မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်း
မြန်မာနိုင်ငံအတွင်းသို့
ဝင်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးသည်
ရှေးအကျဆုံးဖြစ်ဖွယ်ရာရှိသည်။ မွန်တို့သည် တရုတ်ပြည်အနောက်ပိုင်းရှိ
ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ဆင်းသက်လာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊
စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝအရပ်ဒေသတို့၌
မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မွန်လူမျိုးတို့၏
ရှေးအကျဆုံးမြို့တော်မှာ သုဝဏ္ဏဘုမ္မိသထုံဖြစ်၏။ ပဲခူး၊ ဟံသာဝတီတို့မှာ
သထုံပြည်မှသွားရောက်၍နောက်မှတည်ထောင်သောမြို့ဖြစ်လေသည်။
ဦးဘသန်း၏
ကျောင်းသုံးမြန်မာရာဇ၀င်၊ စာမျက်နှာ ၂၃ တွင် “ ဆာဂျွန်ဂျာဒင်းအလိုမှာ
မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက်
ရှိနှင့်ပြီးဖြစ်သောတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်ဟုဆိုသည်။
သထုံမြို့ကား ယခုအခါတောင်သူလူမျိုးတို့၏ အချက်အချာဒေသဖြစ် သည်။
သထုံရာဇ၀င်တွင် သထုံ၌တောင်သူပအူလူမျိုးမင်းများစိုးစံကြောင်းဆိုသည်။
တောင်သူလူမျိုးတို့သည် ရှေးကပုဂံနယ်၊ ယခုပခုက္ကူအ ပါ နယ်တွင်လည်းရှိကြသည်။
ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင်
ဆာဂျွန်ဂျာဒင်း၏အယူအဆကိုလက်ခံလျှင် တောင်သူခေါ် ပအိုဝ်းလူမျိုးတို့သည်
မွန်တို့ထက်စော၍၀င်ရောက်လာကြသည်ဟူ၍ယူဆဖွယ်ရာဖြစ်လေသည်။
ဗန်းမော်တင်အောင်၏ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၊ စာမျက်နှာ ၄၁ တွင် -
“ ရှေးဟောင်း မြန်မာနိုင်ငံအတွင်းသို့
မောင်းဂွတ်အနွယ်လူမျိုးအသီးသီးတို့ဝင်ရောက်လာကြသည့်အထဲတွင် ကရင်နှင့်
ပအိုဝ်းလူမျိုးများ
သည်ရှမ်းနှင့်မြန်မာလူမျိုးများထက်ရှေးကျ၍၀င်ရောက်နေထိုင်ခြင်းပြုခဲ့သည်ဟူ၍သမိုင်းပညာရှင်များကယုံကြည်ကြလေသည်။
သို့ရာတွင် မွန်လူမျိုးများထက်နောက်ကျသည်ဟုယူဆကြသည်။ ” ဟုဖော်ပြထား၏။
ကမ္ဘာအေးအရှင်တိလောကသာရလေ့လာရေးသားသည့် “ ရှမ်းပြည်၊ ညောင်ရွှေ၊
တောင်ကြီးသမိုင်းများနှင့်တကွ သယံဇာတကမ္ဘာ့ တန်ဆာ မဟာပါသဏံမံတ၀လိုဏ်ဂူ
စာအုပ်ငယ်တွင်လည်း “ တောင်ပိုင်းရှမ်းပြည်တွင်ယခုထင်ရှားထွန်းကားနေသာ
ပအိုဝ်း (တောင်သူ) လူမျိုးနှင့်အင်းသားတို့က
နောက်ပိုင်းကျမှဝင်ရောက်လာကြသူများဖြစ်ကြ၏။ ” ဟူ၍ရေးသားထားသည်ကိုတွေ့ရ၏။
ထို့ကြောင့် ဆာဂျွန်ဂျာ ဒင်း၏
အယူအဆကလွှဲလျှင်ပအိုဝ်းခေါ်တောင်သူလူမျိုးများသည်
မွန်တို့ထက်နောက်ကျ၍၀င်ရောက်လာကြသည်ဟုပညာရှင်များကယူဆကြ လေသည်။
တောင်သူခေါ်
ပအိုဝ်းတိုင်းရင်းသားတို့သည် တရုတ်ကုန်းမြေဘက်မှ
သံလွင်မြစ်ကြောင်းအတိုင်းတောင်ဘက်အရပ်ဒေသများသို့
တဖြည်းဖြည်းပြောင်းရွှေ့လာကြ၏။ ၆ ရာစုလောက်တွင်
ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းဖြစ်သော ယခုခေတ်ကရင်နီတောင်တန်းဒေသများတစ်
ဝိုက်တွင်အခြေချနေထိုင်ခြင်းပြုကြလေသည်။
ထိုမှတစ်ဖန်မြန်မာနိုင်ငံအတွင်းသို့အစုစုကွဲလွဲ၍ပြန့်နှံ့ဝင်ရောက်ခဲ့ကြပုံရလေသည်။
မူလက ကရင်လူမျိုးများသည် ကရင်နီတောင်တန်းဒေသ၊
သံလွင်ခရိုင်နှင့်ပဲခူးရိုးမတောင်များတစ်ဝိုက်တွင်နေထိုင်ကြဟန်ရှိ၏။
ပအိုဝ်းခေါ် တောင်သူ လူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်
သထုံခရိုင်အတွင်း၌နေထိုင်ခဲ့ကြဟန်ရှိလေသည်။
ဆာဂျော့စကော့ကမူ “ ကရင်၊
ပအိုဝ်း (တောင်သူ) နှင့် ရှမ်းတို့သည် တစ်မျိုးတစ်နွယ်တည်းဖြစ်ပြီး
ရှမ်းလူမျိုးများထက်နှစ်ပေါင်း သုံးရာကျော်စော၍
မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ” ဟု ရေးသားဖော်ပြခဲ့သည်။
ဆာဂျော့စကော့၏အလိုမှာ ကရင်၊ တောင်သူ (ပအိုဝ်း)၊
ရှမ်းတို့သည်တစ်မျိုးတစ်နွယ်တည်းဖြစ်ကြောင်းဖြင့်ဆိုလေသည်။
မည်သို့ဆိုစေကာမူ
ပအိုဝ်းတိုင်းရင်းသားတို့သည် ၎င်းတို့၏မျိုးနွယ်စုများအလိုက်
ရှေးဟောင်းစိုက်ပျိုးရေးကို အခြေခံကာသင်တင့်
လျောက်ပတ်သောအဖွဲ့အစည်းကလေးများကိုထူထောင်ပြီး
အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြဟန်ရှိလေသည်။ ၎င်းတို့သည်မြန်မာနိုင်ငံ မြေညီ
မြစ်ဝှမ်းအရပ်ဒေသများကိုသူ့ထက်ငါလုယက်တိုက်လျက်ရှိနေခဲ့ကြသော ပျူ၊
မွန်နှင့်မြန်မာလူမျိုးများကြောင့်တောတောင်များအတွင်းနေထိုင်
ခဲ့ကြပြီးလျှင်စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းဖြင့်အသက်မွေးခဲ့ကြပုံရလေသည်။
တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည်တောတောင်များ တွင်
တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့်
တောင်သူဟုခေါ်ခဲ့ကြခြင်းဖြစ်ရာသည်။
ပအိုဝ်းနှင့် ကရင်
မေဂျာ အင်ရီကွိဇ် (Major
Enrequeeze) ပြုစုသည့် “ မြန်မာနိုင်ငံလူမျိုးများအကြောင်း ” စာအုပ်တွင်
ကရင်သည် ထိုင်းတရုတ်အ နွယ်မှဆင်းသက်လာသည်ဟုရေးသားထားသည်။ ယိုးဒယားနွယ်သော
ထိုင်းတရုတ်အုပ်စုတွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့် အခြားအစုငယ်
လေးများပါဝင်သည်။ ကရင်အစုတွင် ပါဝင်သောထိုလူမျိုးများမှာ -
(၁) လူမျိုးသီးခြားဖော်ပြထားသော ကရင်၊
(၂) စကောကရင်၊
(၃) ပိုးကရင်၊
(၄) တောင်သူ၊
(၅) ပကူး၊
(၆) မိုးနဲပွား၊
(၇) ဘွဲ့၊
(၈) ကရင်ဖြူ၊
(၉) ပဒေါင်၊
(၁၀) ကရင်နီ၊
(၁၁) ဂဲခို တို့ဖြစ်ကြသည်။
ဆာဂျေ ဂျော့စကာ့ကလည်း “
ပအိုဝ်းခေါ်တောင်သူတို့၏ စာပေသည်
အဓိကအားဖြင့်ကရင်ဖြစ်သော်လည်းသွေးသားအားဖြင့် ပြောရမည်ဆိုလျှင်
ကရင်မြန်မာနှင့် ရှမ်းသွေးများရောနှောလျက်ရှိသည် ” ဟုဆိုခဲ့သည်။
၁၉၇၂ ခု၊ ဖေဖော်ဝါရီလ ၁၄
ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် ဆောင်းပါးရှင်ဆင်တိုင်းက “
သွေးချင်းအသီး သီးရင်းနှီးချစ်ကြည် ” ဆောင်းပါးတွင် “ ၁၉၂၄ ခုနှစ်၊
သန်းခေါင်စာရင်းအရ ပအိုဝ်းတိုင်းရင်းသားများကို
ကရင်တိုင်းရင်းသားအုပ်စုတွင် ယာယီ အားဖြင့်ထည့်သွင်းဖော်ပြထားသည် ”
ကိုတွေ့ရပေသည်။ ဤသို့ထည့်သွင်းရခြင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးအရ
မင်းတိုင်ပင်အမတ်များကို လူမျိုးအလိုက်
သီးခြားရွေးချယ်နိုင်ခွင့်ရရှိရန်ပြဌာန်းထားရာတွင် ကရင်တိုင်းရင်းသားဦးရေက
နည်းနေသဖြင့် ကရင်ခေါင်းဆောင်များ၏ ပန်ကြားချက်ကို
ပအိုဝ်းတို့ကလက်ခံသဘောတူညီခဲ့ခြင်းဖြစ်ကြောင်းသိရှိရလေသည်။
ထို့ကြောင့်ပအိုဝ်းကိုကရင်ဟူ၍လည်းကောင်း၊ ပိုး (ပအိုဝ်း)ဟူ၍လည်းကောင်း
မှတ်ယူလာခဲ့ကြသည်ဟု ” ဖော်ပြထားလေသည်။
ကရင်လူမျိုး
အထူးစုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ ၁၉၅၀ ပြည့်နှစ်တွင်
ပအိုဝ်းလူမျိုးနှင့်ပတ်သက်၍ “ မူလက ကရင်အ နွယ်ဝင်များဖြစ်ကြသော်လည်း
ကရင်လူမျိုးအထူးစုံစမ်းရေးကော်မရှင်အဖွဲ့က
ကရင်လူမျိုးဆိုသောစာရင်းတွင်ထည့်သွင်းခြင်းမပြုရန် ဆုံးဖြတ်
ခဲ့ပြီးဖြစ်သည်။ ကိုယ့်အစုနှင့်ကိုယ်စုစုဝေးဝေးနေထိုင်လျက်ရှိပြီး
လူဦးရေအလုံအလောက်ရှိသဖြင့် သီးခြားသတ်မှတ်သင့်သည်ဟုဖော်ပြထား လေသည်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံစံများ (ကရင်)တွင် “
ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည် ”
ဟုရေးသားဖော်ပြထားသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ (ငါန်းဇွန်မောင်ကြင်ဟန်)
ဆောင်းပါးတွင် “ကရင်လူမျိုးအုပ်စုငယ်တွင် စကောကရင်၊ ပိုးကရင်၊ ပတူကရင်၊
မိုးနဲပွားကရင်၊ ဘွဲ့ကရင်၊ ပအိုဝ်း (တောင်သူ) ကရင်များပါဝင်သည် ”
ဟုရေးသားဖော်ပြထား၏။
ဆရာကြီးဦးဖေမောင်တင်၏
ဘာသာလောကကျမ်း စာမျက်နှာ ၁၃ တွင် “ မြန်မာပြည်၌ ကရင်ဘာသာပြောဆိုသူတို့သည်
အရေ အတွက်အားဖြင့် မြန်မာလူမျိုးတို့မှအပအများဆုံးဖြစ်၏။
ယိုးဒယားပြည်မှာလည်းရှိကြ၏။ ကရင်လူမျိုးများအနက် အများအားဖြင့် စကောနှင့်
ပိုးတို့သည် လွင်ပြင်များ၌နေကြ၏။ တောင်တန်းကရင်များအနက် တောင်သူတို့သည်
ဦးရေအများဆုံးဖြစ်၏။ မိမိတို့ကိုပအိုဝ်းဟုခေါ်၍ ရှမ်း ပြည်တောင်ပိုင်းနှင့်
သထုံစီရင်စုတွင်များစွာနေထိုင်ကြ၏။ ” ရေးသားထားလေသည်။ ဦးဖေမောင်တင်က
တောင်သူကိုတောင်တန်းကရင်ဟု ခေါ်၏။ ဦးဖေမောင်တင်၏အဆိုအရလည်းတောင်တန်းကရင်ခေါ်
ပအိုဝ်းလူမျိုးတို့သည် ကရင်အုပ်စု၌ပါဝင်ကြောင်းဖြင့်ယူဆလေသည်။
ဒေါက်တာသန်းထွန်းကလည်းသူ၏ခေတ်ဟောင်းမြန်မာရာဇ၀င်တွင် “ ပုဂံကျောက်စာများ၌
ကရင်နွယ်ဟုယူဆရန်ရှိသည့် တောင်သူ ဟူသော အမည်ကိုလည်းတွေ့ရတတ်ပါသည်။
ယခုတောင်သူကား တောင်တန်းတစ်လျှောက်၌ယာလုပ်သူများဖြစ်ကြ၏။ ကျောက်စာတစ်ခု၌
ကရင်တန်မိပြောက် ( မြန်မာတိုင်းရင်းသားကျောက်စာ၊ စာအုပ် ၃၊ ဓါတ်ပုံ ၃၀၉၊
စာကြောင်း ၃၄ ) ဟုတွေ့ရဖူးသည်။ မြန်မာနိုင်ငံ၌ ယခုအခါ
ကရင်စကားပြောသူအရေအတွက်မှာ မြန်မာစကားပြောသူနှင့် စာလျှင်ဒုတိယလိုက်၏။
ကရင်မျိုးခွဲတွင် စကောနှင့်ပိုးတို့ကလွင်ပြင်များ၌နေ ကြ၏။
တောင်တန်းကရင်တွင်ဦးရေအများဆုံးကား “ တောင်သူ ” ဖြစ်၏။
ပအိုဝ်းအမည်ခံကာရှမ်းပြည်တောင်ပိုင်းနှင့် သထုံခရိုင်တွင်အများအ
ပြားနေကြသည်။ ၁၄* ” ဟူ၍ရေးသားထားလေသည်။
၁၉၃၅ ခုနှစ်၊
မြန်မာပြည်စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ၊ ၁၉၃၆ ခုနှစ်၊ မေလ ၆
ရက်နေ့စွဲပါဘုရင်ခံမင်းကြီး၏ကြေငြာချက်တွင် လူမျိုး ၁ မျိုးကို ကရင်လူမျိုး
(သို့မဟုတ်) တောင်သူလူမျိုးဟူ၍အက်ဥပဒေ၏ တတိယနှင့်
စတုတ္ထဇယားအလို့ငှားခွဲခြားဖော်ပြခဲ့သည်။
ဒေသအလိုက်ကွဲပြားခြားနားနေသောမျက်မှောက်ကရင်ဘာသာစကား၏မူရင်းကရင်ဘာသာစကားတိုးတက်လာပုံကို
ကော်နယ် တက္ကသိုလ် ( Cornal University ) မှ ရောဘတ်ဂီဂျုန်းက
သုတေသနပြုခဲ့သည်။ ရောဘတ်ဘီဂျုန်းက ကရင်ဘာသာစကားတိုးတက်လာပုံကို ကဏ္ဍဌာန်
(လည်ချောင်းအရပ်၌ဖြစ်သောအသံ) စာတမ်းတွင်အောက်ပါအတိုင်းဖော်ပြထားသည်။
ကရင်ဘ၀ဓလေ့စာအုပ်
စာမျက်နှာ ၂၂-၂၃ တွင် “ အထူးသဖြင့် ၁၉၃၅ ခုနှစ်၊
မြန်မာပြည်စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ ၁၉၃၆ ခုနှစ်၊ မေလ ၆
ရက်နေ့စွဲပါဘုရင်ခံမင်းကြီး၏ကြေညာချက်တွင်ကရင်လူမျိုး ၁၁ မျိုးတွင်
ပအိုဝ်းလူမျိုးကိုတောင်သူကရင်ဟုလည်းကောင်း၊ ၁၉၃၁ ခုနှစ်၊
မြန်မာပြည်လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာစာရင်းချုပ် ၁၇၊ စာရင်းအပိုဒ်
၂၊ စာမျက်နှာ ၂၄၄ တွင် ကရင်လူမျိုး ၁၇ မျိုး၌ လည်း
တောင်သူဟုလည်းကောင်းခွဲပြထားသည်ကိုတွေ့ရပေသည်။
ဦးမင်းနိုင်၏
တို့တိုင်းရင်းဘွားပြည်ထောင်စုသားစာအုပ်စာမျက်နှာ ၁၇ တွင် “တောင်သူ” ကို
အချို့က “ပအိုဝ်း” ဟူ၍ခေါ်ဆိုကြပေ သည်။
ရှမ်းပြည်တွင်တောင်သူနှင့်ပအိုဝ်းနှစ်ခုစလုံးပင်အများခေါ်ဝေါ်သုံးစွဲလျက်ရှိကြပေသည်။
ပအိုဝ်း (တောင်သူ) တို့သည် တောင်ပေါ် ကရင်အုပ်စုတွင်ပါဝင်ကြပေသည် ”
ဟုဖော်ပြထားလေသည်။
ပအိုဝ်းတို့သည်ကရင်အုပ်စုဝင်မျိုးကွဲတစ်ခုဖြစ်သည်နှင့်အညီများစွာသောဘာသာစကားတို့သည်
ဆင်တူသည်ကိုအောက်ပါဇယား တွင်လေ့လာနိုင်ပေသည်။ ဘာသာစကားတို့ဆင်တူနေသော်လည်း
ဓလေ့စရိုက်များမှာခြားနားကြပေသည်။ အချို့စကားလုံးများတူညီသော် လည်း
အချို့မှာဆက်စပ်၍မရအောင်ခြားနားကြလေသည်။
မြန်မာဘာသာ
|
ကရင်ဘာသာ
|
ပအိုဝ်းဘာသာ
|
သေးသေးငယ်ငယ်
|
ပီပီ
|
ပေပေ
|
ဝက်သား
|
ထော့ညာ၊ တို့ရာ
|
ထော့ရာ
|
မိန်းကလေး (အပျိုမ)
|
မူးနော်၊ မူးနန်း
|
မူနမ်
|
စားသည်
|
အော၊ အောင်း
|
အမ်
|
ရေ
|
ထီ
|
ထီ
|
ရေသောက်သည်
|
အော့ထီ
|
အွထီ၊ အောက်ထီ
|
အဖေ၊ အမေ
|
အပါး၊ အမိုး
|
ဖာ၊ မိုး
|
ပအိုဝ်းဝါကျ တည်ဆောက်ပုံလည်းကရင်နှင့်တူ၏။ မြန်မာနှင့်မူခြားနားသည်။ အောက်ပါပုံစံတွင် လေ့လာကြည့်ပါ။
ဘာသာ
|
ကတ္တားပုဒ်
|
ကြိယာပုဒ်
|
ကံပုဒ်
|
မြန်မာ
|
ကျွန်တော်သည်
|
စားသည်
|
ထမင်း
|
ကရင်
|
ယာ
|
အောင်း
|
မေ
|
ပအိုဝ်း
|
ခွေ
|
အမ်
|
ဒျဉ်
|
ရောဘတ်ဘီဂျုန်း၏
ဘာသာစကားသုတေသနပြုချက်ကိုကြည့်ပါကလည်း တောင်သူခေါ်
ပအိုဝ်းလူမျိုးသည်ကရင်လူမျိုးအုပ်စုတွင် ပါဝင်နေကြောင်းတွေ့ရပေသည်။
ကရင်လူမျိုးနှင့် ပအိုဝ်းလူမျိုးတို့သည် ရှေးကညီရင်းအစ်ကိုများဖြစ်ခဲ့ကြောင်းဖြင့်ပုံပြင်ရှိလေသည်။ ထိုပုံပြင်မှာ -
“
ရှေးကပအိုဝ်းနှင့်ကရင်လူမျိုးတို့သည် ညီရင်းအစ်ကိုများဖြစ်ကြပြီး
အတူတကွနေထိုင်စားသောက်ကြသည်။ ထို့ကြောင့်အမဲလိုက်
၍ရရှိသောအမဲသားငါးများကိုလည်းအညီအမျှဝေငှစားသောက်ခဲ့ကြသည်။
တစ်ခါသော်ပအိုဝ်းအမျိုးသားတောလိုက်ရာဆင်တစ်ကောင်ကိုရ၏။
ပအိုဝ်းအမျိုးသားကဆင်၏အသားကိုကရင်လူမျိုးတို့အား အညီအမျှဝေငှပေးလေသည်။
နောက်တစ်ရက်တွင် ကရင်လူမျိုးတို့က ဖြူကောင်ကိုရ၏။
ကရင်လူမျိုးတို့ကဖြူကောင်၏အသားကိုပအိုဝ်းလူ
မျိုးတို့အားအညီအမျှပင်ဝေငှပေးလေသည်။ သို့သော်ပအိုဝ်းလူမျိုးတို့က
ဖြူကောင်၏အမွေးကိုမြင်သွား၏။ ထိုအခါပအိုဝ်းလူမျိုးတို့က
ဖြူကောင်၏အမွေးကြီးလျှင်အကောင်လည်းကြီးလိမ့်မည်ဟုထင်၏။
ထို့ကြောင့်ဖြူကောင်၏အမွေးကြီးလျက်နှင့်ငါတို့အားဝေငှသောဖြူသား မှာ
နည်းလွန်းလှသည်။
ကရင်လူမျိုးတို့ငါတို့အပေါ်အကောက်ကြံရက်ပေသည်ဟုအထင်မှားသွား၏။ ထိုအချိန်မှစ၍
ပအိုဝ်းလူမျိုးတို့သည် ကရင်လူမျိုးတို့ထံမှခွဲထွက်သွားသောဟူ၏။”
ဤသို့ပအိုဝ်းလူမျီုးတို့ခွဲထွက်သွားသည်ကို အကြောင်းပြု၍
ကရင်လူမျိုးတို့ကပအိုဝ်းလူမျိုးတို့အား ကရင်ဘာသာဖြင့် “ တအော် သူ”
ဟုခေါ်ကြောင်းဖြင့်ပြောဆိုကြ၏။ “ တအော်သူ” ဟူသောကရင်စကားမှာဖြူးသားမစားသော
လူမျိုး၊ စိတ်နာခြင်း၊ အော့ခြင်း ဟုအဓိပ္ပာယ် ရ၏။ ကာလရွေ့လျားလာသောအခါ
တအော်သူမှတော်သူ၊ တော်သူမှ တောင်သူဖြစ်လာသည်ဟုဆိုလေသည်။ “ ကရင်ပြည်နယ်ရှိ
ကရင်လူ မျိုးများကလည်းပအိုဝ်းလူမျိုးတို့သည် တစ်ချိန်က
မိမိတို့၏ဆွေရင်းညီအစ်ကို ” ဟုယနေ့တိုင်အောင်ပြောဆိုနေကြပေသည်။
၁၉၂၁ ခုနှစ်၊
သန်းခေါင်စာရင်းအရ ပအိုဝ်းလူမျိုးကို ပိုးကရင်အုပ်စုတွင်
ထည့်သွင်းရေတွက်ခဲ့၏။ ပိုးကရင်အုပ်စု၊ မွန်ကရင်အုပ်စု၊
ပအိုဝ်းတောင်သူအုပ်စုနှင့် မိုပွာအစုဟူ၍ခွဲခြားထားလေသည်။
ကရင်ဘ၀ဓလေ့စာအုပ်တွင် ၁၉၃၅ ခုနှစ်၊ မြန်မာပြည်စီရင်အုပ်ချုပ်မှုဥပဒေအရ ၁၉၃၆
ခုနှစ်၊ မေလ ၆ ရက်နေ့စွဲဖြင့် ကြေညာသောဘုရင်ခံမင်းကြီး၏ ကရင်လူမျိုး ၁၀
မျိုးပြန်တမ်းတွင် ပအိုဝ်းတိုင်းရင်းသားများကို တောင်သူကရင်ဟူ၍
ထည့်သွင်းကြေညာခဲ့သည်။
ဝီလီယန်ဒန်းဟက်ကက်၏ (
William Dunn Hackett’s ) “ The Pa-O People of The Shan State
Union of Burma, A Socialogical and Ethnographic Study of The
Pa-O (Taungthu) People.” စာအုပ်တွင် “ ၁၉၀၁ ခုနှစ်မှ ၁၉၃၁ခုနှစ်အထိ
သန်းခေါင်စာရင်းအရ ပအိုဝ်းတို့သည် တတိယအကြီးဆုံး ကရင်လူမျိုးစုကြီးဖြစ်သည်။
အာဏာပိုင်များကပအိုဝ်းတို့ကို ပိုးကရင်နှင့်တစ်တန်း
တစ်စားတည်းထားသည်ကိုသဘောကျကြသည်။ ကရင်နှင့် ပတ်သက်သော
စာအုပ်တိုင်းတွင်တောင်သူ (ပအိုဝ်း) ကိုညွှန်းထားခြင်းများပါလေ့ ရှိသည်။
ပအိုဝ်းနှင့် ပတ်သက်သောယဉ်ကျေးမှုအထောက်အထားပစ္စည်းများမှာ အလွန်ရှားလှသည်။
ဘာသာစကားကိုလေ့လာလျှင် ပအိုဝ်း ဘာသာစကားသည်
ပိုးကရင်ဘာသာစကားဖြစ်သည်ဆိုသည်မှာ သံသယဖြစ်စရာပင်ဖြစ်သည် ”
ဟုရေးသားဖော်ပြထား၏။
၁၉၃၆ ခုနှစ်တိုင်အောင်
ပအိုဝ်းလူမျိုးသည်ကရင်လူမျိုးနွယ်စုတွင်ပါဝင်နေသေးသည်ကိုတွေ့ရ၏။
ပအိုဝ်းလူမျိုးစုကိုကရင်မျိုးနွယ်စု
တွင်ထည့်သွင်းပြီးကရင်လူမျိုးအခွင့်အရေးအတိုင်းခံစားခွင့်ပြုစေသည်။
ဥပမာ-လူမျိုးစုအမတ် တင်မြှောက်ရာတွင် ပအိုဝ်းလူမျိုးအမတ်ကို
ကရင်လူမျိုးအမတ်အဖြစ်အသိအမှတ်ပြုခဲ့သည်။ ၁၉၃၉ ခုနှစ်တစ်ဝိုက်တွင်
ကရင်လူမျိုးစုအမတ်ဖြစ်သော သထုံဦးလှဖေမှာ ပအိုဝ်းလူမျိုးဖြစ် ၏။
ဤသည်ကားအင်္ဂလိပ်အစိုးရ၏ ကောက်ကျစ်မှုပင်ဖြစ်လေသည်။
ပြည့်သူလွှတ်တော်
ပါလီမန်အမတ်ရွေးကောက်ပွဲအက်ဥပဒေနှင့်
နည်းဥပဒေများကိုရေးဆွဲသောအခါအားလုံးညီညွတ်မှုရှိစေရန်
ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော
ရွေးကောက်ပွဲဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့လေသည်။
ထိုဥပဒေအကြံပေးအဖွဲ့ဖွဲ့စည်း သော အစည်းအဝေးတွင် ကရင်ကောင်စီကိုယ်စားလှယ်
စောအောင်ပ ပအိုဝ်းနှင့်ကရင်နီတိုင်းရင်းသားကို ၁၉၃၅ ခုနှစ်၊
မြန်မာနိုင်ငံအက်ဥပ ဒေ အရ၊ ကရင်အုပ်စုတွင် ထည့်သွင်းထား၏။
ကရင်အမျိုးသားကိုယ်စားလှယ် ရွေးချယ်ရာတွင်လည်းပအိုဝ်းနှင့်
ကရင်နီတိုင်းရင်းသားများပါ ၀င်သင့်ကြောင်းတင်ပြခဲ့လေသည်။
သို့သော် ထိုအစည်းအဝေးတွင်
အဖွဲ့ဝင်ရွေးကောက်ပွဲမင်းကြီး ဦးကျော်က ၁၉၃၅
ခုနှစ်အက်ဥပဒေရည်ရွယ်ချက်များနှင့် လူမျိုးရေး သမိုင်းစဉ်ကိုပါ
တင်ပြဆွေးနွေးသွား၏။ မြန်မာ့သမိုင်းစဉ်အရ ပအိုဝ်းတောင်သူနှင့်
ကရင်နီလူမျိုးတို့ကို သီးခြားလူမျိုးအဖြစ် အိသအမှတ်ပြု ထားသဖြင့်
အခြေခံဥပဒေပုဒ်မ ၈၃ ၏ ရည်ရွယ်ချက်အတိုင်း ကရင်လူမျိုးစုတွင်
မထည့်သွင်းသင့်ကြောင်းဖြင့်ဆုံးဖြတ်ခဲ့သည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ
၁၊ စာမျက်နှာ ၉၄ တွင် “ ကရင်တို့တွင် တောင်ပေါ်ကရင်၊
ကွင်းကရင်ဟုနှစ်မျိုးခွဲခြားနိုင်သည်။ ကွင်းကရင် တို့တွင် စကော
(ငါးသိန်းကျော်)၊ ပိုး (ငါးသိန်းမျှ)၊ နှင့် ပအိုဝ်းခေါ် တောင်သူထက်ဝက်
(တစ်သိန်းမျှ) တို့ပါဝင်သည် ” ဟုရေးသားဖော်ပြ ထားပေသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ
၆၊ စာမျက်နှာ ၂၇၈ တွင်လည်း “ ပအိုဝ်းလူမျိုးတို့သည် ကရင်အနွယ်ဖြစ်သော
လူမျိုးတစ်မျိုးဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံးသည်
ထက်ဝက်စီခန့် ပါဝင်သည်။ သို့သော်မူလကတောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍
လည်း တောင်သူဟူ၍ခေါ်ဝေါ်ဟန်ရှိသည်။ ကရင်လူမျိုးတို့သည်
အမျိုးအလိုက်မိမိတို့ကိုယ်ကိုခေါ်ဝေါ်သောအမည်များရှိကြသည်။ ပုံစံအား ဖြင့်
ကရင်နီတို့သည် မိမိကိုယ်ကိုကယားဟုခေါ်ကြသည်။ ပအိုဝ်းဟူသောအမည်သည်လည်း
အမျိုးအလိုက်ခေါ်ဝေါ်သောအမည်ပင်ဖြစ် သည်။ ပအိုဝ်းတို့သည်
ကရင်မျိုးတို့တွင်လူဦးရေအားဖြင့် တတိယအများဆုံးဖြစ်သည် ” ဟုဖော်ပြထားသည်။
ဝီလီယန်ဒန်းဟက်ကတ်ကလည်း “
ပအိုဝ်းတိုင်းရင်းသားတို့ပြောဆိုသောစကားမှာ
ကရင်တိုင်းရင်းသားများပြောဆိုသောစကားနှင့် ဆက်သွယ်မှုရှိ၏။
လူမျိုးချင်းလည်းဆက်စပ်မှုရှိကာ၊ မြန်မာပြည်တွင်းသို့ အတူတူဆင်းသက်ခဲ့မည် ”
ဟုယူဆလေသည်။ ပညာရှင်အသီးသီး နှင့်စာအုပ်အသီးသီးတို့၏
ရေးသားဖော်ပြချက်ကိုကြည့်လျှင်ပအိုဝ်းနှင့်
ကရင်သည်မူလကလူတစ်မျိုးတည်းဟုဆိုဖွယ်ရာပင်ဖြစ်လေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင်
တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ်နေထိုင်လာခဲ့သည်မှာ အထင်အရှားဖြစ်၏။
ယခုထိတိုင်ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ၊
ဘာသာစကားသီးခြားစွာရှိနေပေသည်။
ပအိုဝ်း၊ ကရင်၊
မွန်လူမျိုးတို့သည် သုကဏ္ဏဘုမ္မိ သထုံနယ်တွင်
တစ်ဦးနှင့်တစ်ဦးအလွန်နီးကပ်စွာ အေးအတူပူအမျှ စည်းလုံးညီ ညွတ်စွာ
နေထိုင်ခဲ့ကြကြောင်း သမိုင်းအရသိရှိနိုင်ပေသည်။
ပအိုဝ်းတိုင်းရင်းသားစကားများနှင့် ကရင်တိုင်းရင်းသားစကားအချို့တူညီနေကြ
ခြင်းမှာလည်း အတူတကွနေထိုင်ကြရာမှ ကရင်စကားအချို့ကိုပအိုဝ်းတို့က
ကောက်ယူမွေးစားခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။
ပအိုဝ်းတိုင်းရင်းသား
စာဆိုတော်ဖြစ်သော ပင်စုံဆရာတော်က ပအိုဝ်းဘာသာဖြင့်သုဝဏ္ဏပကာသနီကျမ်းတွင်
ပအိုဝ်းတိုင်းရင်းသား တို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်
အခြေစိုက်ခဲ့သည်ဟုဖော်ပြရေးသားထား၏။
ဇမ္ဗူတံဆိပ်ကျမ်းကလည်း
မြန်မာ ၇ မျိုးထဲတွင် “ သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊
ပျူကမ်းယံရော၊ ထားဝယ်နှောက၊ မျိုးသတ္တ ” ဟု ဖော်ပြထား၏။
သုတေသနသရုပ်ပြအဘိဓာန် (စာမျက်နှာ ၄၆၆) တွင်
မြန်မာခုနှစ်မျိုးတွင်ပါဝင်ကြောင်းဖော်ပြထား၏။
ဦးဖိုးမြစ်၏
လောကဟိတရာသီကျမ်း (စာမျက်နှာ ၂၈၂) တွင် မြန်မာခုနှစ်မျိုးကို မြန်မာ၊ ပျူ၊
တောင်သူ၊ ကမ်းယံ၊ ယော၊ ရခိုင်၊ ထားဝယ် ဟုဖော်ပြထား၏။
ခင်မောင်ဖြူ (ယဉ်ကျေးမှု)
ကလည်း ရှေ့သို့စာစောင်တွင် ပအိုဝ်းတို့ကားတရုတ်ထိုင်းအနွယ်ဝင်များဟု
အကဲဖြတ်သတ်မှတ်ခဲ့ကြ သည်။ သတ်မှတ်ပုံမှာ (တရုတ်ထိုင်း သို့မဟုတ်
ထိုင်းတရုတ်) ယိုးဒယားနွယ်သော တရုတ်အုပ်စုတွင် (က) ကရင်အုပ်စုခွဲနှင့် (ခ)
ရှမ်းအုပ်စု ဟူ၍ကွဲပြားခဲ့သည်။ ကရင်အုပ်စုခွဲ၌စကော၊ ပကူ၊ ဘွဲ့၊ တောင်သူ
(ပအိုဝ်း)၊ ကရင်ဖြူ၊ ပိုး၊ ကယား (ကရင်နီ)၊ ပဒေါင်၊ ယင်းဘော်၊ ဇယိမ်၊ ဗရဲ၊
ယင်းတလဲ၊ ကဲခို၊ ကဲဗာ စသည့်လူမျိုးစုများပါဝင်ကြသည်။ ပအိုဝ်း (တောင်သူ)
တို့သည် ရှေးအခါကတည်းကပင် မြန်မာတို့နှင့် အဆက်အ သွယ်ရှိခဲ့ကြသည်။
ရှေးဟောင်း ပုဂံကျောက်စာတို့တွင် “ တောင်သူ ” ဟုဖော်ပြရေးထိုးခဲ့ကြသည်
ဟုဖော်ပြထား၏။
ပုဂံမြို့၊
မင်းနန်သူရွာရှိ လေးမျက်နှာဘုရား တံတိုင်းအတွင်းတွင် ကျောက်စာဂူရှိ၏။
ထိုကျောက်စာကို သက္ကရာဇ် ၅၈၅ ခုတွင်ရေးထိုး ခဲ့၏။ ထိုကျောက်စာဂူ
တောင်ဘက်ကျောက်တိုင်ကြီးအရှေ့မျက်နှာ၌ မင်းအနန္တသူကျောက်စာ (ခေါ်)
လေးမျက်နှာဘုရား ကျောက်စာရှိ၏။ ထိုကျောက်စာသည် မင်းအနန္တသူနှင့်
မိဖုရားတို့၏ ကုသိုလ်ကောင်းမှုကိုရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာဖြစ်၏။
ထိုကျောက်စာ တွင် ကျွန်များ၏စာရင်းကိုလည်းဖော်ပြထားရာ ကြောင်းရေ ၄၃ တွင် “
က္မအိုအိ (ပ) အိုဝ်အိုဝ်ထိန် ၁ ” ဟုဖော်ပြထား၏။ ထိုကျောက်စာမှာ သက္ကရာဇ် ၅၈၅
ခုနှစ်တွင်ရေးထိုးသော ကျောက်စာဖြစ်၏။ ကျွန်စာရင်းတွင် “ ပအိုဝ်အိုဝ်ထိန် ”
ဟုပါရှိသဖြင့် ပအိုဝ်းလူမျိုးကျွန်သည် အိုးလုပ် ငန်းကို လုပ်ရဟန်တူ၏။
ဤကျောက်စာတွင် ပအိုဝ်းလူမျိုးကို သက္ကရာဇ် ၅၈၅ ခုကတည်းကပင် တွေ့နေရသည်။
ထိုအချိန်ကပင် ပအိုဝ်းလူမျိုး ရှိနေပြီဟုသိနိုင်၏။
သက္ကရာဇ် ၆၃၈ ခုနှစ်၊
တန်ခူးလဆုတ် ၅ ရက် ( ၄ ဧပြီ၊ ၁၂၇၆) တွင်ရေးထိုးသည့်
ပုဂံအရှေ့ဖွားစောရွာဖေယပွတ်ဘုရားကျောက်စာ တွင် “ ငပြည့်ညီသား ငကတူး ၁၊
ငစကြော ၁၊ ငတောင်သူ ၁ ” ဟု ပါရှိလေသည်။ ကျောက်စာအရ ငပြည့်ညီသည်
မြန်မာလူမျိုးဖြစ်သည်။ ငပြည့်ညီ၏အိမ်တွင် မြန်မာ၊ ကတူး၊ ကရင်၊
တောင်သူလူမျိုးတို့တစ်အိမ်တည်း၌
စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြသည်ကိုတွေ့ရပေသည်။ အထက်ပါ အထောက်အထားများကို
ကြည့်လျှင်တောင်သူဟုခေါ်သော ပအိုဝ်းတိုင်းရင်းသားတို့သည် ပုဂံခေတ်ကပင် “
တောင်သူ ” ဟူ၍ လည်းကောင်း၊ “ ပအိုဝ်း ” ဟူ၍လည်းကောင်းအမည်ခံကာ
သီးခြားလူမျိုးအဖြစ်ရှိခဲ့ပြီး၊ အခြားတိုင်းရင်းသားများနှင့်
စည်းလုံးညီညွတ်စွာနေ ထိုင်ခဲ့ကြသည်ကို သိရတွေ့ရပေသည်။
ကျောင်းသုံး
ပဉ္စမတန်းမြန်မာနိုင်ငံသမိုင်း၊ စာမျက်နှာ ၅ တွင်လည်း ပုဂံခေတ်
မြန်မာနိုင်ငံကို ပျူ၊ မွန်၊ ပလောင်၊ ကရင်၊ တောင်သူ၊ သက်၊ ကဒူး၊ ကချင်၊
ချင်း၊ ရခိုင်၊ မြန်မာ၊ ရှမ်း စသောတိုင်းရင်းသားတစ်ရပ်လုံး
စည်းလုံးညီညွတ်စွာစုပေါင်းတည်ထောင်ခဲ့ကြသည်ဟု ဖော်ပြ ထားသည်။ ထို့ကြောင့်
တိုင်းရင်းသားပေါင်းစုံ ပုဂံပြည်ကိုတည်ထောင်ရာတွင် တောင်သူခေါ်
ပအိုဝ်းတိုင်းရင်းသားများလည်းပါဝင်ခဲ့ကြောင်း သိနိုင်၏။
ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့သည် ပုဂံခေတ်ကပင်
အခြားတိုင်းရင်းသားများနှင့်ရောနှောနေထိုင်ခဲ့သည်ဟုသိနိုင်ပေသည်။
ပုဂံကျောက်စာများတွင်လည်း “ တောင်သူ ” ဟုရေးထိုးထားသည်ကိုကြည့်ခြင်းဖြင့်
ပအိုဝ်း (တောင်သူ) လူမျိုးတို့သည် ပုဂံခေတ်ကပင်သီး
ခြားရှိခဲ့သည်ဟုဆိုနိုင်ပေသည်။
အထက်ပါ
အထောက်အထားများကိုကြည့်လျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် လွန်ခဲ့သာ
ရှေးနှစ်ပေါင်းများစွာကပင်သီးခြားတိုင်းရင်း
သားအဖြစ်ရှိခဲ့သည်ဟုဆိုနိုင်ပေသည်။ ထို့ကြောင့်တောင်သူခေါ်
ပအိုဝ်းတိုင်းရင်းသားတို့သည် ကရင်လူမျိုးနှင့် တစ်မျိုးတည်းမဟုတ်ပဲ
သီးခြားတိုင်းရင်းသားလူမျိုးတစ်မျိုးပင်ဖြစ်လေမည်ဟု ယူဆဖွယ်ရာဖြစ်ပေသည်။
0 comments:
Post a Comment