ပအိုဝ်းတိုင်းရင်းသားတို့သည်
နေအိမ်များကို ခြောက်သွေ့သည့် နွေရာသီတွင် ဆောက်လုပ်ကြသည်။
အဆောက်အဦးအတွက် လိုအပ်သည့် သစ်ဝါးများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ကြား၌
ခုတ်ထားကြသည်။ ထိုအချိန်ကာလတွင် ခုတ်ထားသည့် သစ်၊ ၀ါးများသည်
ပိုးမထိုးခြင်း၊ ပိုးမစားခြင်းဟု ဆိုသည်။ သစ်၊ ၀ါး ခုတ်ရာတွင် သစ်ပင်၊
ဝါးပင်များပေါ်၌ ဌက်ဥဌက်သိုက်ရှိခြင်း၊ ပျားများစွဲနေခြင်း၊ နွယ်ပင်များ
လိမ်ယှက်နေခြင်း၊ ခြောက်နေသည့်အပင်ဖြစ်ခြင်း စသည့်အပင်များကို ရှောင်ကြသည်။
ထိုသို့သော အပင်များကို ခုတ်ပါက အိမ်ပိုင်ရှင်သည်
နောင်တွင် အချုပ်အနှောင်ခံရတတ်သည်ဟု ယူဆကြသည်။ နေအိမ်ဆောက်လုပ်ရန်
လိုအပ်သည့် သစ်၊ ၀ါးများကို သုံးနှစ်၊ လေးနှစ် အချိန်ယူ စုဆောင်းပြီးမှ
ဆောက်လုပ်ကြသည်ကို တွေ့ရသည်။ နေအိမ်အတွက် ၀ါးထာရံကာမည့်အိမ်သည် ၀ါးထာရံကို
အိမ်မဆောက်ခင်အချိန်တွင် ကြိုတင် ရက်လုပ်ထားကြသည်။
အိမ်ဆောက်ရန် မြေကွက်ကို ရွေးချယ်ပြီးပါက လသာသောညများတွင် ရွာတွင်းရှိလူလတ်ပိုင်းများသည် လာရောက်၍ မြေကွက်ကိုတူးကူခြင်း၊ ညှိ့ကူခြင်း စသဖြင့် လုပ်အားလာကူကြသည်။ အိမ်တိုင်ထူမည့်နေ့ကို ရှေ့မှီနောက်မှီရွာသမာဓိလူကြီးများ၊ ဘုန်းကြီးသံဃာများကို မေးမြန်းရွေးချယ်ပြီးမှ ယင်းနေ့ နံနက်မိုးသောက်သည်နှင့် အိမ်ဦးတိုင်မကြီးကို ထူရန် ကျင်းကို စတင်တူးကြသည်။ ငွေကြေးချမ်းသာသော သူများသည် ငွေစရွှေစများဖြင့် အိမ်ဦးတိုင်မကြီးကျင်းထဲ့သို့ စွန့်ကြဲချထားပြီး ဆန်ဆေးရည်ဖြင့် လောင်းထဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် ပထ၀ီမြေကို ပူဇော်သည်ဟု ဆိုသည်။ ဥယျာဉ်တိုင်ကို မတ်သည့်အခါ တိုင်ထိပ်တွင် ပိတ်ဖြူစ၊ ရှားပန်းနီစဖြင့် ပတ်၍ ချည်ထားရသည်။ လေးနှင့် မြားကို ကောင်းကင်သို့ ချိန်၍ ချည်ထားရသည်။ ဌက်ပျောဖီ၊ အုန်းသီးနှင့် သပြေပန်းများလည်း ချည်ထားရသည်။ ၎င်းသည် တိုင်ထူမတ်ပြီး အလိုအလျောက်ကြသည်အထိ ချိတ်ဆွဲထားရသည်။ အိမ်ပိုင်ရှင်သည် ဥယျာဉ်တိုင်မကြီး ထူပြီးချိန်တွင် ကိုယ်တိုင် မြေစာများကို ဖိသိပ်ပေးရသည်။
နေအိမ်များမှာ ပျှမ်းမျှအားဖြင့် အလျားပေ (၃၀)နှင့် အနံ (၁၅)ပေ အိမ်များဖြစ်ကြသည်။ ပအိုဝ်းတို့၏ နေအိမ်ဆောက်လုပ်ရာတွင် အိမ်ပုံစံ (၃)မျိုးတွေ့ရသည်။ ၎င်းတို့အခေါ်ဖြင့် လမ်းဒေ့ဆုန်း (ခေါင်ဆောင့်အိမ်)၊ လမ်းမြောက်စု (အုန်းလေးဘက်ခေါင်)နှင့် လမ်းမန်း (အုန်းနှစ်ဘက်ခေါင်)ဖြစ်သည်။ လမ်းဒေ့ဆုန်းကို မျက်မှောက်ခေတ်တွင် ဝေးဝေးတရွာမှ တွေ့ရသည်။ ထိုအိမ်မျိုးသည် တံခါးပေါက်နိမ့်ပြီး အိမ်တွင်းသို့ ၀င်လာသူတိုင်း ခေါင်းငုတ်ရသဖြင့် အိမ်ထဲ့ဝင်လာသူတိုင်း အိမ်ရှင်ကို ရိုသေလေးစားအောင် ဆောက်ထားပုံစံဖြစ်သည်။
လမ်းမြောက်စုကို ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်ကြသည်။ တချို့သည် အိမ်ကိုယ်ထည်နှစ်ဆောင်တွဲပြီးဆောက်ကြသလို တချို့က အိမ်ကိုယ်ထည် တစ်ဆောင်သာဆောက်လုပ်ထားကြသည်။ ထိုအိမ်ပုံစံမျိုးသည် လေ၀င်လေထွက်ကောင်းပြီး အိမ်းတွင်းရှိ အပူဓါတ်တို့ မီးခိုးတို့သည် အပြင်သို့ အလွယ်တကူ ထွက်နိုင်အောင် တချို့က ခေါင်မိုး နှစ်ဆင့်ဖြင့် ဆောက်လုပ်ထား တတ်သည်။ ခေတ်ရေစီးကြောင်းနှင့် အညီဆောက်လုပ်ကြသည်။ “လမ်းမြောက်စု” နေအိမ်ပုံစံသည် ယခင်က ဆောက်လုပ်တာများပြီး နောက်ပိုင်းတွင် ငွေကြေးချမ်းသာသူတာ ဆောက်လုပ်နိုင်သည်။ သစ်၊ ၀ါး အကုန်အကျ များသည့် အပြင် လက်သမားပညာ ကျွမ်းကျင်သောသူများမှသာ ဆောက်တတ်သည်။
ယခုခေတ်တွင် “လမ်းမန်း” ပုံစံကို ဆောက်လုပ်တာ များသည်။ “လမ်းမန်း” ခေါ် ထိုအုန်းနှစ်ဘက်ခေါင်ပုံစံ ဆောက်ခြင်းသည် သစ် ၀ါးများသက်သာသည်ဟု ဆိုသည်။ သို့သော်လည်း အုန်းလေးဘက်ခေါင်လောက် နှစ်ရှည် မခံနိုင်ပေ။
တောရွာတွင် နေထိုင်သော ပအိုဝ်းတို့သည် အိမ်ဆောက်ရာတွင် အင်ဂျင်နီယာဖြင့် ထွက်ချက်ခြင်း မဟုတ်ပဲ မိမိတို့ ယုံကြည်သည့် ဓလေ့ဖြင့် “ဆြားတန်း”ခေါ် လင်ဗန်းထဲ့က ဌက်ပျော်ခိုင်၊ သပြေခက်၊ လက်ဖက်၊ လက်သမားဆရာ ဥာဏ်ပူဇော်ခ စသည်ဖြင့် ထည့်ထားပြီး အိမ်ဆောက်ကြသည်။ အိမ်ဆောက်ရာတွင် “ဆြားတန်း” မထားပါက ထိုအိမ်သည် အလျားအနံ မညီညာခြင်း အခင်းများ မညီခြင်း ဖြစ်တတ်သည်ဟု ယုံကြည်သည်။ အိမ်တိုင်းလိုလိုသည် လာသာဆောင်များ ဆောက်လုပ်ထားကြသည်။ ၎င်းကို ခြံထွက်သီးနှံများ အခြောက်လှန်းရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ အိမ်အောက်ထပ်ကို တောင်ယာထွက်သီးနှံများနှင့် ခြံလုပ်ငန်းတွင် အသုံးပြုသော ခြင်းတောင်းများ၊ ပေါက်ပြားများ၊ ကျွဲနွားများ လည်းထားကြသည်။ များသောအားဖြင့် ချက်ပြုတ်ရေးအတွက် မီးဖိုကို အိမ်ကိုယ်ထည် (သို့) ဧည့်ခန်း၏ အလယ်တွင် ထားပြီး ဆောက်ကြသည်ကို တွေ့ရသည်။ တချို့သည် နေအိမ်ကို ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင် စသည်ဖြင့် ခွဲထားကြသည်။

0 comments:
Post a Comment