ယမ်းရောစပ်ပုံဒုံးကို မည့်သည့်ယမ်းမျိုးဖြင့်မဆိုပြုလုပ်နိုင်၏။ ဒုံးပြုလုပ်ရန်အတွက်ယမ်းကို ဖါစောင်း (လွိုင်ကော်)၊ ရွာငံမှာ အများဆုံး ဝယ်ယူ ရရှိလေသည်။ ဒုံးပြုလုပ်ရန်အတွက် ယမ်းစိမ်းကို မီးသွေးဖြင့် ရောထောင်းရသည်။ မီးသွေးမှာ သရက်ပင်၊ ရေမဲပင်၊ ဇီးပင်၊ သစ်နီတို့ကို မီးရှို့၍ရသော မီးသွေးတို့ဖြင့်သာ ရော၍ရသည်။ သရက်သားမီးသွေးဖြင့် ယမ်းကို ထောင်းပြီးမီးရှို့ပါက အခိုးမဲ၏။ ယမ်းစိမ်းနှစ်ဆ၊ မီးသွေးတစ်စ ရောပါက ယမ်းနှစ်လေးဟု လည်းကောင်း၊ ယမ်းစိမ်းလေးစကို မီးသွေးမှုန့် တစ်စရောပါက၊ ယမ်းလေးလေးဟု လည်းကောင်း ခေါ်ကြသည်။ ယမ်းစိမ်းကိုးဆကို မီးသွေးမှုန့်တစ်စအထိ ရောစပ်ကြသည်။ ယမ်းစပ်သည်ကို ယမ်းဖြတ်သည်ဟု ခေါ်သည်။ ယမ်းဖြတ်(ယမ်းစပ်) မတတ်ပါက ဒုံးအကြီးသည် ဒုံးအသေးလောက်ပင် မသွားချေ။ ယမ်းစပ်ပုံ တူသော်လည်း လုပ်နည်းလုပ်ဟန် ကွာပါက ဒုံးအကြီးသည် ဒုံးအသေးလောက် မသွားချေ။
ဒုံးလုပ်ပုံအဆင့်ဆင့်
ဒုံးပြုလုပ်မည့် သံပြောင်းငယ်၏ ထိပ်ကို ပိတ်ထားရ၏။ ထိုထိပ်ပိတ်ကို ပအိုဝ်းတိုင်းရင်းသား တို့က ''ကတူ''ဟုခေါ်ကြ၏။ ထိပ်တွင် ရွှံ့ကောင်းကောင်းကိုနယ်ပြီး ထည့်လေ့ရှိ၏။ ýဤသို့ပြုလုပ်ပြီးပါက မီးသွေးမှုန့်ရောစပ်ထားသောယမ်းကို ဒုံးပြုလုပ်မည့် သံပြောင်းထဲသို့ ရိုက်သွင်းနိုင်ပြီဖြစ်သည်။ ယမ်းကို ရိုက်သွင်းရာတွင် ယမ်းကိုရေအနည်းငယ်ရော၍ ရိုက်သွင်းရ၏။ ရေမထည့်ပါက မီးလောင်တတ်လေသည်။ ယခုအခါ မော်တော်ကားဂျိတ်ဖြင့် ညှပ်၍ ရိုက်သွင်းကြ၏။ သံပြောင်းထဲသို့ ယမ်းရိုက်သွင်းရာတွင် ဒုံးပြုလုပ်သည့်ဆရာက ယမ်းကို အချိုးအစားအလိုက်ထည့်လေ၏။
ယမ်းထောင်းရာ ရိုက်သွင်းရာတွင် အချို့က လက်တွင် ပုတီးကိုကိုင်၍ ယမ်းတစ်ဇွန်းလျှင် ပုတီးစေ့မည်မျှ ကျလျှင်ရပြီဟု သတ်မှတ်ထားတတ် ကြ၏။ အချို့ကယမ်းစေးစေရန် ယမ်းကို ငှက်ပျောရည်၊ ထမင်းရည်တို့ဖြင့် ထည့်လေ့ရှိ၏။ ယမ်းရိုက်သွင်း သည့်အလုပ်ပြီးပါက နောက်ပိတ်ကို ''ဟမ်းဗော့'' ခေါ်မြေစေးဖြင့် ပိတ်ရ၏။ ထိုမြေစေးပေါ်တွင်သံပြား ပါးပါးကို ကပ်၍ပိတ်ရ၏။ ဒုံးအငယ်များမှာ သံပြားပိတ်ရန်မလိုချေ။ ဒုံးရိုက်သွင်းသည့် သံပြောင်းသည် (၃)ပေမှ၊(၇) ပေ၊ (၈)ပေအထိ အရွယ်အစားအမျိုးမျိုး ရိုက်သွင်းပြုလုပ်ကြသည်။
ယမ်းများကိုရိုက်သွင်းပြီးသောအခါ မြေစေးဖြင့်ပိတ်ထားသည့် နောက်ပိတ်မှနေ၍ ''အူကြောင်း'' ဟုခေါ်သည့် လမ်းကြောင်းကို သံချောင်းဖြင့် လိုအပ်သလို ထိပ်အထိ ခြစ်ဖောက်ပေးရသည်။ ¤င်းကို ပအိုဝ်းတို့က ''ခရဲမေ'' (မီးချဲ့သည်) ဟုခေါ်၏။ အူကြောင်းကို ဖောက်ရာတွင် အဝတွင်ကျယ်ပြီး ထိပ်သို့ တစ်ဖြည်းဖြည်းနှင့် ကျဉ်းသွား၏။ ဤသို့ အူကြောင်းကို ဖောက်ပေးရခြင်းမှာ မီးအလွယ်တကူ လောင်ကျွမ်း နိုင်ရေးအတွက် ''မေဆာ'' (မီးစာ)ခေါ် ''စနက်တံ'' ကိုထည့်ရန်ဖြစ်သည်။ အူကြောင်းကို ခြစ်ရာတွင် ထိပ်ကျဉ်းလေ ဒုံးပို ပြေးလေဖြစ်၏။ သို့သော်လည်း အူကြောင်းထိပ် ကျဉ်းလွန်းပါက မီးထွက်လမ်းကြောင်း ကျဉ်း၍ ဒုံးကွဲတတ်လေသည်။
''စနက်တံ'' ကိုရှမ်းစက္ကူတွင် ယမ်းမှုန့်ထည့်၍လိပ်ပြီး အဆစ်ဖောက်ထား သောကျူရိုး သို့မဟုတ် အဆစ်ဖောက်ထားသော ဝါးအတွင်းသို့ ထိုးထည့်ရသည်။ ''မေဆာ'' (မီးစာ) စနက်တံကို ဒုံးလွှတ်သည့်အခါမှသာ တပ်ဆင်ကြ၏။
ဒုံးကိစ္စပြီးလျှင် ဒုံးတက်သည့်အခါ ပဲ့သဘောအဖြစ် ဒုံးကိုထိန်းရန် အမြီးလို၏။ အမြီးကို ဝါးဖြင့် ပြုလုပ်ရသည်။ ထိုအမြီးကို ပအိုဝ်းတို့က''အတာ'' ဟုခေါ်၏။ ဒုံးအမြီးကို ဒုံးအလေးချိန်နှင့် ချိန်ဆရသည်။ ရှေးက ယမ်းပိဿာချိန် ၃ဝ၊၆ဝ ခန့်လေးသော ဒုံးကြီးများကို ပြုလုပ်ရာတွင် ဒုံး၏အလေးချိန် ညီမျှစေရန် အတွက် ဒုံး၏အမြီးပြုလုပ်မည့်ဝါးကို အဆစ်များ ဖောက်၍ သဲများလောင်းထည့်ရသည်ဟု မှတ်သားရသည်။
လွန်ခဲ့သောနှစ်ပေါင်း ၅ဝခန့်က ပအိုဝ်းတိုင်းရင်းသားတို့သည် ယမ်းပိဿာချိန် ၂ဝမှ ၃ဝခန့် ရှိသည့် ဒုံးများကို ပြုလုပ်ခဲ့ကြသည်။ ထိုဒုံးကြီးများသည် အရှည်သုံးလံခန့်ရှိ၏။ ယခုအခါ ပင်လောင်းဒေသ တွင် ယမ်းပိဿာချိန် ၁၅ မှ ၃ဝ ပိဿာအထိသာ ပြုလုပ်ကြတော့၏။ ထိုဒုံးတို့မှာ ခုနှစ်ပေ၊ ရှစ်ပေအထိ ရှည်လေသည်။ ဒုံးအတွင်းသို့ ယမ်းရိုက်သွင်းခြင်း၊ စနက်တံခေါ် မီးစာပြုလုပ်ခြင်း ပြီးသောအခါ ဒုံးကို နှီးဖြင့် ရစ်ပတ်ပြီး ဆေးသုတ်လိမ်း အလှခြယ်ကြသည်။ ပြိုင်ပွဲဝင်ဒုံးပြုလုပ်ရာတွင် အချို့က ယမ်းပိဿာချိန် ကန့်သတ်ထားပြီး အချို့က ကန့်သတ်မှုမထားပေ။
ယမ်းတစ်ဆင့်ပြီး တစ်ဆင့်လောင်သည့် ''ပစ်ဖရောင်'' ခေါ် ဒုံးတစ်မျိုးရှိသေး၏။ တစ်ဆင့်ပြီး တစ်ဆင့်လောင်သဖြင့် ''ပစ်ဖရောင်'' ဟုခေါ်သည်။ မြန်မာလို တစ်ဆင့်ပြီး တစ်ဆင့် လောင်သောဒုံးဟု ခေါ်ရမည်ဖြစ်၏။ ဤဒုံးမျိုးမှာ တစ်ဆင့်ပြီး တစ်ဆင့်လောင်ပြီး ပိုသွားသဖြင့် ယမ်းပိဿာချိန်များသည့် ဒုံးကြီးများထက်ပင် ပို၍ဝေးဝေးသွားလေသည်။
''မေဆဲ'' (မီးငယ်)ခေါ် ဒုံးအငယ်စားများလည်းရှိသေး၏။ ထိုဒုံးကလေးများမှာ လေးလက်မ၊ ငါးလက်မ အရွယ်လောက်ရှိ၏။ ထိုဒုံးသေးလေးများကို ပင်လောင်းမြို့နယ် '' လုံးရဲဉ် '' (ကျောက်တန်း) ဒေသတွင် ပြုလုပ်ကြ၏။ တစ်နှစ်လျှင် ဒုံးကလေး ထောင်ချီ၍ ကုန်လေသည်။ ဒုံးကလေးများကို ဒုံးကြီးများ လွှတ်သည့်အခါတွင် ရောင်းလေ့ရှိကြ၏။ တစ်လုံးလျှင် တစ်ကျပ် မှ သုံးကျပ် အထိ အရွယ်အစားကို လိုက်၍ ပေးရသည်။ဒုံးအသေးကလေးများကို ဒုံးလွှတ် ဝါသနာပါသူ ကလေးရော လူကြီးပါ ဝယ်ယူ၍ ရှို့လွှတ်ကြ သည်မှာ ပျော်စရာတစ်မျိုးပင် ဖြစ်တော့၏။
0 comments:
Post a Comment