲလား’ (နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး) နှင့် ‘ဂျေဆန်’ (နောက်ပိုင်းတွင် အစ္စရေးစစ်တပ်မှ ဗိုလ်မှူး) စသည့် ဟားဗတ်တက္ကသိုလ် ကျောင်းသားများဖြင့် ဇာတ်အိမ်အား ဖွဲ့ထား၏။ ပြီးလျှင် တက္ကသိုလ်မှ အသီးသီး ထွက်ခွာကြပြီးသည့်နောက် ငွေရတု ၂၅ နှစ်တာ ကာလအတွင်း ကျင်လည်ခဲ့ကြသည့် ဘဝပေါင်းစုံအား သမိုင်းနောက်ခံ အကြောင်းအရာများ အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။ တတန်းတည်း စာသင်ခဲ့ရသော သူငယ်ချင်း ၅ ယောက်တို့ ဘွဲ့နှင်းသဘင်ယူပြီး ၂၅ နှစ်အကြာ ငွေရတုသဘင်တွင် ပြန်၍ဆုံရပုံ၊ ထို ၂၅ နှစ်အတွင်း ဖြတ်သန်းခဲ့ရသော သူတို့၏ ဘဝခရီးတို့ကို ရေးသားထားသည့် ဝတ္ထုဖြစ်သည်။

ဝတ္ထု၏ အဖွင့်အား အဓိကဇာတ်ကောင်ဖြစ်သည့် ‘အင်ဒရူးအဲလီယော့၏ နေ့စဉ်မှတ်တမ်းနှင့် ဖွင့်ထားပါသည်။

“နောက်လဆိုရင် ဟားဗတ်တက္ကသိုလ်ကို ငါနှင့် တနှစ်တည်းရောက်တဲ့ အတန်သားတွေရဲ့ ၂၅ ကြိမ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲ ကျင်းပတော့မယ်။ ဒီနေ့တင်ပဲ အဖုံးနီနီဖုံးထားတဲ့ စာအုပ်ထူထူကြီးတအုပ် ငါ့ဆီရောက်လာတယ်။ မနေ့ညက သန်းခေါင်ကျော်သည်အထိ ငါနှင့်အတန်းတူ တက္ကသိုလ်မှာတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို လျှောက်ကြည့်တယ်။ တချို့က လွှတ်တော်အမတ်တွေ၊ တချို့က ဘုရင့်ခံတွေ၊ တချို့က ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးတွေနဲ့ ထိပ်တန်းဆေးပညာပါရဂူကြီးတွေ၊ သူတို့ထဲက တယောက်ယောက်ဟာ တနေ့မှာ စတော့ဟုမ်းက စင်မြင့်ပေါ်မှာ နိုဘယ်လ်ဆုမရဘူးလို့ ဘယ်သူပြောနိုင်မလဲ။ တနေ့မှာ အိမ်ဖြူတော်မြက်ခင်းပြင် မရောက်ဖူးလို့ ဘယ်သူပြောနိုင်မှာလဲ။

တခါတုန်းက သစ်သီးကိတ်မုန့်လို ပျော့စိစိဖြစ်နေတဲ့သူလို့ ငါထင်ခဲ့တဲ့ ငါ့အခန်းဖော်ဆိုရင် မကြာခင်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တော့မယ့်ကောင်။ ဟားဗတ်တက္ကသိုလ် အဓိပတိဖြစ်တော့မယ့်သူဆိုရင် ငါ့ဆီက မကြာခဏ အဝတ်အစား ငှားဝတ်ခဲ့တဲ့ကောင်။ ကျောင်းတုန်းက ငါတို့ စာရင်းထဲကိုတောင် မထည့်ခဲ့တဲ့ ကောင်ဆိုရင် ဒီခေတ်မှာ အကျော်ကြားဆုံး ဂီတပညာရှင်ကြီး။

သူတို့အထဲက သတ္တိအကောင်းဆုံး လူတယောက်ကတော့ သူယုံကြည်ချက်အတွက် အသက်ပေးသွားခဲ့တယ်။ သူ့ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်ရှက်မိတယ်။ ငါဟာ သမိုင်းကိုဖန်တီးရာမှာ မပါသည့်တိုင် ငါဖြတ်သန်းခဲ့ရတဲ့ သမိုင်းကိုတော့ ရေးရမှာပဲ”
(စာမျက်နှာ ၉-၁ဝ မှ)

ဝတ္ထုတွင် အင်ဒရူးအဲလီယော့သည်  အောင်မြင်ကျော်ကြားသော  မိသားစုမျိုးရိုးမှ ဆင်းသက်လာပြီး သူ၏ အဘိုးအဘွား ဆွေမျိုးများ၏ အောင်မြင်မှုများကြောင့် သူ့ကိုယ်သူသိမ်ငယ်နေသူ တဦးဖြစ်သည်။ ကျောင်းပြီးသည့်အခါ သူ့အဖေ၊ သူငယ်ချင်းတယောက်ဖြစ်သူ၏ သမီးနှင့် အိမ်ထောင်ကျပြီး ဘဏ်လုပ်ငန်းတခု၌ လုပ်ကိုင်ခဲ့သည်။ သို့သော် အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ ပြိုပျက်ခဲ့ရသည်။ ၆ နှစ်နှင့် ၉ နှစ်အရွယ် ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရန် အခွင့်အရေးအား သူဆုံးရှုံးခဲ့ရသည်။

ဂျေဆန်က ဂျူး (ရေဝတီ) လူမျိုးတစ်ယောက်ဖြစ်ပြီး အားကစားဘက်၌ ထူးချွန်၍ လူချစ်လူခင်ပေါများသူ ဖြစ်သည်။ ဂျေဆန်ဟာ ဂျူးလူမျိုး တယောက်ဖြစ်သည့်အတွက် အဘက်ဘက်မှာ အနှိမ်ခံခဲ့ရပေမယ့် အရှုံးများကို ဖြတ်ကျော်နိုင်ခဲ့သည်။ သူ့မှာ ဒတ်ခ်ျလူမျိုး ချစ်သူတယောက်ရှိပြီး လက်ထပ်ရန် ရည်ရွယ်ခဲ့ကြသည်။ သို့သော် သူ၏ ချစ်သူမှာ အစ္စရေးနိုင်ငံ၌ ဆရာဝန်သွားလုပ်ရင်း အကြမ်းဖက်သမားများ၏ လက်ချက်နှင့် သေဆုံးခဲ့ရသည်။ နောက်ဆုံး ဂျေဆန်မှာ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကြောင့် အစ္စရေးမှာ အခြေချဖြစ်ပြီး သူ့တိုင်းပြည်နဲ့ သူ့လူမျိုးအတွက် ရဲရဲဝံ့ဝံ့ အသက်စွန့်သွားခဲ့သည်။

လင်းဗရိုစ်က ကျောင်းနေစဉ်တုန်းက စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့ရတာကြောင့် အခြားကျောင်းသားများကဲ့သို့ ကျောင်းသားဘဝအား အပြည့်အဝ မခံစားခဲ့ရပေ။ ဇွဲကြီးမားမှု ကြိုးစားမှုများကြောင့် သူ၏ ရည်မှန်းချက်ဖြစ်သည့် ဟားဗတ် တက္ကသိုလ် ပါမောက္ခတဦးအဖြစ်သို့ ရောက်ရှိခဲ့သည်။ သူ၏ ချစ်လှစွာသော ငယ်ချစ် အိမ်ထောင်ဘက်နှင့် ကွဲကွာပြီးသည့် နောက်ပိုင်းတွင် သူ၏ အောင်မြင်မှုများကို မျှဝေခံစားမည့်သူ မရှိ၊ အထီးကျန် အလွမ်းများနှင့်သာ အဖော်ပြုနေခဲ့ရသည်။

ဒင်နီက အနုပညာသမား၊ စန္ဒယားဆရာတယောက်။ နှစ်စပိုင်းမှာပင် စန္ဒယားဝယ်လာပြီး အဆောင်အပေါ်တင်ရန် အကူအညီ လိုနေသော်လည်း ကျောင်းသားများနှင့် မရင်းနှီးသေးတာကြောင့် စန္ဒယားကို မြေပြင်ပေါ်သို့ချကာ ကျော်ကြားလှသည့် သီချင်းတပုဒ်ကို တီးလိုက်၏။ ဤတွင် တဆောင်လုံးရှိ ကျောင်းသားအားလုံး တအံတသြဖြစ်ကာ ထွက်ကြည့်ကြချိန်မှ ဒင်နီက အကူအညီ တောင်းခံလိုက်သည်။ နောက်ပိုင်းတွင် ဒင်နီသည် အိမ်ထောင်ကျပြီး ကလေးများ ရှိလာသော်လည်း အောင်မြင်မှု၏ ရေယာဉ်တွင် မျောပါနေခဲ့သည်။

ဂျော့ကဲလားကတော့ ဟန်ဂေရီနိုင်ငံမှ နိုင်ငံရေးဒုက္ခသည်တဦးဖြစ်ပြီး ၁၉၅၆ ဟန်ဂေရီ ကျောင်းသားလှုပ်ရှားမှုအတွင်းမှ ထွက်ပြေးလာခဲ့သူဖြစ်သည်။ ၁၉၅၈ တွင် ဟားဗတ်တက္ကသိုလ် စကောလားရှစ်နှင့် ကျောင်းတက်ခွင့် ရခဲ့သည်။ အင်္ဂလိပ်စကားမတတ်သည့် ဂျော့သည် ၇ လအတွင်း၌ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ရသည်။

သူက အမေရိကန် သမ္မတ အိမ်ဖြူတော်၌ ကစ်ဆင်းဂျား၏ လက်ထောက်ရာထူးအဖြစ် အလုပ်ရခဲ့သည်။ ကစ်ဆင်းဂျား ရာထူးမှ နုတ်ထွက်သည့်အခါ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သူဖြစ်သည်။ နောက်ဆုံးတွင် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။ ဂျော့ကဲလား ကိုယ့်ကိုယ်ကို သတ်သေတာကို သိပြီးသည့်နောက် အဲလီယော့၏ မှတ်တမ်းထဲ၌ …

“လောကကြီးမှာ ဘယ်လိုပျော်အောင်နေရမယ်ဆိုတာကို မသိလို့ဘဲ ထင်ပါရဲ့။ အေးလေ၊ လောကကြီးမှာ ဘယ်လိုပျော်အောင် နေရမယ်ဆိုတာကတော့ ဟားဗတ်တက္ကသိုလ်ကလည်း သင်မပေးဖူးလိုက်ဘူးပေါ့”
(စာမျက်နှာ ၆၂၆ မှ)

တက္ကသိုလ်နောက်ခံဇာတ်လမ်းဟု ဆိုသော်လည်း မပြေလည်သည့် အိမ်ထောင်ရေးများအကြောင်း၊ သစ္စာရှိသည့် ချစ်ခြင်းတရား၊ အောင်မြင်မှုများနောက်က အပေါစား တန်ဖိုးထားမှုများ၊ အစ္စရေးတို့နှင့် အကြမ်းဖက် တိုက်ခိုက်သူများအကြောင်း၊ ပေးဆပ်သူတို့၏ စွန့်လွတ်ခြင်းများ စသဖြင့် စိတ်ဝင်စားစရာ ကောင်းလှ၏။

အရှေ့ဂျာမဏီမှ ထွက်ပြေးလာသည့် ဒေါက်တာကစ်ဆင်းဂျားသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့၊ ဗီယက်နမ်စစ်ပွဲနှင့် ငြိမ်းချမ်းရေး ဆန္ဒပြပွဲများသည်လည်း တမျိုးစိတ်ဝင်စားစရာ ကောင်းလှပါသည်။

Erich Wolf Segal ၏ မူရင်းစာအုပ်သည် ဆရာမြသန်းတင့်၏ ချောမောပြေပြစ်လှသော ဘာသာပြန် အရေးအသားကြောင့် အသက်ဝင်လှပါသည်။ စာပေဝါသနာပါသူတိုင်း၊ ခေတ်များကို စိတ်ဝင်စားသူတိုင်း ဖတ်သင့်သော စာအုပ်ကောင်းတအုပ် ဖြစ်ပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts