တိကပုဂ္ဂလပညတ်...
အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ မစင်ကြယ် ယုံမှားဖွယ် အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်မရှိဘဲ မြတ်သော အကျင့် ရှိသည်ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့် စိုစွတ်၏၊ အမှိုက်သဖွယ် ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ် အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း'' ဟု ဤသို့ အကြံအစည် မျိုးသည်မဖြစ်၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 91
အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း'' ဟု ဤအကြံအစည်မျိုးသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 92
အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းမှ ကင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤအမည်ရှိသော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း''ဟု ဤအကြံအစည်မျိုးသည် မဖြစ်၊ ဤသို့
အကြံအစည်မျိုး မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စင်စစ် ထိုရဟန္တာပုဂ္ဂိုလ်အား (အရဟတ္တဖိုလ်သို့မရောက်မီ) ရှေ့အဖို့၌ အရဟတ္တဖိုလ်ဝိမုတ္တိဖြင့် ကိလေသာမှ မလွတ်သေးသည်ဖြစ်၍ အကြင် အရဟတ္တဖိုလ်ကို လိုလားတောင့်တခြင်းသည် ရှိ၏၊ ထိုလိုလား တောင့်တခြင်းသည် ငြိမ်းအေး၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းကင်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 93
၃ - တိကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂပညတ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
0 comments:
Post a Comment