နေ့ဆွမ်းကပ်ပြီးသည်နှင့် ဒုံးကို စေတီရှိရာသို့ယူဆောင်၍ အိုးစည်တီးကာ ညာသံ ပေး၍ ကကြ၏။ အချို့က သိုင်းကွက်များဖြင့် ကကြ၏။ ထိုးကွင်းထိုးထားသူ လူကြီးများက မိမိတို့ ထိုးကွင်းပေါ်အောင် ဘောင်းဘီကိုပင့်၍ ယဉ်ယဉ်ကျေးကျေး ကကြ၏။ လူကြီးရော လူငယ်အရွယ်များပါ ရော၍ကကြသည်မှာ မမောနိုင် မပန်းနိုင်အောင်ပင် ဖြစ်၏။ အမျိုးသမီးများပင် ကကြ၏။ အချို့ အမျိုးသမီးများမှာ အမျိုးသားများပျော်၍ ကကြသည်ကို ကြည့်ရှုအားပေးကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပသော ပွဲတော်များအနက် ဒုံးလွှတ်ပွဲ သည် ပအိုဝ်းတို့ အပျော်ဆုံး ပွဲတော်ဖြစ်၏။ စေတီတော်ကို သုံးကြိမ်လှည့်ပတ် ပူဇော်ပြီးသောအခါ ရှို့လွှတ်ရန်အတွက် ဖြောင့်အောင်လုပ်ထားသည့်ဝါးဖြင့် ဒုံးကို အမြီးတပ်ရ၏။ အမြီးတပ် ရာတွင် သွပ်ကြိုးဖြင့် တင်းအောင်ရစ်ပတ် ချည်နှောင်ရ၏။ တင်းအောင် မချည်နှောင်ပါက ဒုံးသည် သွားချင်ရာသို့သွားတတ်၏။ ထို့ကြောင့်တင်းအောင်၊ မြဲအောင်ချည်နှောင် ရလေသည်။
ဒုံးကို အမြီးတပ်ချည်နှောင်ပြီးသော အခါစေတီတစ်ပတ် ပြန်ပတ်ရသေး၏။ ထို့နောက် ဒုံးပစ်လွှတ်စင်သို့ မိမိတို့အဖွဲ့အလိုက် အိုးစည်ဗုံမောင်းတီးကာ ကခုန်၍ ဒုံးကို ထမ်းသွားကြလေသည်။ ဒုံးပစ်လွှတ်စင်ကို ပအိုဝ်းတို့က '' လုဖဲုင်ကဲန်း '' (မီးစင်) ဟုခေါ်၏။ ဒုံးပစ်လွှတ်သူသည် ချိန်ရွယ်ထားသော အရပ်မျက်နှာဘက်သို့ စနက်တံကိုတပ်ပြီး မီးရှို့ရသည်။ စနက်တံကိုမီးရှို့စဉ် အချို့ဒုံးဆရာသည် လေယာဉ်ပျံကိုယ်ထည် သတ္တုစကို သေးသေးလေးညှပ်၍ ထည့်ထားသဖြင့် အဝေးမှကြည့်လျှင် ဖွေးကနဲ မြင်နေရသည်။ မီးရှို့စဉ် ရှို့သူက မည်သည့်ရွာမှ ဒုံးဖြစ်ကြောင်း ခေါင်းပေါင်းကို ဝှေ့ယမ်းကာ ကြေညာပေးသည်။
စနက်တံမှ စလောင်ပြီး ယမ်းကို မီးကူးသည်နှင့် ယမ်း၏ တွန်းကန်မှုကြောင့် ဒုံးသည် ရုန်းကန် ထွက်ပြေးလေတော့၏။ အချို့မှာ ပြုလုပ်စဉ်က အချိုးအစား မမှန်သဖြင့် ပေါက်ကွဲတတ်လေသည်။ ဒုံးအတွင်းမှ ယမ်းကို မီးလောင်ရာတွင် ဒုံး၏ ထိပ်ပိုင်းမှ စလောင်၏။ ဒုံးသေးကလေးများမှာ အလယ်တွင် စလောင်ပြီး အောက်သို့ဆက်လောင်၏။ ထို့နောက် တဆင့်ပြီးတဆင့် အထက်သို့လောင်၏။ ဒုံးစလွှတ်သည့် အချိန်နှင့် ဒုံးတက်သွားသည့် အချိန်တွင် ခေါင်းပေါင်းကို ဝှေ့ယမ်း၍ ကကြသည်မှာ ပျော်စရာကောင်းလှ၏။
ဒုံး၏စနက်တံကိုရှို့သူသည် တစ်ခါတစ်ရံ ပေါက်ကွဲတတ်သဖြင့် အန္တရာယ်မဖြစ်စေရန် အတွက် ဒုံးလွှတ်စင်ပေါ်မှ အချိန်မှီ ပြန်ဆင်းနိုင်ရန် စီစဉ်ထားရ၏။ အချို့မှာ တစ်ကြိမ်ရှို့၍ မလောင်ပါက သုံးကြိမ်ထိ ရှို့ရသည်လည်းရှိ၏။ ရှေးက ဒုံးတို့သည် နေ့ဝက်ခရီးမျှအထိ သွားသည်ဟုကြားဖူးသည်။ ယခုခေတ်ကာလ ဒုံးများမှာသုံးမိုင်မှခြောက်မိုင်အထိသွားလေသည်။
0 comments:
Post a Comment