ပအိုဝ်းနှင့် မွန်
သုဝဏ္ဏဘူမိဒေသတွင်
ပအိုဝ်းတိုင်းရင်းသားတို့သည်
မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံနေထိုင်ခဲ့ကြသည်ဟုဆိုနိုင်သည်။
ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇ၀င်တွင် “ ဆာဂျွန်ဂျာဒင်း၏အလိုအရ
မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုး
တို့ကိုနှင်ထုတ်ရသည် ” ဟုဖော်ပြထားသည်။
ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ “ သုဝဏ္ဏပကာသနီကျမ်း ”
စာအုပ်တွင် မနုဟာမင်းသည် အရမည မင်း၏ သားတော်ဖြစ်၏။ အရမညမင်း၏ ခမည်းတော်မှာ
မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟု ”
ရေးသားဖော်ပြထားပေ သည်။
အထက်ပါအကြောင်းအရာများကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားနှင့်
မွန်တိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင် ချစ်ခင် ရင်းနှီးစွာ
ရောယှက်နေထိုင်ခဲ့ကြကြောင်းထင်ရှားပေသည်။ ယနေ့တိုင်အောင်ပင်
ပအိုဝ်းတိုင်းရင်းသားတို့သည်မွန်လူမျိုးတို့နှင့် မွန်ပြည်နယ်၊
ကရင်ပြည်နယ်ဒေသများတွင် အချင်းချင်းရင်းနှီးချစ်ကြည်စွာ
ဆက်ဆံနေထိုင်လျက်ရှိကြပေသည်။
အချို့သက်ကြီးရွယ်အို
ပအိုဝ်းတိုင်းရင်းသားများက တောင်သားလူမျိုးများသည်
ပအိုဝ်းတိုင်းရင်းသားအနွယ်ဟုယူဆပြောဆိုကြ သော်လည်း၊ တောင်သားတို့သည်
ပျူအနွယ်ဟုယူဆခြင်း၊ ပအိုဝ်းတို့နှင့် ဘာသာစကားတူညီမှုမရှိခြင်းတို့ကြောင့်
တောင်သားလူမျိုးသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ပေလိမ့်မည်။
ပအိုဝ်းတိုင်းရင်းသားပေါက်ဖွားလာပုံဒဏ္ဍာရီ
ပအိုဝ်းတိုင်းရင်းသားတို့သည်
မိမိကိုယ်ကို နဂါးအမျီုးအနွယ်မှပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ
နဂါးမဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ (၀ိဇ္ဇာ) ဟုယူဆကြသည်။
သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့်
နဂါးမှပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအားယနေ့တိုင် ပြောဆိုနေကြသေး၏။
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ -
သက္ကရာဇ် ၄၀၀ ခ
န့်လောက်တွင် သူဘိန္နမြို့၌ ခွန်တိဿမည်သော မင်းသည်မင်းပြု၏။ ထိုမင်း၏
မိဖုရားမှာ သီရိကပ္ပဟုတွင်၏။ မင်းနှင့် မိဖုရားတွင် တိဿဓမ္မနှင့်
ထဒထရာဇာဟုခေါ်သည့် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ
သူတော်ကောင်းစိတ်ဓါတ် များရှိကြ၏။ ထိုကြောင့် အရွယ်ရောက်လာသောအခါ
ခမည်းတော်မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာတောထွက်သွားကြ၏။
တစ်နေ့သောအခါ နဂါးမသည်
လူပြည်သို့ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲ၌လှည့်လည်နေထိုင်သည်။
ထိုသို့ တောထဲ တွင် လှည့်လည်နေထိုင်ရင်း တောဟေမ၀န်၏စိမ်းစိုသာယာမှုကြောင့်
ထိုတောထဲတွင် နေထိုင်လိုသောဆန္ဒပေါ်လာ၏။ မိန်းမဖန်ဆင်းပြီးတော ၌
လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ၊ (၀ိဇ္ဇာ) ဇော်ဂျီနှင့်
ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမမှန်း မသိချေ။
ထို့ကြောင့်နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင်
ပဋိသန္ဓေစွဲလာခဲ့သည်။ ကိုးလလွယ်၍ ဆယ်လသို့ရောက်သောအခါ နဂါးမသည်
ဥနှစ်လုံးကိုဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီစွာရှိပြီး
အလွန်လှပလေသည်။
ထိုသို့မိမိမိန်းမက
ဥနှစ်လုံးဖွားမြင်သည်ကို (၀ိဇ္ဇာ) ဇော်ဂျီကသိသောအခါ “ အလို ငါ့ အိမ်သူမသည်
လူသားစစ်စစ်မဟုတ်၊ မြွေမျိုး နဂါးမျိုးပါကလား ” ဟူ၍ညည်းညူလေ၏။
ထိုနောက်စိတ်ပျက်အားငယ်ပြီးထွက်ပြေးရန်ကြံစည်လေတော့သည်။
ထို့ကြောင့်နဂါးမကိုချိုသာ သော စကားပရိယာယ်ဖြင့်
ကလေးများအတွက်ဆေးရှာထွက်ခွင့်ပေးရန်ခွင့်တောင်းလေသည်။ မိမိ၏မိန်းမနဂါးမ
မျက်ကွယ်သို့ရောက်သော အခါ ကောင်းကင်ဆန်လျက်ပျံတက်သွားလေသည်။
သုံးလေးရက်ခန့်ကြာသောအခါ
နဂါးမသည် မိမိ၏လင်တော်မောင်ဝိဇ္ဇာဇော်ဂျီပြန်လာလေနိုးဖြင့်
လည်တဆန့်ဆန့်နှင့်မျှော်ကိုးနေခဲ့ ၏။
သို့သော်လင်တော်မောင်ဝိဇ္ဇာဇော်ဂျီပြန်မလာသဖြင့်
နဂါးမသည်ဤသို့ညည်းညူးပြန်လေသည်။ “ ငါ၏လင်တော်မောင်သည် ကလေး
များအတွက်ဆေးရှာထွက်ရာတွင် ဤမျှကြာမြင့်ရခြင်းမှာ
ငါသည်နဂါးမတိရစ္ဆာန်ဖြစ်ကြောင်းကို ငါ၏လင်တော်မောင်ဝိဇ္ဇာဇော်ဂျီသိသွားသော
ကြောင့် ဖြစ်လိမ့်မည်ဟုပြင်းစွာစိုးရိမ်ပူပန်လေ၏။
ထို့ကြောင့်မိမိလင်ကိုတွေ့လိမ့်လေနိုး၊ တွေ့လေနိုးဖြင့်တောအနှံ့
တောင်အနှံ့လှည့်လည် ရှာဖွေခဲ့၏။
သို့သော်မိမိလင်တော်ကိုအရိပ်အယောင်မျှပင်မတွေ့လေသဖြင့် လူမတန်
ကံချကာပြင်းစွာအော်ဟစ်ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သီးချာဖြစ်သည့်
လှပသောဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာသိမ်းဆည်းထားခဲ့ပြီး
မိမိ၏ဌာန နဂါးပြည်သို့ပြန်သွားလေ၏။
ထိုနောက်ရသေ့တစ်ပါးသည်
တောသို့ခရီးစကြာဖြန့်တော်မူရာတွင်
ဥမင်လိုဏ်ခေါင်းအတွင်း၌ဥနှစ်လုံးကိုတွေ့ရှိ၏။ ထိုဥနှစ်လုံး သည်
အလွန်လှပပြီး ထူးဆန်းအံသြဖွယ်ကောင်းလွန်းသဖြင့်
မိမိ၏ကျောင်းသို့ယူဆောင်ခဲ့လေသည်။ ရသေ့ညီအစ်ကိုနှစ်ပါးလည်းတိုင်ပင်ညှိ
နှိုင်းပြီး ထိုဥနှစ်လုံးကိုတစ်ပါးတစ်လုံးစီခွဲဝေယူကြ၏။ မကြာမြင့်မီပင်
ထိုဥနှစ်လုံးမှ လူသားနှစ်ဦးပေါက်ဖွားလာခဲ့သည်။ တစ်ဦးသည်ယောက်ျား
လေးဖြစ်ပြီး တစ်ဦးမှာမိန်းကလေးဖြစ်၏။ (အချို့ရာဇ၀င်များကနှစ်ဦးစလုံးပင်
ယောက်ျားလေးဖြစ်ပြီး တစ်ဦးမှာ ကျောက်ကပ်ရောဂါဖြစ်၍
သေကြောင်းဖြင့်ဆိုကြသည်ဟုဆို၏။) ဥမှ မိန်းကလေးရသောရသေ့သည်
မိမိနှင့်မအပ်မရာဖြစ်၍ ကရင်တို့အားပေးလိုက်သည်။ ယောက်ျား လေးရသောရသေ့သည်
အရွယ်ရောက်သည့်တိုင်ကျွေးမွေးပြုစု၏။ စောင့်ရှောက်၏။ ပညာလည်းသင်ပေး၏။
ဖခင်ဖြစ်သူ ၀ိဇ္ဇာဇော်ဂျီကလည်း မိမိ၏ ရင်သွေးသားလေးအား
ပညာများကူညီသင်ပြပေးလေသည်။ ထိုကလေးငယ်ကို ရသေ့က တီဿသီဟဟုအမည်ပေးလေသည်။
ကာလအတန်ကြာသောအခါ
ခွန်တိဿမင်းလည်းနတ်ရွာစံတော်မူ၏။ သားတော်နှစ်ပါးမှာလည်း ရသေ့ဖြစ်နေကြသဖြင့်
ထီးနန်းကို ဆက်လက်စိုးစံမည့်သူတစ်စုံတစ်ယောက်မျှမရှိချေ။ ထို့ကြောင့်
မှူးမတ်တို့လည်းစည်းဝေးတိုင်ပင်ကြပြီး ထိုရသေ့နှစ်ပါးကိုတိုင်းပြည်သို့
ပြန်ခေါ်ရန်ဆုံးဖြတ်ကြလေသည်။ မှူးမတ်တို့လည်း
တိုင်းသူပြည်သားအချို့နှင့်ရသေ့နှစ်ပါးကို တောအနှံ့ရှာဖွေကြရာ
တစ်ခုသောကျောင်း တွင်တွေ့သဖြင့်
ထိုရသေ့နှစ်ပါးအားတိုင်းပြည်သို့ပြန်ကြွတော်မူပြီးမင်းပြုပါမည့်အကြောင်းလျှောက်ထားတောင်းပန်ကြလေ၏။
မှူးမတ်တို့၏
စကားကိုကြားသော ရသေ့ညီနောင်နှစ်ပါးက ဤသို့ဆို၏။ “ ငါတို့သည်
တိုင်းပြည်အုပ်ချုပ်မင်းလုပ်လိုသောစိတ်ဆန္ဒ စိုးစဉ်းမျှမရှိပါ။
ကမ္မဌာန်းဘ၀၌သာမွေ့လျော်လိုပါသည်။ အကယ်၍ ဒကာတို့သဘောကျနှစ်သက်မည်ဆိုပါက
ငါတို့တွင် တိဿသီဟ ဟုခေါ်သောသားတော်ရှိ၏။ ထိုသားတော်ကို ဒကာတို့ခေါ်ဆောင်၍
မင်းအဖြစ်ဘိသိက်သွန်းကြကုန်လော့ ” ဟုမှူးမတ်တို့အားမိန့်ကြားလေ သည်။
ရသေ့၏စကားကိုကြားရသောအခါ
တိုင်းသူပြည်သားမှူးမတ်များလည်းအထူးနှစ်ခြိုက်သဘောကျပြီးမင်းအဖြစ်
ဘိသိက်ပေးမည်ဖြစ် ကြောင်းနှင့် ၀န်ခံကြကုန်၏။ ထိုနောက်မှူးမတ်တို့လည်း
မည်သည့်နေ့ရက်တွင် ဘိသိက်သွန်းမင်းမြှောက်သော်ကောင်းမည်ကို နေ့ကောင်း
ရက်မြတ်ရွေးချယ်ပြီးလျှင် တိဿသီဟမင်းသားကို ရထားပေါ်တွင်တင်၍ သုဘိန္နပြည်သို့
ပြန်ကြလေကုန်၏။
ရသေ့လည်း
တိုင်းသူပြည်သားမှူးမတ်တို့က မိမိ သားတော်ကိုခေါ်ပြန်သောအခါ “ ငါ၏သားတော်သည်
ဥာဏ်ပညာနည်းသေး၏ မင်းမဖြစ်လောက်သေး ” ဟူ၍စိုးရိမ်ပူပန်လေသည်။
လူမင်းဘုန်းကြီးက နတ်မင်းမနေသာဆိုသကဲ့သို့ ရသေ့ပူဆွေးသောကရောက်နေသည်
ကိုသိကြားမင်းကသိသောအခါ လူ့ပြည်သို့ဆင်းသက်ပြီး ရှင်ရသေ့အား “ အဘယ်ကြောင့်
ကျိန်းစက်ခြင်းမရှိဘဲ ဤသို့စိုးရိမ်ပူပန်နေအံ့နည်း” ဟုမေးလေ၏။
ထိုအခါရှင်ရသေ့က “ မှန်လှပါ ဘုရားတပည့်တော်သည် သားတော်ပညာမစုံသေးပါဘဲလျက်
မင်းပြုစေသဖြင့် သားတော်အ တွက်စိုးရိမ်ပူပန်ခြင်းဖြစ်ရပါသည်ဘုရား ” ဟု
လျှောက်ထားလေ၏။ သိကြားမင်းကလည်း “ စိုးရိမ်ပူပန်ခြင်းမဖြစ်လင့်
ငါသိကြားမင်း ကူညီ စောင့်ရှောက်ပေးပါမည် ” ဟုအာမခံမိန့်ကြားလေ၏။
သိကြားမင်း၏စကားကိုကြားရသောအခါ ရသေ့လည်းပျော်ရွှင်ခြင်းဖြစ်လေသည်။
မင်းပြုရမည့်နေ့ကောင်းရက်မြတ်သို့ ရောက်သောအခါ မှူးမတ်တို့က
တိုင်းသူပြည်သားများအားခရီးလမ်းပန်းပြုပြင်စေသည်။
လမ်းဘေးပတ်ဝန်းကျင်တွင်လည်း ငှက်ပျောပင်များရာဇမတ်များစိုက်ထူစေ၍
တန်ဆောင်းပြဿဒ်များကိုလည်းပြုလုပ်စေသည်။ တိဿသီဟ မင်းသားကိုလည်း
မင်းဝတ်တန်ဆာများဆက်သ၍ ဘိသိက်သွန်းမင်းမြှောက်ကြလေသည်။
တိဿသီဟမင်းသားလည်း
အတည်တကျမင်းပြုပြီးသောအခါ အရှေ့တောင်အရပ်တွင်ရှိသော ရွှေချောင်းနားတွင်
နန်းတော်ကို တည်တော်မူ၏။ ထိုအရပ်သည် အသက်ရှည်သောမင်းပြုရာဒေသဖြစ်ပြီး
တိုင်းပြည်လည်းအေးချမ်းငြိမ်သက်သော ဒေသဖြစ်လိမ့်မည်ဟုယူဆ လေသည်။
နဂါးမဥမှပေါက်ဖွားလာသော တိဿသီဟမင်းသားသည် ထိုအရပ်တွင်မင်းလောင်းတစ်ပါးအဖြစ်
အသိအမှတ်ပြုစိုးစံပြီး ထိုအရပ် ကိုလည်း သုဝဏ္ဏဘူမိ ရွှေထုံပြည်ဟုတွင်စေ၏။
တိုင်းသူပြည်သားများကလည်း တိဿသီဟမင်းသားဟူ၍ အသိအမှတ်ပြုကြလေသည်။ ရသေ့က
ကရင်လူမျိုးတို့အားပေးထားသော မိမိ၏နှမတော်ကိုလည်း “ နာဂ၀တီ ” ဟုအမည်တွင်စေ၍
မိဖုရားမြှောက်ကာဆက်လက်သိမ်း မြန်းစိုးစံလေသောဟူ၏။
တိဿသီဟမင်းမှအစပြု၍
အစဉ်အဆက်အုပ်ချုပ်မင်းလုပ်လာခဲ့ရာ မနူဟာမင်းလက်ထက်တိုင်အောင်ပင်ဖြစ်၏။
မနူဟာမင်းကား အရမညမင်း၏သားတော်ဖြစ်သည်။ အရမညမင်း၏ ခမည်းတော်မှာ
မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟုဆို၏။ အရမည မင်းသည်
သက်တော် ၈၂ နှစ်သို့ရောက်သောအခါ နတ်ရွာစံတော်မူ၏။
ဂေါတမမြတ်စွာဘုရားလက်ထပ်တွင် ပအိုဝ်းမင်းဆက် ၁၅၈ ဆက်ရှိ ရာ ဓမ္မမာလာမင်းမှာ
နောက်ဆုံးဖြစ်သည်ဟုဆိုလေသည်။ မနူဟာမင်းမတိုင်မီ ပအိုဝ်းမွန်ကပြားမင်းဆက် ၁၇
ဆက်မျှအုပ်ချုပ်ခဲ့ကြောင်းဆို၏။ ၎င်းတို့မှာ -
(၁) မောင်လှ (၉) ရာဇပမော
(၂) အသန္တုလ (၁၀) ရာဇခုပါ
(၃) အဿရာဇ (၁၁) သုတ္တဥပါ
(၄) တတ္တိရာဇ (၁၂) ဇေယရာဇ
(၅) ဂုသေနာ (၁၃) သုဒ္ဓိရာဇ
(၆) ရာဇစောကန် (၁၄) ဥပလရာဇ
(၇) ရာဇဇော်ဝေ (၁၅) မိမလရာဇ
(၈) ရာဇမစာတ (၁၆) ဒွါဒဿရာဇ
(၁၇) အရမညရာဇ တို့ဖြစ်ကြ၏။
ရှေးပဝေသဏီကပင်
ပအိုဝ်းတိုင်းရင်းသားတို့သည် ကိုယ့်မင်းဆက်နှင့်ကိုယ်
အသီးသီးအုပ်ချုပ်ခဲ့ကြသည်ဟုဆို၏။ ကကုသန်ဘုရား လက်ထပ်တွင် ၃၈၄ ဆက်၊
ကောဏဂုံဘုရားလက်ထပ်တွင် ၃၀၉ ဆက်၊ ကဿပမြတ်စွာဘုရားလက်ထက်တွင် ၁၈၇ ဆက်နှင့်
ဂေါတမ ဘုရားလက်ထက်တွင် ၁၅၈ ဆက် အသီးသီးအုပ်ချုပ်ခဲ့ကြသည်ဟုသိရ၏။
(ပအိုဝ်းဘာသာဖြင့်ရေးသားထားသော သုဝဏ္ဏပကာသနီကျမ်းမှ ကောက်နုတ်ပြန်ဆိုသည်။)
အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်း၏ သာသနာအစ
သထုံကသမိုင်းမှတ်တမ်းစာအုပ် (စာမျက်နှာ ၄၃) တွင် “ မြတ်စွာ ဘုရားသည်လည်း
ချစ်သားအာနန္ဒာ ယခုဘဒ္ဒကမ္ဘာ၌ ကကုသန်ဘုရားလက်ထက်တော်ကစ၍ သူရိနာဂမင်းကြီး၏
အဘကား နေမင်းသား၊ အမိကား နဂါးမ၊ အဘကား ၀ိဇ္ဇာဓိုရ်
ပအိုဝ်းတောင်သူလူမျိုးဖြစ်၏ ” ဟုရေးသားဖော်ပြထား၏။
ဦးသော်ဇင်၏ “
မြန်မာပြည်ရောက် ဗုဒ္ဓဘာသာ ” စာအုပ်စာမျက်နှာ ၄၃၉ တွင် ဂ၀ံပတိ
ရဟန္တာအကြောင်းပါ၏။ ဂ၀ံပတိရဟန္တာအ ကြောင်းတွင်လည်း
ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံ ဒဏ္ဍာရီနှင့်ဆင်သော အကြောင်းအရာကိုတွေ့ရ၏။
အလားတူပင် မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းပေါင်းချုပ်စာအုပ်တွင်လည်း
ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံဒဏ္ဍာရီနှင့်ဆင်သောအကြောင်းအရာကိုတွေ့ရ၏။
မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေးဗဟိုကော်မတီဌာနချုပ်မှ ထုတ်ဝေသည့်
ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံစံ (ရှမ်း)
စာအုပ်တွင် ပအိုဝ်းတိုင်းရင်းသားဆင်းသက်လာပုံ ဒဏ္ဍာရီကို ဤသို့ဖော်ပြထား၏။
“ ပအိုဝ်း (တောင်သူ) တို့၏
မူလဇာတိသည် မြန်မာနိုင်ငံတောင်ပိုင်းသထုံခရိုင်ဖြစ်၏။ ပအိုဝ်းတို့၏
ဒဏ္ဍာရီပုံပြင်အရဆိုသော် ပအိုဝ်း လူမျိုးများသည် နဂါးနှင့်
ဝိဇ္ဇာမျိုးမှဆင်းသက်ခဲ့သည်ဟုဆို၏။ မြတ်စွာဘုရားမပွင့်မီက
ယခုသထုံမြသပိတ်တောင်ခြေတွင် ရဟန္တာတို့သီတင်း သုံးလျက်ရှိကြသည်.
ထိုဒေသအနီးတွင်
ရေအိုင်ရှိရာ နဂါးတို့စံပျော်ကြသည်။ တစ်နေ့တွင် နဂါးမင်း၏သမီးတော်က
တောင်ခြေရှိရဟန္တာတို့ကိုဖူးမြော်လို ပါသည်။ လူ့ပြည်သို့ သွားခွင့်ပြုပါရန်
ခမည်းတော်နဂါးမင်းကြီးထံပန်ကြားလေသည်။ အစတွင် ခွင့်မပြုသော်လည်း
အတန်တန်ပူဆာသဖြင့် ခွင့်ပြုလိုက်လေသည်။
နဂါးမင်းသမီးသည်
လူယောင်ဆောင်၍ ရဟန္တာတို့အားဖူးမြော်ပြီး နဂါးပြည်ကိုပြန်မည့်ဆဲဆဲ
ဝိဇ္ဇာပျိုတစ်ဦးနှင့်တွေ့မိ၍ ၀ိဇ္ဇာပျိုနှင့် ချစ်ကြိုးသွယ်ရာ
ဥကြီးနှစ်လုံးကိုရခဲ့သည်။ ထိုဥကြီးနှစ်လုံးကို ရသေ့တစ်ပါးထံအပ်နှံပြီး
နဂါးမင်းသမီးသည် နဂါးပြည်သို့ပြန်လေသည်။
ရသေ့ကြီး
ကြည့်ရှုစောင့်ရှောက်ထားသော ဥကြီးနှစ်လုံးမှ
လူသားယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ဖွားမြင် လာကြသည်။
ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိတွင်
အုပ်စိုးသောမင်းဆက်ဖြစ်လာလေသည်။ ယင်းမင်း
ဆက်တို့မှပအိုဝ်းလူမျိုးဖြစ်ပေါ်လာခဲ့သည်။ ထိုမှတစ်ဖန်
အထက်ဖော်ပြပါရာဇ၀င်ကြောင့် ပအိုဝ်းတို့ရှမ်းပြည်ရောက်သွားကြသည်ဟုဆို သည်။
ပအိုဝ်းတို့သည် သထုံခရိုင်ကို “ သထုံကြီး ” ဟုခေါ်ပြီး
ရှမ်းပြည်တောင်ပိုင်းရှိ “ ဆီဆိုင် ” ကို “ သထုံကလေး ” ဟုခေါ်ကြသည်။ ယင်း
နေရာ နှစ်ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျက်ရှိနေကြသတဲ့။”
ပအိုဝ်းတိုင်းရင်းသား
ပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား၊ တကယ်လားဟူ၍စဉ်းစားစရာပင်ဖြစ်လေသည်။
ပအိုဝ်းတိုင်းရင်း သားပေါက်ဖွားလာပုံ ဒဏ္ဍာရီသည် မွန်ရာဇ၀င်နှင့်
စေတီတော်များသမိုင်းစာအုပ်မှ အဆိုနှင့်လည်းဆင်နေ၏။ ဦးသော်ဇင်၏
မြန်မာပြည်ရောက် ဗုဒ္ဓဘာသာစာအုပ်မှ ဂ၀ံပတိရဟန္တာအကြောင်းနှင့်လည်း ဆင်နေ၏။
မွန်တို့သည် တောင်သူခေါ် ပအိုဝ်းလူမျိုးတိုကထက်စော၍ နေထိုင်ဖွယ် ရာရှိသည်ဟု
သမိုင်းပညာရှင်များကဆိုသဖြင့် တောင်သူခေါ် ပအိုဝ်းလူမျိုးတို့သည်
မွန်တို့နှင့်ရောနှောနေထိုင်ရာမှ မွန်လူမျိုးတို့၏ ရာဇ၀င် ကိုများ
မှီးလေရော့သလားဟူ၍ တွေးတောဖွယ်ရာပင်ဖြစ်သည်။
ပအိုဝ်းဘာသာဖြင့် ရေးသားထားသော လက်သမားအုပ်၏ “ သထုံဘုရားသမိုင်းနှင့် ရန်ကုန်ဘုရားသမိုင်း ” စာအုပ်တွင် -
“ သုဝဏ္ဏဘူမ္မိ သထုံဒေသသည်
လူနေထူထပ်သောဒေသဖြစ်ခဲ့သည်။ ထိုအချိန်က သုဝဏ္ဏဘူမ္မိ
သထုံဒေသကိုအုပ်စိုးခဲ့သော သူရိယစန္ဒာမင်းသည်ဘုန်းတန်ခိုးအာဏာကြီးခဲ့သည်။
သူရိယစန္ဒာမင်းသည် ဆင်ဖြူတော် ၃၃ စီးကိုပိုင်ဆိုင်ခဲ့သည်။ သထုံတွင်
ပအိုဝ်းမင်း ဆက်ပေါင်း ၃၈၄ ဆက်အုပ်ချုပ်ခဲ့သည်။ ပအိုဝ်းတို့သည်
ဘိုးဘွားစဉ်ဆက်ကပင်သထုံဒေသကိုတည်ထောင်နေထိုင်ခဲ့ကြသည်။ ထိုကြောင့်
ပအိုဝ်းဘိုးဘွားတို့သည် သထုံဒေသမှ မခွာချင်ကြပေ။
ပအိုဝ်းတိုင်းရင်းသားတို့သည် ယနေ့တိုင်အောင်သထုံမြို့တွင်
နေထိုင်လျက်ရှိကြပေ သည်။ (ပအိုဝ်းဘာသာဖြင့် ရေးသားထားသော လက်သမားအုပ်၏ “
သထုံဘုရားသမိုင်းနှင့် ရန်ကုန်ဘုရားသမိုင်းစာအုပ်မှကောက်နုတ်ပြန်ဆို သည်။)
သို့သော် ပအိုဝ်းဘာသာဖြင့်
ရေးသားထားသော သထုံဘုရားသမိုင်းနှင့်ရန်ကုန်ဘုရားသမိုင်းအဆို၊
သောသုဝဏ္ဏပကာသနီကျမ်းအ ဆို၊ မွန်ရာဇ၀င်နှင့်စေတီတော်များသမိုင်းအဆို၊
မြန်မာပြည်ရောက်ဗုဒ္ဓဘာသာစာအုပ်အဆိုတို့မှာ
အနည်းငယ်လောက်သာကွဲပြားမှုရှိသည်ကို တွေ့နိုင်၏။ မည်သို့ပင်ဆိုစေကာမူ
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ဖခင်မှာဝိဇ္ဇာဓိုရ်၊ အမိမှာ နဂါးမဟူ၍
ဘေး၊ ဘိုး၊ ဘီ၊ ဘင် လက်ထက်မှစ၍ ယနေ့တိုင်ယုံကြည်နေကြပေသည်။
0 comments:
Post a Comment