October 18, 2012

လွူးကောင် ခေါ် တောတောင်စောင့်နတ် ပူဇော်ပသခြင်း။


ပအိုဝ်းမုဆိုးတို့သည် တစ်နှစ်တကြိမ် စပါးရိတ်သိမ်းပြီးအချိန် တန်ဆောင်မုန်းလနှင့် နက်တော်လများတွင် တောတောင်စောင့်နတ်ကို ပူဇော်ပသသည့် ဓလေ့တစ်ခုရှိသည်။ သီးသန့်နေ့အဖြစ် သတ်မှတ်ထားသည် မရှိပါ။ မိမိတို့ဒေသရှိ ပတ်စဉ်ဈေးနေ့ မတိုင်ခင် တရက်အကြိုတွင် ပြုလုပ်လေ့ရှိသည်။ ထိုနေ့ မနက်ပိုင်းတွင် မုဆိုးအဖွဲ့များသည် ရွာ၌ တအိမ်ပြီးတအိမ် ပိုက်ဆံ အလှူခံပြီး ထိုအလှူခံရသည့်ငွေဖြင့် တောတောင်နတ်ကို ပူဇော်ပသရန် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူခဲ့သည်။ တောတောင်စောင့်နတ် ပူဇော်ပသရန် အတွက် ကုန်းသတ္တ၀ါအသားများ မပါစေရချေ။ ရေသတ္တ၀ါများသာ ပူဇော်ပသရသည်။ ထို့ကြောင့်ချောင်းမှ ဖမ်းထားသော ငါးလတ်လတ်ဆတ်ဆတ်များကို မပွန်းပဲ့အောင် တုတ်ချောင်းကလေးများဖြင့် သီကာ မီးခဲပေါ်ကင်ထားရသည်။ ၎င်းကို ၀ါးကျည်ထောက်ထဲ့၍ နတ်များပူဇော်ပသရန် သတ်မှတ်ထားသောနေရာသို့ ယူသွားကြသည်။ တောနက်ကြီး၌ တောတောင်စောင့်နတ် ပူဇော်ပသမည့်နေရာတွင် ရေထွက်သည့်နေရာ၏ အနီးတ၀ိုက်တွင် ဖြစ်ရမည်။

ထိုနေ့တွင် ရွာတွင်းရှိ မုဆိုးများသည် မိမိတို့လက်နက်များနှင့် ထမင်းထုတ်များ ယူဆောင်ကြပြီး တောနက်သို့ ထွက်ခွာသွားကြသည်။ ထိုတောတောင်စောင့်နတ် ပူဇော်ပသရန် ရွာမှ စတင်ထွက်ခွာလာသည့်အချိန်မှ နတ်ပူဇော်ပသပြီးသည်အထိ ပါဝင်သော မုဆိုးအားလုံးသည် ပြောဆိုမှုအမူအရာတွေ ရှောင်ရန် စည်းကမ်းသတ်မတ်ထားသည်။ ၎င်းတို့မှာ တစ်ဦးကိုတစ်ဦးဆေးလိပ်တောင်းသောက်ခြင်း၊ သားကောင်ရရင် ဘယ်လိုဝေမျှမည် စသည့်တို့ ကြိုပြောခြင်း၊ ပူဇော်ပသထားသည့် အရက်၊ ထမင်း၊ ငါးများ ရောမွေထားသော အစာများကို အတူတကွစားနေကြချိန်တွင် ရွံ့ယွန်သည်ဟု ပြောဆိုခြင်း၊ ဆဲဆိုခြင်း စသည်အမှုအရာများကို ရှောင်ရပါသည်။



နတ်ပူဇော်ပသမည့်နေရာသို့ ရောက်သောအခါ မည်သည့်သစ်ပင်ကြီးအနားတွင် ပူဇော်ပသရမည်ကို မုဆိုးခေါင်းဆောင်က (ခြဲ.ဗန်)ခေါ် ဗေဒင်တွက်သည့်သဘော ပြုလုပ်ပြီး နေရာသတ်မှတ်လိုက်သည်။ ထိုနေရာကို နတ်များပူဇော်ပသရန် စင်လေးတစ်စင်ဆောက်ပေးရသည်။ ထိုစင်လေးကို ဆောက်ရန်အတွက် သစ်အပျော့စားမျိုးဖြစ်သော ပအိုဝ်းအခေါ် ဟန်းသခူ၊ လိုက်ထျာ၊ ပကုမ်း၊ သေင်းလား စသည့်သစ်လေးမျိုးကို ရွေးပြီးဆောက်ပေးရသည်။ ဤစင်ပေါ်နှင့် အနီးတ၀ိုက်တွင် တဒတ်လား ခေါ် အရွက်တစ်မျိုးကို ခင်းပြီး ၎င်းပေါ်တွင် နတ်များပူဇော်ပသရန် ယူဆောင်လာသော ထမင်းထုပ်၊ ငါးကင်၊ အရက် စသည်ဖြင့် ခင်းချထားရသည်။ ထိုစင်၏ ဘေးတွင် မုဆိုးတို့ ယူဆောင်လာသော လက်နက်အားလုံးကို တန်းစီထားရသည်။ မုဆိုးခေါင်းဆောင်က အရက်ထဲ့ထားသော ၀ါးကျဉ်ထောက်ကို ယူပြီး ချထားသော အစားအစာနှင့် လက်နက်များပေါ်တွင် အရက်ဖြင့် လောင်းချလိုက်သည်။

ထိုနောက် မုဆိုးခေါင်းဆောင်က မိမိတို့ နှစ်စဉ် အမည်းလိုက်လေ့ရှိသော တောတောင်များအားလုံး၏ နတ်များကို ပိုးကောင်အဖြစ် အဓိဌာန်ပြုပြီး လက်ဖြန့်၍ ဖိတ်ခေါ်သည်။ တောင်တစ်တောင်ကို ပိုးတစ်ကောင်ဟု သတ်မှတ်သည်။ သတ်မှတ်ထားသော ပိုးကောင်အရည်အတွက် မပြည့်မခြင်း မုဆိုးခေါင်းဆောင်က လက်ဆက်ဖြန့်ထားရသည်။ ပိုးကောင်အရည်အတွက် ပြည့်ပြီဆိုပါက ၎င်းနေရာ၌ လာသည့်ပိုးကောင်များအနက် အဆိပ်မရှိသော ပိုးကောင်တစ်ကောင်ကောင်သည် ဖြန့်ထားသည့် လက်ပေါ်ရောက်သည်နှင့် ဖမ်းရသည်။ အဆိပ်ရှိသော ပိုးကောင်ကို ဖမ်းပါက ထိုနှစ်တွင် သားကောင်များသည် လူတို့ကို အန္တာရယ်ပေးတတ်ခြင်း မုဆိုးအချင်းချင်း ပစ်မှားခြင်း ဖြစ်တတ်သည်ဟု ယူဆကြသည်။ မုဆိုးခေါင်းဆောင်သည် ပိုးကောင်ကို ဖမ်းမိပြီဆိုသည်နှင့် အောင်ပြီဟေ့ အော်ပြီး အခြားသော မုဆိုးငယ်များထံသို့ လက်ထဲ့ဆုပ်ဖမ်းထားသော ပိုးကောင်ကို ဖြန့်ပြရသည်။

ဤသို့ဖြန့်ပြရာတွင် လက်၌ ပိုးကောင်မရှိပါက ထိုနှစ်တွင် သားကောင်ရှားပါးသည့်အပြင် တောင်ယာလုပ်ငန်းခွင်၌ ဓါး၊ ပေါက်ပြားကိုင်ရာတွင်လည်း အန္တာရယ်များသည်ဟု ယူဆသည်။ ထို့အပြင် မုဆိုးခေါင်းဆောင်က အကျင့်စရိတ္တမကောင်းမှုနှင့် သစ္စာကတိမရှိ၍ ပိုးကောင်ကို ဖမ်းမမိခြင်းဖြစ်သည်ဟု မုဆိုးငယ်များက ယူဆသည်။ အကယ်၍ ပိုးကောင်ကို ဖမ်းမိပါက ထိုနှစ်တွင် သားကောင်ပေါများပြီး တောင်ယာလုပ်ငန်းခွင်၌ ဓါး၊ ပေါက်ပြားကိုင်ရာတွင်လည်း အန္တာရယ်ကင်းရှင်းသည်ဟု ယူဆသည်။ ပိုးကောင်ဖမ်းသည့် အစီအစဉ်ပြီးသည့်နောက်တွင် မုဆိုးခေါင်းဆောင်သည် မုဆိုးငယ်များ၏ လက်နက်များကို ပြန်အပ်ပြီး ချခင်းထားသော ထမင်းများကို အတူတကွစားကြသည်။ ထိုနောက် ထိုနှစ်အတွက် ပထမဦးဆုံးသော အမဲလိုက်သည့် နေ့အဖြစ် တောတောင်ထဲ့သို့ အဖွဲ့လိုက် အမည်းလိုက် ထွက်သွားကြသည်။

မှတ်ချက်
ဤဆောင်းပါးကို ၂၀၀၈ခုနှစ်တွင် ဟိုပုန်းမြို့နယ် ဗန်းစောက်ရွာ(မဲနယ်တောင်)မှ မုဆိုးခေါင်းဆောင်အဖြစ် သက်တမ်း နှစ်(၂၀)ဦးဆောင်ဖူးသော အသက် (၇၄)နှစ်ရှိ ဖြားဝါရိန္တထွဉ်၏ ပြောပြချက်များကို ပြန်လည်ရေးသားခြင်းဖြစ်သည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts