ဘယ်ဘာသာကိုပဲပဲဖြစ်ဖြစ် အဲဒီဘာသာတရားရဲ့ အဆုံးအမအတိုင်း
တကယ်လိုက်နာကျင့်သုံးတဲ့သူဟာ အစွန်းရောက်သမားတွေကလွဲပြီး
လိမ္မာယဉ်ကျေးကြပါတယ်. အဲဒီဘာာသာတရားကို လေးလေးစားစား လိုက်နာကျင့်သုံးသူဟာ
လူကောင်းတစ်ယောက်ဖြစ်ပြီး လူဆိုးလုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်တော်
အသေအချာပြောရဲပါတယ်။ ယုံလည်းယုံကြည်ပါတယ်။ ဒါပေမယ့်
အခုကျွန်တော်ပြောချင်တာက ဘာသာရေးထက် လူမျိုးရေးကို
ပိုဦးစားပေးပြောချင်ပါတယ်။ ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေဟာ
ဟိုးရှေးယခင် သမိုင်းစတင်ကတည်းက ဗုဒ္ဓဘာသာကို အသဲထဲအထိ နစ်နစ်ကာကာ
စွဲစွဲလန်းလန်း ယုံကြည်လာခဲ့ကြပါတယ်။
ဒီလိုဗုဒ္ဓဘာသာတစ်ခုတည်းကိုပဲ အတူတူယုံကြည်ကိုးကွယ်ခဲ့ကြတဲ့အတွက် ဘယ်ခေတ်အခါမှာပဲဖြစ်ဖြစ် ဘယ်ဒေသကိုပဲေ၇ာက်ရောက် စည်းစည်းလုံးလုံး ချစ်ချစ်ကြည်ကြည် တရင်းတနှီး အတူတကွ လက်တွဲနေထိုင်လာခဲ့ကြပါတယ်။ တနယ်တရွာက မသိကျွမ်းသေးတဲ့ ပအိုဝ်းအိမ်တွေကို သွားရောက်တည်းခိုနေမယ်ဆိုယင် ဆွေမျိုးလိုပဲ နွေးထွေးစွာပဲ လက်ခံကြိုဆိုကြ ပါတယ်။ ဥပမာပြရယင် ပအိုဝ်းရှင်ပြုပွဲဆိုယင် အရပ်လေးမျက်နှာက ဘယ်သူပဲလာလာ ကျွေးမွေးဧည့်ခံပါတယ်။ ပြီးတော့ ရွာလုံးကျွတ်လာပြီး အလှုပွဲကို လာကူညီပေးကြရ ပါတယ်။ ဒါဟာ ဘာသာတူညီမှုကြောင့် ဒီလိုချစ်ခင်မှုတွေ စည်းလုံးမှုတွေ ရရှိကြတယ်လို့ ကျွန်တော်မြင်ပါတယ်။
တကယ်လို့ ဘာသာမတူညီကြတော့ဘူးဆိုယင် ကျွန်တော်တို့ ပအိုဝ်းလူမျိုးတို့ရဲ့ ဒီလိုနစ်လိုဖွယ်ကောင်းတဲ့ ဂုဏ်အ၇ည်အသွေးတွေ ကွယ်ပျောက်သွားမှာ ကျွန်တော်စိုးရိမ်မိပါတယ်။ ဘာာဖြစ်လို့လဲဆိုယင် ဘာသာရေးမတူညီမှုကြောင့် ကမ္ဘာပေါ်မှာ ဘာသာရေ့းတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သမိုင်းအထောက်အထားတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီကနေ့ခေတ်တိုင်အောင်ပဲ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ဘာသာအခြေခံမတူညီကြလို့ ဖြစ်ပွားနေတဲ့ စစ်ပွဲများလို့ ကျွန်တော်ဆိုချင်ပါတယ်။ အီရန်နဲ့ အီရတ် စစ်ဖြစ်ခဲ့ကြတာလဲ ဘာသာရေးဂိုဏ်းကွဲမှုက အစပြုခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အီရတ်ပြည်တွင်းပဋိပက္ခ အခုအချိန်တိုင်အောင် မပြေငြိမ်းနိုင်သေးတာကလည်း ဘာသာရေးဂိုဏ်းကွဲများကြောင့် ဖြစ်ပါတယ်။
ကျွန်တော်အဓိကပြောချင်တာကတော့ လူမျိုးစုတစ်ခုအတွင်း ဘာသာရေးအမြင်မတူကြယင် ပဋိပက္ခဖြစ်ဖို့ အကြောင်းရင်းအခြေခံဖြစ်တယ် ဆိုတာပါပဲ။ ဝေးဝေးကြည့်စရာ မလိုပါဘူး။ ကျွန်တော်တို့ ပအိုဝ်းလူမျိုးထဲမှာပဲ အလံတရာသက်သတ်လွတ်ဝါဒကြောင့် စည်းလုံးရေး နည်းနည်းအက်ကြောင်းထပ်ချင်နေပါတယ်။ ဒါကြောင့် ဘာသာရေးအမြင်မတူညီကြခြင်းဟာ လူမျိုးရေးပဋိပက္ခဖြစ်ပေါ်ဖို့ အစပျိုးခြင်းဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ် ခင်ဗျာ။
ဒီအမြင်နဲ့ပတ်သက်ပြီး ကျွန်တော်က သူငယ်ချင်းကို အခုယုံကြည့်နေတဲ့ဘာသာကို စွန့်လွတ်ပေးဖို့ တောင်းဆိုတာ လုံးဝ မဟုတ်ပါဘူးခင်ဗျာ။ သူငယ်ချင်းရဲ့ ဘာသာတစ်ခုအပေါ် အခုလိုနစ်နစ်ကာကာ ယုံကြည်မှုမျိုးကို ကျွန်တော်လေးစားပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ပအိုဝ်းလူမျိုးတွေကို သူငယ်ချင်လိုမျိုး ကိုယ့်ဘာသာတရားကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်ပြီး နစ်နစ်ကာကာယုံကြည်ပြီး ဘာသာတရားရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးစေချင်တဲ့ဆန္ဒ ပြင်းပြင်းပြပြ ရှိနေခဲ့ပါတယ်။
အဲဒီသာသာတရားကလည်း ဗုဒ္ဓဘာသာပဲ ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပအိုဝ်းတွေဟာ ဗုဒ္ဓ္ဓဘာသာကို သမိုင်းဦးကတည်းက အစဉ်အလာကိုးကွယ်လာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီဗုဒ္ဓဘာသာဟာ ပအိုဝ်းတွေရဲ့ အသွေးထဲမှာ သမိုင်းစဉ်တလျောက် စီးဆင်းလာခဲ့အတွက် တခြားဘာသာတရားကို ကူးပြောင်းခိုင်းမယ်ဆိုယင် ကမောက်ကဖြစ်ကုန်ပါလိမ့်မယ်။ ကျွန်တော်စိုးရိမ်မိတာက သူငယ်ချင်းတို့လို ဘာသာမတူတဲ့ ပညာတတ်တွေက သူငယ်ချင်းတို့ဘာသာတရားထဲ စည်းရုံးဆွဲခေါ်သွားမှာကို အစိုးရိမ်ဆုံးပါပဲ။
ဒီနေရာမှာ ကျွန်တော်ကို အတ္တဆန်တယ်လို့ သူငယ်ချင်းမြင်လိမ့်မယ်။ သူငယ်ချင်းမှာလည်း ကိုယ်ယုံကြည်တဲ့ဘာသာ တရားကို ဟောပြောစည်းရုံးခွင့်၇ှိပါတယ်။ ဒါပေမယ့် သူငယ်ချင်း၇ယ်..ကျွန်တော်တောင်းပန်ချင်ပါတယ်။ သူငယ်ချင်းက ပအိုဝ်းလူမျိုးတွေကို တကယ်နစ်နစ်ကာကာ ချစ်တယ်ဆိုယင် ပအိုဝ်းလူမျိုးတွေ ဘာသာရေးကြောင့် သွေးစည်းမှု စည်းလုံးညီညွတ်မှု ပြိုကွဲသွားမှာကို တကယ်စိုးရိမ်တယ်ဆိုယင် သူငယ်ချင်းတိုရဲ့ ဘာသာကို ပအိုဝ်းလူမျိုးတွေ ယုံကြည်လာအောင် စည်းရုံးဟောပြောမှုမျိုးကို မလုပ်မိဖို့ ပအိုဝ်းသွေးသားချင်းမို့ မေတ္တာရပ်ခံချင်ပါတယ်။
သူငယ်ချင်းရဲ့ယခုလက်ရှိ ယုံကြည်မှုကို ကျွန်တော် မတားမြစ်ပါဘူး။ တားမြစ်ပိုင်ခွင့်လည်းမရှိပါဘူး။ ပအိုဝ်းလူမျိုးတွေအတွက် တိုးတက်မှုကို တကယ်လိုလားတယ် လုပ်ပေးချင်တယ်ဆိုယင် သူငယ်ချင်းတတ်ထားတဲ့ ပညာကို ဘာသာရေးဘက်မှာ အသုံးမချပဲ တခြားလူမှုရေး ပညာရေးလုပ်ငန်းတွေမှာ အသုံးချပြီး ပအိုဝ်းလူမျိုးဖွံဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးပါလို့ ကျွန်တော်ထပ်လောင်းပြီး မေတ္တာဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။ သူငယ်ချင်း ကိုယ်စိတ်နစ်ဖြာ ချမ်းသာပါစေ..
သွေးချင်းသားချင်း..ခွန်မေတ္တာ

0 comments:
Post a Comment