၂ နာရီကြာ ကျင်းပမယ့် မင်္ဂလာပွဲကို ဆင်နွဲဖို့ မြန်မာ့တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ငယ်များဟာ သူတို့ရဲ့ကတော်များနဲ့ အတူ ရန်ကုန်မြို့မှာ စုဝေး ရောက်ရှိနေပါပြီ။
စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီမင်္ဂလာပွဲကို “ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်” တို့ တက်ရောက် ချီးမြှင့်ခြင်း ရှိမရှိ ဆိုတာပါပဲ။
မင်္ဂလာခမ်းမ ဇေယျာသီရိဗိမ္မာန်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ ရန်ကုန်အိမ်နဲ့ ကပ်လျက်ရှိတာကြောင့် လာနိုင်တယ်လို့လည်း ပြောဆိုနေသူ ရှိသလို၊ အသက်အရွယ်အရ မလာနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။
ဒီမင်္ဂလာပွဲကို တက်ဖို့ တိုင်းတပ်၊ တပ်မ၊ တပ်အမျိုးမျိုးကိုသာမက နိုင်ငံ ရပ်ခြားမှာရှိတဲ့ စစ်သံမှူးတွေ၊ သံအမတ်ကြီးတွေဆီကိုလည်း ဖိတ်စာပို့ခဲ့တယ်၊ ဗိုလ်ချုပ်ကတော်များဟာ လက်ဖွဲ့ဖို့ ခွဲတမ်းချပြီး၊ စိန်ရွှေ အမျိုးမျိုး ၀ယ်ယူနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့သမီး မင်္ဂလာဆောင်တုန်းကလို စိန်စီသောည ဖြစ်လာမှာ မဟုတ်ဘူးလို့ တပ်အသိုင်းအ၀န်းဆီက ကြားနေရပါတယ်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မမှူး၊ တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)ဘ၀ အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်သူ၊ လက်အောက် အရာရှိများကို ကိုယ်ထိလက်ရောက် ရိုက်နှက်သူ ဖြစ်တယ်လို့ တချို့က ပြောတယ်။
လာဘ်စားမှုကင်းရှင်းသူ၊ တပ်တွင်းမှာတော့ မိမိနဲ့ တပတ်စဉ်ထဲ ကျောင်းဆင်းများ၊ မိမိလက်အောက်မှာ တာဝန်ထမ်းဆောင်ဖူးသူများကိုသာ မျက်နှာသာပေးတတ်သူလို့လည်း သိရပါတယ်။
ဗိုလ်ချုပ်တယောက်ရဲ့သား မင်္ဂလာဆောင်တာ ထူးခြားမှု မရှိပေမယ့် သူက ကာချုပ်ဖြစ်နေတဲ့အတွက် ဒီသတင်းက မင်္ဂလာပွဲမတိုင်ခင် ရက်အနည်းငယ်အကြာကပင် လူပြောများခဲ့တာပါ။
ဒီ ၀ါလကင်းလွတ် သီတင်းကျွတ်ရဲ့ ထူးခြားချက်လို့ ဆိုရမှာကတော့ တပ်မတော် ထိပ်တန်းခေါင်းဆောင်များရဲ့ သားများလည်း မင်္ဂလာဆောင်ကြတာပါပဲ။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး ခင်ဇော်ဝင်းရဲ့သား ဗိုလ်ကြီး ဖြိုးဇော်ဦး ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာဆောင်ခဲ့သလို၊ ဒု ဗိုလ်ချုပ်ကြီးဟောင်းဆန်းဆင့်ရဲ့သား ဥက္ကာဆန်းဆင့်လည်း မင်္ဂလာဆောင်ခဲ့ပါတယ်။
ဒီမင်္ဂလာပွဲတွေကို ဦးသန်းရွှေတက်ရောက်တယ် ဆိုတဲ့သတင်း မကြားမိပေမယ့် ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်တော့ တက်ခဲ့ပါတယ်။
အခု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား အောင်ပြည်စုံ မင်္ဂလာဆောင်မှာတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို ဖိတ်မဖိတ်၊ စာဖတ်နေတယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ လာမလာ ဆိုတာတွေက စိတ်ဝင်တစား စောင့်ကြည့်ချင်စရာ ဖြစ်နေပါတော့တယ်။
0 comments:
Post a Comment